အွန်လိုင်းတွင် ဂုဏ်သိက္ခာခြိမ်းခြောက်ပြောဆိုရေးသားမှုကို တရားစွဲမည်ဟု တေးသံရှင် ယွန်းသီရိကျော်ဆို

ရန်ကုန်၊ ဇွန် ၂၃
အွန်လိုင်းလူမှုကွန်ရက်ပေါ်တွင် Miss Gulden Land Myanmar Theme Song သီချင်းနှင့်ပတ်သက်၍ တေးသံရှင် ယွန်းသီရိကျော်၏ ဂုဏ်သိက္ခာကို ခြိမ်းခြောက်ပြောဆိုရေးသားပါက တရားစွဲဆိုသွားမည် ဖြစ်ကြောင်း အဆိုပါ သီချင်းမူရင်းသီဆိုသူ ၎င်းက The Voice သို့ ပြောကြားသည်။

“ညီမဆိုတုန်းကတော့ လူမသိဘူး၊ အခုသူများဆိုတော့ လူသိမှ ဒီလိုမျိုးတွေ လုပ်တယ်ဆိုပြီး အမျိုးမျိုး ဝေဖန်ပြောကြတယ်။ Messenger ကနေလည်း ညီမကို အပြင်မှာတွေ့ရင်မလွယ်ဘူး။ ဂုဏ်သိက္ခာ ထိခိုက်အောင်လုပ်မယ်ဆိုပြီး ခြိမ်းခြောက်တဲ့စာတွေ ပို့ကြတယ်”ဟု တေးသံရှင်ယွန်းမီမီကျော်က ဆက်လက် ပြောကြားသည်။

အဆိုပါသီချင်းမှာ ၂၀၁၆ ခုနှစ်က ကိုရီးယားနိုင်ငံ၌ ပြုလုပ်သည့် သီချင်းဆိုပြိုင်ပွဲတွင် Project K အကအဖွဲ့ကို တစ်ကြိမ်သာ အသုံးပြုခွင့်ပေးထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ပြန်လည်သီဆိုခွင့် မပေးထားကြောင်း၊ ယင်းသီချင်းမှာ ၎င်း၏ စိတ်ကူးကို သီချင်းရေးစပ်သူ ဇေထူးအောင်အား ပြောပြပြီး ရေးစပ် စေခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“အဖွဲ့အစည်းတစ်ခုရဲ့ Theme Song ဆိုတာ အဖွဲ့အစည်းတစ်ခုရဲ့ ပုံရိပ်၊ ဂုဏ်သိက္ခာတွေကို ဖွဲ့နွဲ့ပြီး သီဆိုထားတာပါ။ ကျွန်တော့်အနေနဲ့ ပရိုမိုးရှင်းပွဲ၊ ရှိုးပွဲတွေမှာအသုံးပြုဖို့ အတွက် ရေးစပ်ထားတာ မဟုတ်ပါဘူး”ဟု Miss Gulden Land Myanmar အဖွဲ့အစည်း၏ အမှုဆောင်အရာရှိချုပ် ဦးဟန်ဇော်လတ်က ဆိုသည်။

အဆိုပါသီချင်းကို Project K အကအဖွဲ့သည် မြန်မာနိုင်ငံသို့ ပြန်လာပြီး နောက်ပိုင်းတွင်လည်း ပရိုမိုးရှင်းပွဲများ၊ ဖျော်ဖြေပွဲများတွင်လည်း ဆက်လက်သီဆိုခဲ့ပြီး ယင်းအတွက် နောင်တွင် ထိုသီချင်းကို ထပ်မံအသုံးမပြုရန် မြန်မာနိုင်ငံဂီတအစည်းအရုံးတွင် ခံဝန်ကတိလက်မှတ်ရေးထိုးထားသည်။

သီချင်းအသုံးပြုခွင့်ကို တစ်ကြိမ်သာ ခွင့်ပြုထားသော်လည်း Project K အကအဖွဲ့က သီချင်းကို အကြိမ်ကြိမ်သီဆိုနေမှုကြောင့် ထပ်မံမပြုလုပ်ရန် တားမြစ်ရာမှ လူမှုကွန်ရက်တွင် သီချင်းမူပိုင်ရှင်ကို ဆိုးရွားစွာ ဝေဖန်ပြစ်တင်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။
“ရှေ့ဆက်ပြီးတော့ ထပ်လုပ်လာမယ်ဆိုရင် ညီမရဲ့ရှေ့နေနဲ့ အားလုံးလွှဲထားပါတယ်။ ညီမရဲ့ ဖေ့စ်ဘွတ်ခ် Passwrod တွေကအစ ရှေ့နေကိုပေးထားပါတယ်။ တချို့တွေကဆို ညီမက နာမည်ကြီးချင်လို့ လုပ်တာလား။ ဒါမှမဟုတ် သူများအောင်မြင်နေတဲ့သီချင်းကို အခုမှဘာဖြစ်လို့လုပ်တာလဲဆိုပြီး ပြောကြတယ်” ဟု တေးသံရှင် ယွန်းသီရိကျော်က ပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဇွန်လ ၁၉ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် လူမှုကွန်ရက်စာမျက်နှာများတွင် စွပ်စွဲ ပုတ်ခတ်ပြောဆိုမှုများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားပြီး ဖြစ်သည်ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်သန်းသန်းအေးက ဆိုသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *