မိုးကြီးမှုကြောင့် မြစ်ငယ်၊ ချောင်းငယ်များ ရုတ်တရက် ရေကြီး၊ ရေလျှံနိုင်

မိုးကြီးမှုကြောင့် မြစ်ငယ်၊ ချောင်းငယ်များ ရုတ်တရက် ရေကြီး၊ ရေလျှံနိုင်
ရန်ကုန်၊ ဇွန် ၂၃
မုတ်သုံလေအားကောင်းနေမှုကြောင့် လာမည့်ရက်ပိုင်းအတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးကြီးနေမည်ဖြစ်ပြီး တိုင်းဒေသကြီးအချို့ရှိ မြစ်ငယ်၊ ချောင်းငယ်များ ရုတ်တရက်ရေကြီး၊ ရေလျှံနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
မိုးရွာသွန်းမှုများနေခြင်းကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသ ကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတွင် မိုးရေချိန် အနည်းတက်လာမည်ဖြစ် ကြောင်း ၎င်းက ဆက်လက်ပြောကြား သည်။
“မြစ်ကြီးတွေမှာ စိုးရိမ်ရေမှတ် မရောက်သေးဘူး၊ တော်တော်လိုသေးတယ်။ ငါးသိုင်းချောင်းမှာ ရေနည်းနည်း တက်နေတယ်။ လက်ရှိမိုးရွာပုံနဲ့ စစ်ကိုင်း ဘက်က တချို့မြစ်ငယ် ချောင်းငယ်များမှာ ရုတ်တရက်ရေကြီးနိုင်တယ်” ဟု မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်မိုးဦးက ဆိုသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်၊ နေပြည်တော်နှင့် ချင်းပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာ ၀တီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည် နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာသွန်းမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ထားသည်။
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ၌ မိုးသက်လေပြင်းများ ကျရောက်နိုင်ကာ လှိုင်းအသင့်အတင့်မှ လှိုင်းကြီး နိုင်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်နှင့် မြေပြင်လေသည် တစ်နာရီလျှင် ၃၅ မိုင် အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာရခိုင်ကမ်းရိုးတန်း တစ်လျှောက်တွင် ခြောက်ပေ မှ ရှစ်ပေခန့်၊ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်တွင် ခုနစ်ပေမှ ၁၀ ပေခန့် တက်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *