တံငါသည်သား ဆရာဝန်လောင်း

ဆရာဝန်အိပ်မက်မက်နေသည့် မောင်သန်းဝေ န၀မတန်းအရောက်တွင် ကျောင်းထွက်ရမည့် ကိန်းဆိုက်သည်။

တံငါသည်အလုပ်ဖြင့် ဇနီးနှင့် သားသမီးခြောက်ဦးကို ကျွေးမွေးစောင့် ရှောက်နေသည့် ၎င်း၏ ဖခင် အစာအိမ် ဝေဒနာကြောင့် ဝမ်းဗိုက်ခွဲစိတ်လိုက်ရ သည်။ ဖခင်ဖြစ်သူ အလုပ်မလုပ်နိုင်တော့ သဖြင့် ပညာထူးချွန်သော်လည်း ၎င်း၏ ပညာရေးခရီးလမ်းမှာ အဟန့်အတားဖြစ်ခဲ့ ရသည်။

“တစ်ရက်လုပ်မှ တစ်ရက်စားရ တာ။ အဖေ အလုပ်မလုပ်နိုင်တော့ ကျောင်းဆက်မတက်နိုင်ဘူး။ ရည်မှန်း ချက်တွေ ပျက်ပြီဆိုပြီး စိတ်ပျက်သွားတာ ပေါ့” ဟု မောင်သန်းဝေက ၎င်းဘ၀တွင် အခက်အခဲဆုံးအချိန်ကာလကို ပြောဆို သည်။ ကျောင်းဆက်မတက်နိုင်လျှင် လယ်လုပ်ငန်း သို့မဟုတ် တံငါလုပ်ငန်းကို လုပ်ကိုင်ရတော့မည်ဖြစ်သည်။

သို့သော်လည်း သူကံကောင်းခဲ့သည်။ ကယ်တင်မည့်သူတစ်ဦး ပေါ်လာခဲ့သည်။ မောင်သန်းဝေသည် မြောက်ဦးမြို့မှ စက်တပ်လှေဖြင့် သုံးနာရီခန့် မောင်းနှင်၍ သွားရသည့် ရဲဖျားကျေးရွာသား ဖြစ်သည်။ အလယ်တန်းအထိ ရွာကျောင်းတွင် တက်ခွင့်ရပြီး အဋ္ဌမတန်းမှာ အစိုးရစစ်ဖြစ် သဖြင့် ယင်းရွာအနီးက ပျားတဲကျေးရွာ စာစစ်ဌာနတွင် ဖြေဆိုရသည်။ ယင်း စာမေးပွဲတွင် သူ ပထမဆု ဆွတ်ခူးခဲ့သည်။
ပညာထူးချွန်သည့် မောင်သန်းဝေ ကို ပျားတွဲ တွဲဖက်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းအေး က ကျောင်းမထွက်စေလိုပေ။ ထို့ကြောင့် ကျောင်းဆက်တက်ရန် တိုက်တွန်းပြီး ဆရာမကြီးကလည်း ကူညီပံ့ပိုးပေးခဲ့သည်။

ပညာသင်စရိတ် မယူသည့်အပြင် မောင်သန်းဝေကို နေထိုင်ရေး၊ စားရေး သောက်ရေးအတွက် ပျားတဲကျေးရွာသား များထံ အကူအညီတောင်းခံပေးသဖြင့် နေစရိတ်၊ စားစရိတ်ပါ ငြိမ်းဖြင့် န၀မတန်း သင်ကြားခွင့်ရခဲ့သည်။
“ပျားတဲရွာသားတွေကပဲ ကျွန်တော့် ကို ထမင်းကျွေးထားတယ်” ဟု မောင်သန်းဝေက ပြောဆိုသည်။

ကျောင်းပြောင်းတော့မည့် ဆရာမ ကြီး ဒေါ်သန်းသန်းအေးသည်မောင်သန်းဝေ နှင့် ပတ်သက်၍ သောကရှိနေခဲ့သည်။ ပျားတဲကျောင်းတွင် တက္ကသိုလ်ဝင်တန်း ဆက်တက်လျှင် ထွန်းထွန်းပေါက်ပေါက် မဖြစ်နိုင်သဖြင့် နည်းလမ်းရှာခဲ့သည်။ ကံကောင်းသည်ဟု ထပ်ဆိုရပြန်မည်။ ကယ်တင်ရှင် ထပ်တွေ့ပြန်သည်။

ပရဟိတလုပ်ငန်းများ လုပ်ဆောင် နေသူ စစ်တွေမြို့ခံ လူငယ်စာရေးဆရာ ဝေဟင်အောင် (အမည်ရင်း အောင်ကျော်ဝင်း) ပျားတဲကျေးရွာသို့ စာပေဟောပြောရန်ရောက် ချလာသည်။ နည်းလမ်းရှာနေသည့်ကျောင်း အုပ်ကြီးက စာရေးဆရာဝေဟင်အောင်ထံ အကူအညီတောင်းခံခဲ့သည်။
မောင်သန်းဝေကို စစ်တွေမြို့သို့ ခေါ်ဆောင်၍ ပညာဆက်လက်သင်ကြား ခွင့်ရအောင် စီစဉ်ပေးရန်ဖြစ်သည်။
“မိဘ အရမ်းဆင်းရဲတယ်။ ကိုးတန်း တောင် မသင်နိုင်လို့ ခေါ်သင်ပေးထားရ တယ်။ ဆယ်တန်းဆိုရင် ပိုအခက်အခဲဖြစ် မယ်။ ကလေးကလိမ္မာတယ်။ ကြိုးစားချင် စိတ်လည်းရှိတယ်။ စစ်တွေကိုယူပြီးတော့ စာသင်ပေးပါဆိုပြီး အကူအညီတောင်း တယ်” ဟု ဝေဟင်အောင်က ပြန်ပြောင်း ပြောဆိုသည်။

ပရဟိတသမားဖြစ်သည့် ၎င်း အတွက်လည်း ငြင်းရန်ခက်နေခဲ့သည်။
“နဂိုကပင်လည်း ပရဟိတ လုပ်နေ တယ်။ ဆရာမကြီးကိုလည်း အားနာတဲ့ အတွက် တော်တာ မတော်တာမသိဘဲ ခေါ်လာလိုက်တယ်” ဟု ဝေဟင်အောင်က ပြောကြားသည်။

ယင်းနောက် ဆွေမျိုးတော်စပ်သူနှင့် ရင်းနှီးသည့် မိတ်ဆွေများ စုပေါင်းတည် ထောင်ထားသည့် စစ်တွေမြို့မှ မဟာပညာ ကျော် ကိုယ်ပိုင်အထက်တန်းကျောင်းကို အကူအညီ တောင်းခဲ့ရကြောင်း၊ ယင်း ကျောင်းက ပညာသင်စရိတ်နှင့် နေထိုင် စရိတ်ကို ဒါနပြုကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။


ကျောင်းစရိတ်၊ နေစရိတ် ငြိမ်းရုံဖြင့် အပူက မငြိမ်းသေး။ စားစရိတ်အလှူရှင် ထပ်ရှာရပြန်သည်။ ပရဟိတ လူငယ်များ (စစ်တွေ) အဖွဲ့ကို အကူအညီတောင်းရာ အကူအညီရကြောင်း ဝေဟင်အောင်က ဆိုသည်။

အခြားလိုအပ်သည့် အသုံးစရိတ် များကို ထောက်ပံ့ကာ သားတစ်ဦးသဖွယ် စောင့်ရှောက်ပေးမည့်သူလည်းရခဲ့ပြီး ၎င်း မှာမူ ခရီးအသွားများသဖြင့် အသုံးစရိတ် အနည်းငယ်နှင့် အဝတ်အထည်အချို့ကို သာ ထောက်ပံ့နိုင်ခဲ့ကြောင်း ၎င်းကဆိုသည်။
ကြိုးစားမှုနှင့် ကံတရား ပေါင်းစပ်မိ သောအခါ အကျိုးရလဒ်ကောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဆင်းရဲနွမ်းပါးမှုကြောင့် ပညာသင် ကြားရန် ရုန်းကန်ခဲ့ရသည့် မောင်သန်းဝေ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သိပ္ပံတွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သည်။

“ဆင်းရဲတဲ့ဘ၀က လာပေမယ့် သူ့ဘ၀က အခုတော့ ဖြောင့်ဖြူးနေပါပြီ” ဟု ဝေဟင်အောင်က မှတ်ချက်ပေးသည်။

ယင်းသို့ ထူးချွန်အောင်မြင်ရန် တစ်ရက်လျှင် လေးနာရီခန့်သာ အိပ်စက် အနားယူခဲ့ပြီး စာကြိုးစားခဲ့ကြောင်း မောင်သန်းဝေက ဆိုသည်။
မောင်သန်းဝေက ရုန်းကန်ခဲ့ရသည် ဆိုသော်လည်း ၎င်းထက် ကံဆိုးခဲ့သူများ လည်း ရှိသည်။

မူလတန်း၊ အလယ်တန်းတွင် သင်ရိုး စာအုပ်များ မဝယ်နိုင်သဖြင့် ကျောင်းသား ဟောင်းများထံမှ စာအုပ်တောင်းယူခဲ့ရပြီး ဗလာစာအုပ်နှင့် စာရေးကိရိယာများကို ကျေးရွာတွင် တာဝန်ကျသည့် ဆရာ၊ ဆရာမများက ကူညီကြကြောင်း မောင်သန်းဝေက ပြောဆိုသည်။

မောင်သန်းဝေသည် မိသားစုတွင် စတုတ္ထမြောက်သား ဖြစ်သည်။ ၎င်း၏ အစ်မသုံးဦးမှာ ၎င်းထက် ပညာရေးကံဆိုး သူများဖြစ်သည်။ အမြင့်ဆုံး တတိယတန်း အထိသာ တက်ခွင့်ရခဲ့ကြသည်။

ရခိုင်ပြည်နယ်ရှိ ကျေးလက်ဒေသ များတွင် ဆင်းရဲနွမ်းပါးသည့် မိသားစု များ အမျိုးသမီးများကို စာရေးတတ် ဖတ်တတ်သည်အထိ သင်ကြားပေးကြ သည်။ ပညာရေးတွင် အမျိုးသားများကို သာ ဦးစားပေးကြလေ့ရှိသည်။ မောင်သန်းဝေ ၏ အစ်မသုံးဦးမှာလည်း ယင်းသဘော အတိုင်း ဖြစ်ခဲ့သည်။

“အချိန်တန်ရင် လင်ရသွားမှာပဲ ဆိုပြီး ကျောင်းဆက်မထားဘူး” ဟု ၎င်းကပြောဆိုသည်။

၎င်း၏ ညီနှင့် ညီမဖြစ်သူတို့မှာ လက်ရှိ တွင် ပညာသင်ကြားခွင့်ရနေကြပြီး ၎င်းတို့ ကိုလည်း ဆုံးခန်းတိုင် ပညာသင်ကြားခွင့် ရစေလိုကြောင်း ၎င်းကဆိုသည်။

မောင်သန်းဝေတွင် ငယ်စဉ်ကပင် မက်ခဲ့သည့် အိပ်မက်တစ်ခုရှိသည်။ ဆရာဝန် အိပ်မက်ပင်ဖြစ်သည်။
ငယ်စဉ်ကပင် ဆရာဝန်ဖြစ်လိုသော် လည်း မိဘ ငွေကြေးမတတ်နိုင်သဖြင့် ဆယ်တန်းအထိပင် တက်နိုင်မည်ဟု မထင် ခဲ့ကြောင်း မောင်သန်းဝေက ပြောဆိုသည်။ နှစ်စဉ်ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ဂုဏ်ပြုထုတ်ဝေသည့် ရခိုင်ပြည်နယ် ပညာရေးပြက္ခဒိန်တွင် ဖော်ပြခံရသူများကို ကြည့်၍ အားကျခဲ့ဖူးကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်က ဆရာဝန် ဖြစ်ချင် တယ်။ ခွဲစိတ်ကို စိတ်ဝင်စားတယ်” ဟု ၎င်းက ပြောဆိုသည်။

ပညာရေးရှေ့ခရီးအတွက်လည်း အကူအညီ လိုသေးသည်။ မောင်သန်းဝေ ပညာရေးရှေ့ ခရီး ဆက်နိုင်ရန် ကူညီလိုသူအချို့ ကမ်းလှမ်း ထားသော်လည်း အနှောင်အဖွဲ့ ကင်းသည့် အလှူရှင်များကို လိုက်ရှာနေပြီး ၎င်း၏ ပညာရေးဆုံးခန်းတိုင် ထောက်ပံ့မည်ဟု လတ်တလောတွင် သံဃာတော်တစ်ပါးက နှုတ်ကတိပေးထားကြောင်း ဝေဟင်အောင် က ပြောဆိုသည်။

“အနှောင်အဖွဲ့မကင်းရင် ဖြစ်တန် သလောက် မဖြစ်တာရှိတဲ့အတွက် အနှောင် အဖွဲ့ကင်းတဲ့ အလှူမျိုးကို ချိတ်ဆက်နေ တယ်” ဟု ၎င်းကဆိုသည်။

မောင်သန်းဝေ အောင်မြင်မှုကို အားရကျေနပ်သဖြင့် ယခု ပညာသင်နှစ် တွင်လည်း ဆင်းရဲနွမ်းပါးပညာသင်လိုသူများကို ထပ်မံထောက်ပံ့ရန် ဇာမရီပညာ ရေး ဖောင်ဒေးရှင်းကို ၎င်းကဦးဆောင်၍ စိတ်ပါ ဝင်စားသူများနှင့် တည်ထောင်လိုက် ကြောင်း ဝေဟင်အောင်က ပြောဆိုသည်။

ယခုနှစ်တွင် ၁၀ ဦးခန့်ကို မောင်သန်းဝေကဲ့သို့ ထောက်ပံ့ကူညီမည် ဖြစ်ပြီး လာမည့်နှစ်များတွင် န၀မတန်းကို တိုးချဲ့မည်ဖြစ်ကာ ကျောင်းသားဦးရေကို လည်း တိုးမြှင့်ကူညီရန် စီစဉ်ထားကြောင်း၊ ယင်းဖောင်ဒေးရှင်းကို ရေရှည်လုပ်ဆောင် ရန် ဆုံးဖြတ်ထားကြောင်း ၎င်းကဆို သည်။

 

လူမျိုးတစ်မျိုးအတွက် ရေရှည် ရင်းနှီးမြှုပ်နှံလိုလျှင် ပညာရေးတွင် ရင်းနှီး မြှုပ်နှံရမည်ဟု ခံယူထားကြောင်း ၎င်းက ဆိုသည်။

“ပညာတော်ပေမယ့် မိဘက ဆင်းရဲလို့ ကိုးတန်း၊ ဆယ်တန်း စာမသင် ရဘဲ လက်ဖက်ရည်ဆိုင်တွေမှာ စားပွဲထိုး လုပ်နေကြတယ်။ အဲဒီလိုမျိုး ရခိုင်မှာ အများ ကြီးရှိတယ်” ဟု ဝေဟင်အောင်က ပြောဆိုသည်။

မောင်သန်းဝေဆရာဝန်ဖြစ်လိုသည့် အကြောင်းအရင်းက မည်သို့နည်း။
မြို့နှင့် အလှမ်းဝေးသည့်အပြင် ကျေးလက်ဒေသများတွင် ကျန်းမာရေး ဌာနများလည်း မရှိ၊ ငွေကြေးလည်း မတတ်နိုင်၍ မြို့ပေါ်သို့ သွားရောက်ဆေး မကုသနိုင်သဖြင့် မသေသင့်ဘဲ သေသွား သည်များကို ကြုံဖူးကြောင်း၊ ယင်း ကဲ့သို့ဒေသများတွင် အကူအညီပေးလို၍ ဆရာဝန်ဖြစ်လိုကြောင်း မောင်သန်းဝေက ပြောဆိုသည်။

မိမိရပ်ရွာ၊ မြို့နယ်၊ ရခိုင်ပြည်နယ်ကို အကျိုးပြုနိုင်သည့် ဆရာဝန်ကောင်းဖြစ်လို ကြောင်း၊ ပညာရေးထူးချွန်သော်လည်း ဆင်းရဲနွမ်းပါးသဖြင့် ပညာသင်ရန် အခက် အခဲ ရှိသူများကိုလည်း အနာဂတ်တွင် တတ်နိုင်သလောက် ကူညီရန် ရည်မှန်း ထားကြောင်း ၎င်းကဖွင့်ဟသည်။

လက်ရှိတွင် စစ်တွေ၌ ကွန်ပျူတာ နှင့် အင်္ဂလိပ်စာသင်တန်းများကိုတက် ရောက်နေကြောင်း ၎င်းကဆိုသည်။
ရမှတ် ၅၀၃ မှတ်ရသဖြင့် ၎င်းအိပ်မက် မက်နေသည့် ဆရာဝန်လောင်းအိပ်မက်ကို ဆက်မက်နိုင်သေးသည်။ သို့သော်လည်း ဆရာဝန်လောင်းဦးရေ အကန့်အသတ်ရှိ သဖြင့် ဆေးတက္ကသိုလ်တက်ခွင့် အရွေးမခံ ရလျှင် ပညာရေးတက္ကသိုလ် တက်မည်ဟု မောင်သန်းဝေက ပြောဆိုသည်။

ယင်းသို့တက်ပြီးပါက ပညာရေးနိမ့် ပါးသည့် ကျေးလက်ဒေသများတွင် ဆရာ အဖြစ် တာဝန်ထမ်းဆောင်လိုပြီး အနာဂတ် တွင် ပညာရေးဌာန၏ အကြီးအကဲဖြစ် အောင် ကြိုးပမ်းသွားမည်ဟု ၎င်းက ဆိုသည်။

တံငါသည်သားဖြစ်သော်လည်း ဘာသာစုံဂုဏ်ထူးရှင် ဖြစ်လာအောင် ကြိုးစားနိုင်ခဲ့သူ၊ ဆရာဝန်အိပ်မက်ကို လက်တွေ့အကောင်အထည်ရန် ကြိုးပမ်း နေသည့် မောင်သန်းဝေက အနာဂတ် ရည်မှန်းချက်နှင့် ပတ်သက်၍ အောက်ပါ အတိုင်း ပြောဆိုလိုက်သည်။

“ကျေးလက် တိုက်နယ်ဆေးရုံ တွေမှာ ဆရာဝန်အဖြစ်နဲ့ နေချင်တယ်။ အဲဒီဒေသက လူတွေက ကျန်းမာရေး မကောင်းရင် မြို့သွားပြီး ဆေးကုဖို့ဆိုတာ လွယ်တာ မဟုတ်ဘူး”

 

အောင်မြင့်ထွန်း

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *