လျှာနှစ်ခွ ကုန်သွယ်ရေးမူဝါဒကြားမှ မူဆယ်

ရဲနိုင်ဦး

 

မြန်မာသည် ကမ္ဘာ့လူဦးရေအများဆုံးနိုင်ငံဖြစ်သော တရုတ်နှင့် အိန္ဒိယကြားတွင် ရောက်နေသောကြောင့် ဈေးကွက်အခွင့်အလမ်းရှိသည်ဟုဆိုကြသော်လည်း တကယ်တမ်းမူ ထိုအခွင့်အလမ်းကို လှမ်းမဆုပ်ကိုင်နိုင်သေးချေ။

ဆန်ဝယ်လိုအားကြီးမားသည့်ယူနန် ပြည်နယ်နှင့်ထိစပ်နေသည့်မူဆယ် နယ်စပ်သည်လည်း ထို့အတူပင်။ ဆန်လိုအပ်ချက်ကိုဖြည့်တင်းပေးနိုင်သော်လည်း တရုတ်က လွယ်လွယ်နှင့်လက်မခံ။ ဤမျှမက မူဆယ်နယ်စပ်ရှိ မြန်မာကုန်သည်များ၏ဘဏ်စာရင်းများကို တရုတ်အာဏာပိုင်များက ပိတ်ပစ်လိုက်ပြန်သည်။
ထို့ကြောင့် မြန်မာတို့ အခက်ကြုံရသည်။ ယခုကိစ္စတွင် မူဆယ်ကုန်သည်များအတွက် ဖြေဆေးကားအဘယ်နည်း။

ဆန်မှောင်ခိုဂိုဏ်းများဂယက်

တရုတ်နိုင်ငံတွင် ယခုဇွန်လအတွင်း ဆန်မှောင်ခိုဂိုဏ်းများကိုဖြိုခွဲခဲ့သည်။ ဆန်မှောင်ခိုဂိုဏ်းများသည် မြန်မာနိုင်ငံနှင့်ဗီယက်နမ်နိုင်ငံတို့မှ ဆန်များကို တရုတ် နိုင်ငံယူနန်ပြည်နယ်နှင့် ကွမ်စီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှတစ်ဆင့် ဆန်တန်ချိန်သုံးသိန်းမှောင်ခိုတင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဆန်မှောင်ခိုဂိုဏ်းများကိုဖြိုခွင်းမှုတွင် ရဲအရာရှိ၄၀၀ကျော်အသုံးပြုခဲ့ပြီး တရားခံ၃၉ဦးကိုဖမ်းဆီးရမိခဲ့ကြောင်း ဆင်ဟွာသတင်းဌာနက ဖော်ပြ ခဲ့သည်။အဆိုပါဆန်မှောင်ခိုမှုသည် ကာလပေါက်ဈေး အမေရိကန်ဒေါ်လာသန်း၁၈၀ကျော်မည်ဟု ဆင်ဟွာကဆိုသည်။

ဆန်မှောင်ခိုဂိုဏ်းများကိုဖြိုခွင်းပြီးနောက် ဇွန်လ၁၅ရက်တွင် မူဆယ်ရှိ မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများကို ပိတ်ပစ်လိုက်သည်။
ကုန်သည်များအဆိုအရ ဘဏ်စာရင်းတစ်ထောင်ခန့်အပိတ်ခံလိုက်ရသည်။ အခြားသော မူဆယ်သတင်းအရင်းအမြစ်များကလည်း အနည်းဆုံးဘဏ် စာရင်း၂၀၀ခန့်ရှိသည်ဟု ဆိုသည်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဒုတိယဥက္ကဋ္ဌဒေါက်တာစိုးထွန်းကမူ မြန်မာကုန်သည်များ၏ ငွေကြေးကျပ်၄၀၀ဘီလီယံခန့် ထိန်းချုပ်ခံလိုက်ရသည်ဟု ခန့်မှန်းသည်။

ဆန်၊သကြား၊ပဲ၊ ပြောင်း၊နှမ်းကုန်သည်များသာမက အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနှင့် ကုန်မာပစ္စည်းရောင်းသူများ၏ ဘဏ်စာရင်းများလည်း ပိတ်သည့်အထဲပါဝင်သွားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှလက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကမူ မြန်မာကုန်သည်များ၏ ဘဏ်စာရင်း ၁၃၂ခု အပိတ်ခံရသည်ဟု ဇွန်လ၂၁ရက်နေ့တွင် The Voice သို့အတည်ပြုသည်။

ဘဏ်စာရင်းအပိတ်ခံရသူများတွင် မူးယစ်ဆေးဝါးနှင့်လက်နက်ခဲယမ်းကုန်ကူးသူများ၏ ဘဏ်စာရင်းလည်းပါဝင်သည်ဟု မူဆယ်ကုန်သည်အသိုင်းအဝန်း ကဆိုသည်။ဤအချက်က တရုတ်တို့အသံကောင်းလွှင့်ရန်အကွက်ဆင်ခြင်းလည်းဖြစ်နိုင်သည်ဟု ကုန်သည်တို့က သံသယရှိကြသည်။

ဇာစ်မြစ်

ယူနန်ပြည်နယ်သည် ကုန်းတွင်းပိတ်ဖြစ်သည်။ပြည်မကြီးနှင့်ဝေး၍တရုတ် ပြည်တွင်းမှဆန်ကိုဝယ်ယူလျှင်ပင် မြန်မာ၊ထိုင်းနှင့်ဗီယက်နမ်မှသွင်းသည်ထက် ပိုဈေးကြီးသည်။လူဦးရေများ၍ ဆန်လိုအပ်ချက် ကြီးမားသည်။ဒေသထွက်ဆန် များနှင့်မလုံလောက်ပေ။ ထို့ကြောင့်ဝယ်လိုအားရှိသည့်ယူနန်သို့ မြန်မာ၊ဗီယက်နမ်နှင့်ထိုင်းတို့က တင်ပို့ကြသည်။ တရုတ်တွင်ဆန်တင်သွင်းမှုက တရားမဝင်။တရုတ်နိုင်ငံတွင်းရှိ လယ်သမားများကို ကာကွယ်ထားသော ကိုယ်ကျိုးစီးပွားမူဝါဒအရနယ်စပ်မှ တရားဝင်တင်သွင်းခွင့်မပြု။ထို့ကြောင့်မြန်မာက ဆန်တင်ပို့မှု သည် တရုတ်အတွက်မှောင်ခိုဖြစ်သည်။မြန်မာဘက်ကမူ တရုတ်သို့ပို့ခြင်းသည် တရားဝင်ဖြစ်သည်။ဆန်ကုန်သည်များက နိုင်ငံတော်ကို အခွန်ဆောင်ရသည်။ မူဆယ်မြို့တွင်၁၀၅မိုင်ကုန်သွယ် ရေးစခန်းရှိသည်။မူဆယ်မြို့သည် ယူနန် ပြည်နယ်၊ရွှေလီခရိုင်ကြယ်ဂေါင်မြို့နှင့်ရွှေလီမြစ်တစ်စင်းသာခြားထားပြီး နယ်နိမိတ်ချင်းထိစပ်နေသည်။

မူဆယ်၁၀၅မိုင် ကုန်သွယ်ရေး စခန်းသည် မြန်မာ၏အကြီးဆုံးကုန်သွယ်ရေးစခန်းဖြစ်သည်။လယ်ယာထွက်ကုန်မျိုးစုံ မူဆယ်မှတစ်ဆင့် တရုတ်သို့ပို့သည်။ပြည်ပပို့မြန်မာ့ဆန်၏ ၆၀ရာခိုင်နှုန်းခန့်ကို အဆိုပါနယ်စပ်မှ တင်ပို့သည်။ ဘိလပ်မြေ၊ဓာတ်မြေဩဇာနှင့်လျှပ်စစ်ပစ္စည်းမျိုးစုံကို တရုတ်ဘက်မှပြန်လည်တင်သွင်းသည်။

တရုတ်ကုန်သည်များသည် မူဆယ်ဘက်ရှိ ဆန်ကို လာရောက်ဝယ်ယူကြသည်။ထိုနောက်တွင်ဇက်ကဲ့သို့ဖောင်ကြီး များဖြင့် ရွှေလီမြစ်ကိုဖြတ်၍ တစ်ဖက်ကမ်းသို့ကူးကြသည်။ ထို့နောက်တွင် ကြယ်ဂေါင် သို့ရောက်သည်။ထိုမှတစ်ဆင့်ယူနန်ထဲသို့ခရီးဆက်ကြသည်။ တရုတ်ကုန်သည်များက မူဆယ်ရှိ ဆန်ကို ကုန်သည်ချင်းယုံကြည်မှုဖြင့် အကြွေးဝယ်သွားသည်။ပုံမှန်အားဖြင့် ယူသွားသည့်ကုန်စည်အတွက် ငွေကြေးကို ရွှေလီရှိ ABC ဟုကုန်သည်များအလွယ် ခေါ်ကြသည့် (Agriculture Bank of China- ABC) ဘဏ်မှတစ်ဆင့်လွှဲပေးသည်။

မူဆယ်သည် တရုတ်တို့နှင့် အရောင်း အဝယ်လုပ်ရာ ဈေးကွက်ဖြစ်သောကြောင့် တရုတ်ယွမ်ငွေကို အသုံးပြုသည်။ ABCဘဏ်သည် မြန်မာကုန်သည်အများစု ငွေကြေးအပ်နှံထားသည့်ဘဏ်ဖြစ်သည်။ ကုန်ရောင်းကုန်ဝယ်လုပ်လျှင်အသုံးပြုကြ သည်။ငွေအပ်သည်၊ငွေစုသည်၊ဘဏ် ဖြင့် ငွေလွှဲသည်။

ယူနန်တွင်အဖမ်းခံရသည့်အခါမျိုးတွင် ဆန်ဖိုးအကြွေးကို မြန်မာကုန်သည်သို့ မပေးနိုင်။ ထိုအခါတွင်မူဆယ် မြန်မာ ဆန်ကုန်သည်များ ငိုချင်းချရတော့သည်။တရုတ်တွင်အဖမ်းကြမ်းလျှင်မူ ဆယ်ဆန်ကုန်သည်များ ဘုရားတကြသည်။ပြီးခဲ့သည့်ရက်ပိုင်းကမူ အဆိုပါ ဘဏ်ရှိမြန်မာကုန်သည်များ၏ဘဏ်စာရင်း များကိုပါတရုတ်အာဏာပိုင်များက ထိန်းသိမ်းထားလိုက်သည်။

“လောလောဆယ်တော့ ကျပ် ဘီလီယံ၄၀၀လောက်ဖြစ်နိုင်တယ်။အခု ပိတ်ခံရတာက ပမာဏများတာကိုး” ဟုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဒုတိယ ဥက္ကဋ္ဌဒေါက်တာစိုးထွန်းကဆိုသည်။
ပိတ်ရသည့်အကြောင်းရင်းကို ဒေသခံများက ဘဏ်သို့သွားမေးရာ ရဲက ပိတ်ခိုင်း၍ ပိတ်ရခြင်းဖြစ်သည်ဟုဘဏ် တာဝန်ရှိသူများ၏ ပြောကြားချက်ကိုဒေသခံများကပြန်လည်ပြောပြသည်။
“သူ့အကြောင်းပြချက်က မှောင်ခိုနှိမ်နင်းရေး တစ်စိတ်တစ်ပိုင်း၊မှောင်ခိုနဲ့ ပတ်သက်ပြီးဝင်လာတဲ့ငွေမည်းကိစ္စနဲ့သူ လုပ်တယ်ပြောတာ။သူတို့ Target ထားတဲ့အကောင့်နဲ့ ဆက်သွယ်တဲ့ တခြားမဆိုင်တဲ့ကုန်သည်တွေလည်း ပါသွားရော” ဟုမူဆယ်-နမ့်ခမ်းကုန်သည်ကြီးများအသင်းဗဟိုအလုပ်အမှုဆောင်ဦးစိုင်းခင်မောင်ကဆိုသည်။ဦးစိုင်းခင်မောင်သည် မူဆယ်မြို့တွင် သစ်သီးပွဲရုံကြီးတစ်ခုထောင်၍ တရုတ်နိုင်ငံသို့တင်ပို့နေသူဖြစ်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနလက်ထောက်အတွင်းဝန်ကမူ အွန်လိုင်းလောင်းကစားလုပ်ငန်းများကို အရေးယူရန်အတွက် တရုတ်ဗဟို အစိုးရဘဏ်စာရင်းများ၃၀၀ကျော် ခေတ္တပိတ်ပစ်သည့်အနက် မြန်မာကုန်သည်များ ၏ဘဏ်စာရင်း၁၃၂ခုခန့်ပါသွားခြင်းဖြစ် သည်ဟုဆိုသည်။ဘဏ်စာရင်းများ ပိတ်ပစ်ရာတွင် ယူနန်အစိုးရပင်ကြိုတင်သိရှိမထား ကြောင်း၎င်းကဆိုသည်။

ဘဏ်စာရင်းများ အပိတ်ခံလိုက်ရခြင်းကြောင့် မူဆယ်ဈေးကွက်ရှိ ဆန်၊ပဲ၊ပြောင်းနှမ်းတင်ပို့မှုဈေးကွက်မှာ ရပ်ဆိုင်း လုနီးပါးဖြစ်သွားသည်ဟု မူဆယ်ဆန်ကုန်စည်ဒိုင်မှ ပြန်ကြားရေးတာဝန်ခံဦးမင်းသိန်းက ဆိုသည်။

“အကောင့်တွေအပိတ်ခံရတယ် ဆိုတော့ ရတဲ့ပိုက်ဆံတောင်သေချာမလွှဲရဲတဲ့သဘောဖြစ်နေတယ်။အရောင်းအဝယ်ကလည်း မကောင်းဘူး။ကိုယ့်ပိုက်ဆံရှိလည်း ငွေလဲသမားတွေက မလဲရဘူး။ဆန်သမားတင်၃၀၊ ၄၀လောက်ပါသွားတာ။တခြား ပဲပြောင်းနှမ်းသမားတွေလည်းအများကြီးပါသွားတယ်။မျိုးစုံပဲဗျ” မူဆယ်ဆန်ကုန်သည်တစ်ဦးဖြစ်သူဦးစိုင်းကျော်က ဆိုသည်။
ဇွန်လ၁၇ရက်နေ့တွင် မူဆယ်ခရိုင် အုပ်ချုပ်ရေးမှူးများဦးဆောင်၍ မူဆယ်တစ်ဖက်ကမ်းရှိ ရွှေလီတရုတ်အာဏာပိုင် များနှင့်သွားရောက်ညှိနှိုင်းလျက်ရှိကြောင်း  မူဆယ်ဆန်ကုန်သည်များက ဆိုသည်။

ပေါက်ဖော်တို့ သဘောထားနှင့် ရပ်ကြည့်နေရသူများ

မြန်မာကုန်သည်များ၏ဘဏ်စာရင်းကို ပိတ်လိုက်ချိန်သည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ကုန်သွယ်ရေးဦးစီးဌာနမှ ပြန်ကြားရေးမှူးချုပ်တို့ တရုတ်နိုင်ငံသို့ ရောက်ရှိနေချိန်လည်း ဖြစ်သည်။

ဇွန်လ၈ရက်နေ့ကပင် ဒုတိယအကြိမ်မြောက် တရုတ်-မြန်မာချစ်ကြည်ရေးအထိမ်းအမှတ် ‘ ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနေ့’ ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ရန်ကုန်မြို့ Shangri-La ဟိုတယ်တွင် ကျင်းပပြု လုပ်ခဲ့သေးသည်။တစ်ပတ်အကြာတွင် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများ အပိတ်ခံခဲ့ရခြင်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကမူ ဇွန်လ၁၇ရက်နေ့တွင် ကြေညာချက် ထုတ်သည်။ယင်းကြေညာချက်တွင် ဘဏ်စာရင်း အပိတ်ခံရခြင်းကို သတိပြုမိကြောင်းနှင့် နှစ်နိုင်ငံတာဝန်ရှိသူများနှင့် အချိန်မီညှိနှိုင်းလျက်ရှိကြောင်း ပါဝင်သည်။

ယာယီပိတ်လိုက်သည့် ဘဏ်စာရင်းများတွင် မြန်မာကုန်သည်များ၏ ဘဏ်စာရင်းများပါဝင်သည်ကိုလည်း သိရှိကြာင်း တရုတ်သံရုံးကဖော်ပြထားသည်။ဘဏ်စာရင်းများကို ပိတ်ခြင်းသည် နှစ်နိုင်ငံတရားဝင်နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူများ၏ ရေရှည်အကျိုးစီးပွားနှင့် တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးကို ကာကွယ်စောင့်ရှောက်ရန်ဟု ဆိုထားသည်။

တရုတ်တို့သည်မူဆယ်ကုန်သွယ် ရေးတွင်၎င်းတို့၏အင်အားကိုမကြာခဏ ပြလေ့ရှိသည်။မြန်မာ့ဘက်က တင်ပို့သည့် ဆန်များကို မကြာခဏဖမ်းသည်။ဆန်လို အပ်လျှင်ကားအစီးလိုက်တင်သွင်းသည်များကို လွှတ်ပေးထားသည်။ပုံမှန်အားဖြင့်လွှတ်ပေးသည်။သို့သော်မကြာခဏဖမ်း သည်။ယင်းသို့ဖမ်းလျှင်အဓိကနစ်နာ သည်မှာမြန်မာကုန်သည်များဖြစ်သည်။
ယခင်ကလည်း ဘဏ်စာရင်းများ အပိတ်ခံရဖူးသည်။သို့သော်ဆယ်ဂဏန်း မပြည့်ချေ။ မူဆယ်မှဝယ်သွားသည့် ဆန်ကားများကိုမူ မကြာခဏဖမ်းလေ့ရှိသည်။ယခုမူ ဘဏ်စာရင်းတစ်ရာကျော်ကို ပိတ်ပစ်လိုက်သည်။

” ဘဏ်ကို ခုတုံးလုပ်ပြီးဘဏ်က Customer တွေရဲ့ငွေတွေကို မတရားသိမ်းပိုက်တဲ့ပုံစံမျိုး လုပ်နေတယ်။နိုင်ငံကြီး မပီသဘူးပေါ့လေ။အဲလိုမြင်တယ်။အကုန် သိမ်းကျုံးပြီးလုပ်တော့ တချို့ဆိုဘ၀ပျက်သလိုကိုဖြစ်နေတယ်” ဟုယခုဖြစ်ရပ် အပေါ်ခွာညိုသစ်သီးပွဲရုံပိုင်ရှင်စိုင်းခင်မောင်က မှတ်ချက်ပြုသည်။
ကုန်သည်များအဆိုအရဇွန်လ၁၉ရက်အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဝန်ကြီး၊ညွှန်ကြား ရေးမှူးချုပ်နှင့်အတွင်းဝန်ကဲ့သို့ မည်သည့်ထိပ်ပိုင်းပုဂ္ဂိုလ်မျှ အဆိုပါကိစ္စအတွက် မူဆယ်သို့ ရောက်မလာကြောင်းသိရသည်။

“ဌာနဆိုင်ရာကဘာသံမှ မကြားဘူးကွာ။သူတို့ကလည်း တာဝန်ယူမှု၊တာဝန်ခံမှုမရှိဘူး။ ဒါက G to G အဆင့် လောက်မှရမယ်ထင်တယ်။တစ်ဖက်နဲ့ ညှိနှိုင်းမှုတွေပြီးမှ အဆင်ပြေမယ်။သိရသလောက်တော့ငွေပမာဏကလည်း အရမ်းများတယ်”ဟုမူဆယ်ဆန် ကုန်သည်ဦးစိုင်းကျော်က ဆိုသည်။

သို့သော်လည်း စီး/ကူးမှ လက်ထောက်အတွင်းဝန်ဦးခင်မောင်လွင်ကမူ တရုတ်သံရုံး၊တရုတ်စီးပွားရေးကောင်စစ်ဝန်တို့ထံ အဆိုပါကိစ္စအတွက်အကြောင်းကြားထားသည်ဟုဆိုသည်။
ထို့အပြင်ဘဏ်စာရင်းများ အမြန်ဆုံးပြန်ဖွင့်ပေးရန် နှစ်ဖက်တာဝန်ရှိသူများတွေ့ဆုံညှိနှိုင်းလျက်ရှိပြီး ရွှေလီဒုတိယ မြို့တော်ဝန်ဦးဆောင်သည့် စစ်ဆေးရေး အဖွဲ့ ဖွဲ့၍ ဘဏ်စာရင်းများကို ပြန်လည်စစ်ဆေးလျက်ရှိကြောင်း ၎င်းက The Voice သို့ပြောကြားသည်။
မြန်မာတို့ ဘာမှမတတ်နိုင်။ရပ်ကြည့်နေရသည်။စစ်ဆေးမှုပြီးမှသာ တစ်စုံတစ်ရာ ရလဒ်ထွက်မည့် သဘော။

မဖော်စပ်နိုင်သည့် ဖြေဆေး

မူဆယ်အတွက် ဖြေဆေးကို လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်ကပင် ဝေဒနာခံစားရသည့် ကုန်သည်များက တွေ့ရှိပြီးဖြစ်သည်။သို့သော်လည်း သမ္မတဦးသိန်းစိန်အစိုးရ မဖော်စပ်နိုင်သကဲ့သို့ ယနေ့သမ္မတဦးထင်ကျော်အစိုးရလည်း မစွမ်းနိုင်သေးပါ။ ထို့ကြောင့် အနာရင်း၍ရောဂါရင့်လာခြင်းဖြစ်သည်။

ဖြေဆေးမှာ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ဆန်ကို တရုတ်က တရားဝင်ဝယ်ယူရန်လုပ်ဆောင်ခြင်းပင်ဖြစ်သည်။ ပြီးခဲ့ သည့်၂၀၁၄ခုနှစ်အစောပိုင်းကလည်း G to G (အစိုးရချင်းချိတ်ဆက်)ဝယ်ယူရန်ညှိနှိုင်းခဲ့သေးသည်။ယင်းသို့ဝယ်ယူရ မည်ဆိုသည့်အခါ ကလေးစားသည့်မုန့်မှစ၍ မြန်မာသို့ ပေါပေါလောလောနှင့် စားသုံးရန်မသင့်သည့် ပစ္စည်းမျိုးစုံကို တင်ပို့လျက်ရှိသည့်တရုတ်သည် AQSIQ အကြောင်းပြောလာသည်။

AQSIQ ဆိုသည်မှာ အရည်အသွေး စံချိန်စံညွှန်း စစ်ဆေးခြင်းပင်ဖြစ်သည်။နိုင်ငံအလိုက် ကုန်သွယ်မှုဖြစ်၍ လုပ်ထုံး လုပ်နည်းတစ်ခုဖြစ်သော်လည်း မြန်မာ့အားနည်းချက်ကို တရုတ်ကသိသည်။မြန်မာတွင် မျိုးကွဲစပါးများခြင်း၊ဆန်စက် အရည်အသွေးနိမ့်ကျခြင်း၊ခေတ်မီနည်းပညာနှင့်အရင်းအနှီးမရှိခြင်းကြောင့် အရည်အသွေးပြည့်ဆန်ကို မထုတ်လုပ် နိုင်။ဤသို့ထုတ်လုပ်နိုင်လျှင်လည်း တရုတ်သို့တင်မျှမဟုတ် တစ်ကမ္ဘာလုံးသို့တင်ပို့နိုင်သည်။

အရည်အသွေးစကားပြောလာလျှင် ဆန်စပါးအသင်းချုပ်ဝင် ရန်ကုန်ရှိ ဆန်ကုမ္ပဏီကြီးများကတင်ပို့နိုင်ခြေရှိသော်လည်း မူဆယ်နယ်စပ်ရှိ ဆန်ကုန်သည်အများစုက မတင်ပို့နိုင်။ပြီးခဲ့သည့်နှစ်ကမူ အစိုးရချင်းစနစ်ဖြင့် တရုတ်က ဆန်တန်ချိန်တစ်သိန်းဝယ်ယူသည်ဟုမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌဒေါက်တာစိုးထွန်းက ဆိုသည်။

မြန်မာသည် တရုတ်အကြောင်းကိုသိသည်ထက် တရုတ်က မြန်မာအကြောင်းကို ပိုသိသည်။ မြန်မာသည် အရပ်စကားပြောလျှင် ဗိုက်နာနေသည့် ဈေးသည်နှင့်တူသည်။မြန်မာ့ဆန်အရည်အသွေးနှင့်ဆိုလျှင် တရုတ်မဝယ်ချိန်၌ ရောင်းရန်ဈေးကွက်က သိပ်မရှိ။ယခင်ကမူ အာဖရိကသို့တင်ပို့ခဲ့သည်။ ယခုမူဥရောပသို့ ပိုနိုင်သည်ဆိုသော်လည်း လက်ချိုးရေ၍ရသည့် ကုမ္ပဏီအနည်းငယ်သာ။ဤအကြောင်းကို တရုတ်တို့ကောင်းကောင်းသိသည်။မြန်မာဘက်မှ ထွက်ရှိသည့်သတင်းစာ၊ဂျာနယ်များကိုပင် မြန်မာ့အခြေအနေနှင့်ဈေးကွက်အခြေအနေသိရန် တရုတ်လိုဘာသာပြန်၍ရောင်းချခြင်းများရှိသည်ဟု မူဆယ်ကုန်သည် တို့ကပြန်လည်ဖောက်သည်ချသည်။

ဆန်ကုမ္ပဏီကြီးများကမူ WTO စည်းမျဉ်းအရ တရုတ်ကပေးသည့် ဆန်တင်ပို့ရမည့်ခွဲတမ်းရရန် လိုလားကြသည်။ယင်းသို့ဆိုလျှင်ရရှိသည့် ခွဲတမ်းအတိုင်း သင်္ဘောဖြင့်အလုံးအရင်းပို့နိုင်မည်။မူဆယ်ကုန်သည်များကမူ နယ်စပ်မှသာ တရားဝင်တင်ပို့ခွင့်ရရန် လိုလားကြသည်။ထိုမှသာ တစ်ပိုင်တစ်နိုင်ဆန်ကုန်သည်များ အကျိုးခံစားရမည်။သို့မဟုတ်ပါက ဒုံရင်းသာဖြစ်မည်ဟု ဆိုကြသည်။

လက်ရှိ ဘဏ်စာရင်းပိတ်သည့်ကိစ္စတွင်လည်း တရုတ် ABC ဘဏ်တွင် ဖြစ်ပွားခြင်းဖြစ်သည်။မူဆယ်ဘက်တွင်နိုင်ငံခြားငွေစာရင်းဖွင့်နိုင်သည့်မြန်မာ ဘဏ်မရှိ။ဆန်စပါးအသင်းချုပ်က နိုင်ငံခြားငွေစာရင်းဖွင့်နိုင်သည့် ဘဏ်ကို မူဆယ်တွင် တည်ထောင်ရန်တင်ပြဖူးသော်လည်း အစိုးရကခွင့်မပြု။ထို့ကြောင့်မြန်မာဘဏ်ကရနိုင်သည့် ဝန်ဆောင်ခကို တရုတ်ဘဏ်များက ရရှိလျက်ရှိသည်။မူဆယ်တွင် မြန်မာဘဏ်သာရှိပါက တရုတ်တို့လည်း ယခုကဲ့သို့ခပ်လွယ်လွယ် ဖြင့်မြန်မာကုန်သည်များ၏ဘဏ်စာရင်းကိုပိတ်ရန် မဖြစ်နိုင်ချေ။

တရုတ်သည်လိုချင်သည်ကိုသာ ဝယ်သည်။ကျောက်စိမ်း၊သစ်နှင့်သဘာဝ ဓာတ်ငွေ့ဆိုလျှင် တရုတ်ကမငြင်း။ကျောက်စိမ်းနှင့် သစ်တင်ပို့မှုသည် မြန်မာ နိုင်ငံတွင်တရားမဝင်ဖြစ်သည်။သို့သော်တရုတ်က တရားဝင်ဝယ်ယူခြင်းဖြစ်သည်။ဆန်တင်ပို့မှုသည် မြန်မာဘက်က တရားဝင် ဖြစ်သော်လည်း တရုတ်က မှောင်ခိုဟု သတ်မှတ်သည်။ထို့ကြောင့် ဖမ်းသည်။ဘဏ်စာရင်းပိတ်ပစ်သည်။ထို့ကြောင့် လျှာနှစ်ခွကုန်သွယ်ရေးမူဝါဒဟု ကင်ပွန်းတပ်ရပေလိမ့်မည်။

မည်သို့ဆိုစေမြန်မာ့အကြီးဆုံး ကုန်သွယ်ရေးဇုန်ဖြစ်သည့် မူဆယ်ကုန်သွယ်ရေးဇုန်သည် ရောဂါရင့်နေသည်မှာကြာပြီဖြစ်သည်။ဈေးကွက်အရ တရုတ်ကို အားကိုးနေရသော်လည်း တရုတ်မဝယ်လျှင် ဖရဲသီးများ လမ်းဘေးပုံနေ သည်။ယူနန်တွင် တရုတ်အာဏာပိုင်များ လမ်းသလားလျှင် မူဆယ်ဆန်ကုန်သည်တို့ ကျောချမ်းကြသည်။ရံဖန်ရံခါ ရွှေလီမြစ်ကလည်းရေကြီး၍ မြွေပူရာကင်းမှောင့်တတ်သေးသည်။ ယခုမူဘဏ်သို့ ရောက်ရှိသည့်ငွေများပင် စိတ်မချရတော့။

ဆန်ကုန်သည်များ၏ခန့်မှန်းချက်အရ မူဆယ်ဆန်ဈေးကွက်မှာ လာမည့်သီတင်းတစ်ပတ်ခန့်ကြာသည့်တိုင် အရောင်းအဝယ်ရပ်ဆိုင်းနေဦးမည်ဖြစ်သည်။
ထို့ကြောင့်မူဆယ်အတွက် ဖြေဆေးတစ်ရပ်အလျင်အမြန်ဖော်စပ်ရန် လိုအပ်နေပြီဖြစ်သည်။

ခွာညိုသစ်သီးပွဲရုံပိုင်ရှင်ဦးစိုင်းခင်မောင်ကမူ ပေါက်ဖော်တို့၏ လျှာနှစ်ခွကုန်သွယ်ရေးမူဝါဒ အကိုက်ခံရသော ဖြေဆေးမတွေ့သည့်မူဆယ်အတွက်စိတ်နာနာနှင့်ယခုလိုဆိုသည်။
“တရုတ်နဲ့ တခြားကုန်သွယ်ဖက် နိုင်ငံတွေလာအို၊ဗီယက်နမ်၊ထိုင်းနိုင်ငံတွေမှာလည်း သူက မယူဘူးဆိုရင် မှောင်ခို။သူကတဖက်လှည့်နဲ့ တံခါးကြီးဖွင့်ပေးပြီး လမ်းမှာဖမ်းရင်ဖမ်းတယ်။ဒီလိုမဟုတ်လည်း အဲဒီ့ငွေတွေကို ငွေမည်းအဖြစ် လုပ်တယ်ဆိုတော့ ဒါကသိပ်ပြီး နည်းလမ်းမကျဘူး။မဖြစ်သင့်ဘူး။ပိတ်ချင်ရင်လည်း အသေပိတ်လိုက်”။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *