“ချေးငွေရဖို့အတွက် ကော်မရှင်ခပေးရတယ်ဆိုတာမျိုးကြားရင် ကျွန်တော်တို့ကိုပြောပါ”

CB ဘဏ် ချေးငွေဌာနတာဝန်ခံနှင့် တွေ့ဆုံခြင်း

စစ်ငြိမ်းသူ

အသေးစား၊ အလတ်စားလုပ်ငန်း (SME) များအတွက် ချေးငွေအာမခံစနစ် (Credit Guarantee Insurance)၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ၏ ချေးငွေနှင့် ဂျာမနီနိုင်ငံပိုင် ဖွံ့ဖြိုးရေးဘဏ် (KFW) တို့၏ ချေးငွေများထုတ်ချေးနေမှုနှင့်ပတ်သက်၍ ပြည်တွင်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သော သမဝါယမဘဏ် (CB) ၏ SME ချေးငွေဌာနတာဝန်ခံဦးစောဒီနိုကူးနှင့် The Voice က တွေ့ဆုံမေးမြန်းထားခြင်းဖြစ်ပါသည်။

The Voice : အခုလက်ရှိအသေးစား၊ အလတ်စား ချေးငွေတွေကို နောက်ထပ်အသစ်ထပ်ပေးဖို့ လုပ် နေတာတွေ ရှိပါသလား။

SDNK : ဒီနှစ် ဇွန်လ ၁၂ ရက်နေ့တုန်းက CB ဘဏ်နဲ့ KFW ဆိုတဲ့ဂျာမနီဘဏ်ကနေတစ်ဆင့် ပံ့ပိုးထားတဲ့ ချေးငွေအသစ်ရှိတယ်ဗျ။ အဲဒါကို ဩဂုတ်လမှာစဖို့ ရှိပါတယ်။ အဲဒီမတိုင်ခင် ကျွန်တော် တို့ မြန်မာ့အာမခံနဲ့ CB ဘဏ်နဲ့ အသေးစား၊ အလတ် စားလုပ်ငန်းများဖွံ့ဖြိုးရေးဗဟိုဌာနနဲ့ ပူးပေါင်းလုပ် ထားတဲ့ ချေးငွေအာမခံ (CGI) ဆိုတာရှိပါတယ်။
အဲဒီချေးငွေအာမခံက တော်တော်ကြီးကို ပေါ်ပြူလာ ဖြစ်တယ်။ အခုလက်ရှိ အခြေအနေမှာ အသေးစား၊ အလတ်စား (SME) လုပ်ငန်းရှင် ၁၁၅ ဦး၊ သိန်းပေါင်းတစ်သောင်းကျော်ချေးပြီးသွားပြီ။ ဒီချေးငွေက ကျတော့ အပေါင်ပစ္စည်းမပါဘဲနဲ့ ချေးလို့ရတယ်။ ကျွန်တော်တို့ဘဏ်က ၁၃ ရာခိုင်နှုန်းအတိုး ယူတယ်။ မြန်မာ့အာမခံကိုချေးငွေယူမယ့် သူက ၃ ရာခိုင်နှုန်း သွင်းရတယ်။ တစ်နှစ်ကို ၁၆ ရာခိုင်နှုန်းအတိုးပေါ့။ သိန်း ၅၀ ကနေပြီးတော့ သိန်း ၂၀၀ အထိချေးပေးတယ်။

The Voice : SME ချေးငွေအတွက် ဘယ်လုပ်ငန်းမျိုးကိုမဆိုထုတ်ချေးတာလား။

SDNK : လုပ်ငန်းနဲ့ပတ်သက်ပြီး ကန့်သတ်ထား တာတော့မရှိဘူး။ ဒါပေမဲ့အရက်ချည်းပဲရောင်းတဲ့ ဆိုင်၊ လုပ်ငန်းတွေ မချေးဘူး။ စားသောက်ဆိုင်လို ဟာမျိုးဘီယာနဲ့ စားစရာ တွဲရောင်းတာမျိုးဆိုရင်တော့ ရတယ်။ ကေတီဗီ၊ ကာရာအိုကေလို ဖျော်ဖြေရေး လုပ်ငန်းတွေကိုမချေးဘူး။ နောက်ပြီး လုပ်ငန်းက အလားအလာတော့ ရှိတယ်။ ဒါပေမဲ့ သူ့လုပ်ငန်းရဲ့ စွန့်ပစ်ပစ္စည်းတွေကပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ လုပ်ငန်းတွေဆိုရင် လောလောဆယ်မှာချေးငွေ မပေးဘူး။ မပေးဘူးဆိုတာက ချေးငွေပေးဖို့ ငြင်း တာမျိုးမဟုတ်ဘူး။ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ ပြည့်မီအောင်လုပ်နိုင်ရင် ကျွန်တော်တို့ဆီလာပြီး တော့ ချေးငွေချေးနိုင်တယ်။ နောက်တစ်ခုက လက်ဖက်ရည်ဆိုင်တွေ၊ အဲဒီဆိုင်တွေမှာ ကလေး လုပ်သားတွေ သုံးတဲ့ဆိုင်တွေကိုချေးငွေမပေးဘူး။ သူများကိုခေါင်းပုံဖြတ်ပြီး အမြတ်ရှာတဲ့လုပ်ငန်းတွေ ကို ကျွန်တော်တို့ဘဏ်ရဲ့ ချေးငွေနဲ့လုပ်တာမျိုးမဖြစ် စေချင်ဘူး။ ပုံမှန်အသက်ပြည့်တဲ့သူတွေကိုသုံးမယ် ဆိုရင်တော့ အချိန်မရွေး ကျွန်တော်တို့ဆီမှာချေးငွေ ရယူနိုင်ပါတယ်။

The Voice : လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်၊ မှတ်ပုံတင် ထားတဲ့လုပ်ငန်းဆိုတာမျိုးကဒီမှာ အတော်နည်းသေး တယ်။ ဆိုတော့ ချေးငွေထုတ်ပေးရာမှာ ဒီဟာကို ဘယ်လိုစိစစ်ပြီး ထုတ်ချေးသလဲ

SDNK : များသောအားဖြင့် လုပ်ငန်းတွေကတော့ စည်ပင်လိုင်စင်တော့ ရှိကြတယ်။ ဒါပေမဲ့ ကျွန်တော် တို့ဆီမှာချေးငွေအာမခံနဲ့ ချေးငွေရယူမယ်ဆိုရင်တော့ အသေးစား၊ အလတ်စားလုပ်ငန်း ဗဟိုဌာနမှာ လုပ်ငန်းမှတ်ပုံတင်ထားရမယ်။ ပြီးရင် သူတို့ဆီက ထောက်ခံချက်တောင်းရမယ်။ ထောက်ခံချက်ရတော့မှ လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ သုံးနှစ်ဘဏ္ဍာရေး ရှင်းတမ်း၊ အခွန်ဆောင်ထားတဲ့ဟာတွေ၊ လုပ်ငန်း စီမံချက်တွေနဲ့ ကျွန်တော်တို့ဆီမှာလာပြီးတော့ချေး ငွေလျှောက်လို့ရတယ်။

The Voice : ချေးငွေလျှောက်တဲ့အချိန်ကနေ ချေးငွေ ရတဲ့အချိန် ဘယ်လောက်ကြာသလဲ။

SDNK : စာရွက်စာတမ်းတွေ ပြည့်စုံတယ်ဆိုရင် သုံးပတ်ကနေ တစ်လလောက် ကြာတတ်တယ်။ နောက်ပိုင်းမှာတော့ နှစ်ပတ်အတွင်းချေးငွေ ရနိုင် အောင် လုပ်နေပါတယ်။ ဒါပေမဲ့ လက်ရှိအနေအထား မှာအမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ဝန်ထမ်း ပိုင်းကိုလည်း အရည်အသွေးပိုပြီးမြှင့်ရမှာတွေရှိ သေးတာပေါ့။

The Voice : ချေးငွေရယူထားတဲ့ လုပ်ငန်းတွေမှာ ဘယ်လိုလုပ်ငန်းတွေများသလဲ။ ဘယ်ဒေသတွေကလဲ။

SDNK : အခုလက်ရှိမှာတော့ ကုန်ထုတ်လုပ်ငန်းတွေ များတယ်။ အသေးစားလုပ်ငန်းတွေ ဥပမာ သပိတ် ထုတ်တဲ့ လုပ်ငန်းတွေ၊ စက်နဲ့ထုတ်တာပေါ့။ ပြီးတော့ ဆေးထုတ်လုပ်တဲ့လုပ်ငန်းတွေ၊ တချို့ရုပ်ရှင် သရုပ် ဆောင်တွေလည်းလာချေးကြတယ်။ သူတို့ကိုယ်ပိုင် စီးပွားရေးပိုးထည်ဆိုင်ဖွင့်တာမျိုးပေါ့။ နောက် ရုပ်ရှင် ထုတ်လုပ်ရေးလုပ်ငန်းတွေလည်း ပါတယ်။ ဒေသ အလိုက်ဆိုရင်တော့ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ဧရာဝတီ၊ မကွေး၊ ရှမ်း၊ မွန်ပြည်နယ်တို့က လုပ်ငန်း တွေပေါ့။ ရန်ကုန်ကတော့ အများဆုံးပေါ့။ ရန်ကုန် က များတယ်ဆိုတာကလည်းအသေးစား၊ အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးဗဟိုဌာနရဲ့ ထောက်ခံချက်နဲ့ တက်လာတဲ့ဟာတွေက ရန်ကုန်ကလုပ်ငန်းတွေ များနေတာကြောင့်ပါ။ နောက်ပိုင်းတော့ တခြားတိုင်းနဲ့ ပြည်နယ်တွေကိုလည်းလုပ်ဖို့ရှိပါတယ်။

The Voice : ချေးငွေလျှောက်ပေမယ့် ချေးငွေမရဘူး၊ ငြင်းပယ်ခံရတယ်ပေါ့။ ချေးငွေရတဲ့သူကရပြီး မရတဲ့ သူက မရဘူးဖြစ်နေကြတော့ ဘဏ်နဲ့သိမှရတယ်ဆိုတာမျိုးပြောကြရတာရှိတယ်။ ချေးငွေရတယ်၊ မရဘူးဖြစ်ရတဲ့အကြောင်းက ဘာကြောင့်ပါလဲ။

SDNK : ငြင်းပယ်တယ်လို့တော့ ကျွန်တော်တို့ မသတ်မှတ်ပါဘူး။ သတ်မှတ်ထားတဲ့ဘောင်အတွင်း မဝင်တဲ့လုပ်ငန်းတွေကိုတော့ သူတို့ရဲ့စာရွက်စာတမ်း တွေ ပြန်ပေးလိုက်တာပေါ့။ ဒီမှာတစ်ခုရှိတာကချေးငွေ လျှောက်တဲ့လုပ်ငန်းတွေကိုစာရွက်စာတမ်းတွေ အကုန်တောင်းလိုက်တယ်ပေါ့၊ အမှန်ကစလာလျှောက် ကတည်းက ဒီလုပ်ငန်းကကိုယ့်သတ်မှတ်ချက်နဲ့ ဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာကို ချက်ချင်း အကြောင်းပြန်လိုက်တာ ကောင်းတယ်။ အဲဒီလို လုပ်ရမှာပေါ့နော်။ ဒါကိုလွတ်သွားပြီးလုပ်ငန်းရှင်တွေကို စာရွက်စာတမ်းတွေပေးပါဆိုပြီးလုပ်လိုက် တော့ စာရွက်စာတမ်းတွေ ပြည့်စုံတဲ့အခါလည်းကျရော ဒီလုပ်ငန်းက ဘဏ်ရဲ့မူနဲ့မကိုက်တာမျိုး၊ နောက်တစ်ခါ တချို့လုပ်ငန်းတွေရဲ့ ချေးငွေပမာဏက သိန်း ၂၀၊ ၃၀ လောက်ပဲချေးတာကျတော့ ကျွန်တော်တို့ဘဏ် အတွက် အဲဒီလောက်ပမာဏအထိဆင်းပြီး လုပ်ဖို့ က နည်းနည်းလေးခက်ခဲတယ်။ ဒီလိုလုပ်ငန်းမျိုး ဆိုရင် များသောအားဖြင့် သက်ဆိုင်ရာဒေသမှာရှိတဲ့ အသေးစားငွေကြေးလုပ်ငန်းတွေနဲ့ ဆက်သွယ်ပါဆိုပြီး အကြောင်းပြန်လိုက်တယ်။ ဒါပေမဲ့ အကြောင်းပြန် တဲ့အချိန်ကတော့ တော်တော်လေးလွန်သွားတာပေါ့။ သူတို့စောင့်ရတဲ့အချိန် ခြောက်လ၊ ခုနစ်လလောက် အတွင်းမှာသူတို့အတွက်လည်းနစ်နာမှုရှိတာပေါ့။ နောက်တစ်ခုကစားသုံးသူတွေအတွက် ဘယ်လောက် အထိ ဘေးကင်းလုံခြုံမှုရှိသလဲဆိုတာ မသိနိုင်တဲ့ လုပ်ငန်းမျိုးတွေကို ချေးငွေလျှောက်လွှာပြန်ပေးလိုက် တာမျိုးရှိတယ်။ အကယ်၍ ကျွန်တော်တို့ချေးငွေ ထောက်ပံ့ပြီးမှ ဒီလုပ်ငန်းကစားသုံးသူတွေကို တစ်စုံ တစ်ခုထိခိုက်မှုရှိတယ်ဆိုရင် ဘဏ်ရဲ့ Reputation Risk ပေါ့။ နာမည်ဂုဏ်သိက္ခာကိုလည်းထိခိုက် နိုင်တယ်။ နောက်တစ်ခု ဘာတွေ့ရလဲဆိုတော့ လူတွေကဘဏ်ကချေးငွေယူဖို့ ဘာလုပ်ငန်းပြရမလဲလို့ ကျွန်တော်တို့ကိုမေးတတ်တယ်။ အမှန်တကယ်ကသူတို့ဘက်ကလုပ်ငန်းပြလို့ ကျွန်တော်တို့က ငွေချေး တာ။ ရှိပြီးသားလုပ်ငန်းကို ထပ်တိုးတက်စေချင်လို့ ငွေချေးတာ။ သူတို့ကငွေချေးချင်လို့ လုပ်ငန်းပြတာ ဖြစ်နေတယ်။

The Voice : အခုက SME တွေအတွက် ချေးငွေ အာမခံစနစ်၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီ (JICA) ရဲ့ SME ချေးငွေစတဲ့ ချေးငွေတွေရှိနေတော့ ဒီချေးငွေတွေရဲ့ သက်တမ်းနဲ့ ကွာခြားချက်တွေကဘာတွေရှိလဲ။

SDNK : ချေးငွေအာမခံစနစ် (CGI) က သိန်း ၂၀၀ အထိအပေါင်မလိုချေးငွေပေါ့။ ဂျာမနီနဲ့လုပ်မယ့်ဟာကသိန်းတစ်ထောင်အထိချေးလို့ရတယ်။ တချို့ SME တွေသိန်း ၃၀၀၊ ၅၀၀ ချေးချင်သူတွေ ကို ဒီဂျာမနီချေးငွေနဲ့ ပေးလို့ရတာပေါ့။ KFW ချေးငွေကိုမြန်မာ့စီးပွားရေးဘဏ်ကနေ ကျွန်တော်တို့က ၃ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထပ်ဆင့်ချေးငွေ ယူတယ်။ ကျွန်တော်တို့က လုပ်ငန်းရှင်တွေကို ၈ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ပြန်ချေးတယ်။ ချေးငွေသက်တမ်းကတစ်နှစ်ကနေငါးနှစ်အထိ ပေးတယ်။ CGI ကတော့ တစ်နှစ်ပဲ။ နောက်တစ်ခုက KFW ချေးငွေရဲ့ ၇၅ ရာခိုင်နှုန်းကို မရွှေ့ပြောင်းနိုင်တဲ့ဟာတွေ၊ စက်ရုံ အလုပ်ရုံဆောက်တာတို့၊ စက်ပစ္စည်းဝယ်တာတို့မှာ သုံးရမယ်။ ကျန် ၂၅ ရာခိုင်နှုန်းကိုလုပ်ငန်းငွေလည် ပတ်မှုမှာသုံးရတယ်။ ဒီမှာထူးခြားချက်က ၇၅ : ၂၅ ရာခိုင်နှုန်းသတ်မှတ်ထားပေမယ့် လုပ်ငန်းရှင်တစ်ဦး ချင်းစီအတွက် သတ်မှတ်တာမဟုတ်ဘဲ KFW ချေးငွေစုစုပေါင်းမှာ ဒီသတ်မှတ်ချက် ပြည့်မီရင်ရပြီ။ အကယ်၍ ငွေလည်ပတ်မှု အတွက်သီးသန့်ချေးချင် သူတွေကိုလည်း စီစဉ်ပေးလို့ရတာပေါ့။ JICA ချေးငွေကျတော့ အဲဒီလိုမဟုတ်ဘူး။ သူကကျတော့ ချေးငွေရဲ့ ၈၀ ရာခိုင်နှုန်းကမရွှေ့ပြောင်းနိုင်တဲ့ဟာတွေ ခုနပြောသလိုမျိုးနေရာတွေမှာသုံးရမယ်။ ၂၀ ရာခိုင်နှုန်းက လုပ်ငန်းငွေလည်ပတ်မှုမှာ သုံးနိုင်တယ်။ အဲဒီသတ်မှတ်ချက်က လုပ်ငန်းရှင်တစ်ဦးချင်းစီကို သတ်မှတ်ထားတယ်။ KFW ချေးငွေကလုပ်ငန်းရှင် တစ်ဦးချင်းစီနဲ့မဆိုင်ဘဲ သူထောက်ပံ့တဲ့ ချေးငွေလုံး ပေါင်းပေါ်မှာပဲ ကြည့်တယ်။ JICA ချေးငွေကတော့ သိန်းငါးထောင်အထိ ချေးလို့ရတယ်။ ချေးငွေ သက်တမ်းကငါးနှစ်အထိ၊ အတိုးနှုန်းကသူလည်း ၈ ဒသမ ၅ ရာခိုင်နှုန်းပဲ။ ဒီတော့ SME လုပ်ငန်းရှင် တွေအနေနဲ့ သိန်း ၂၀၀ အထိဆိုရင် CGI နဲ့ ချေးလို့ ရတယ်။ သိန်း ၂၀၀ ထက် ကျော်သွားရင် KFW ချေးငွေနဲ့ ချေးလို့ရမယ်။ သိန်း ၁၀၀၀ ကျော်သွားရင် JICA ချေးငွေနဲ့ပေါ့။ ကျွန်တော်တို့ဘဏ်ရဲ့ SME ချေးငွေသတ်မှတ်ချက်ကတော့ အများဆုံးသိန်း ၆၅၀၀ အထိပဲ။ အပေါင်ပစ္စည်းကတော့ ပုံမှန်သတ်မှတ် ချက်တွေအတိုင်းမရွှေ့ပြေင်းနိုင်တဲ့ အိမ်၊ ခြံ၊ မြေတွေပေါ့။

The Voice : ဒီချေးငွေအတွက် ပုံမှန်အတိုးနှုန်းအပြင် တခြားကော်မရှင်ခနဲ့ အပိုဆောင်းကုန်ကျစရိတ်တွေ ပေးရတာရှိသလား။

SDNK : ကျွန်တော်တို့ SME လုပ်ငန်းနဲ့ပတ်သက်တဲ့ ဟောပြောပွဲ၊ ဆွေးနွေးပွဲတွေမှာဆိုရင် လုပ်ငန်းရှင် တွေကို ဘဏ်မှာငွေချေးမယ်ဆိုရင် ကော်မရှင်ခ မပေးရဘူးဆိုတာ အတိအကျကိုပြောထားတယ်။ ဒါပေမဲ့ အပြင်မှာတချို့တွေကျတော့ ကော်မရှင်တွေ ဘာတွေ ပေးရတယ်လို့ ကြားရတယ်။ ဒါတွေကတော့ ဘဏ်မှာလုပ်မယ်ဆိုရင် ဂုဏ်သိက္ခာပိုင်းအရ ဒါကို ထိန်းသိမ်းဖို့လိုတယ်။ ချေးငွေရဖို့အတွက် ကော်မရှင်ခ ပေးရတယ်ဆိုတာမျိုးကြားရင် ကျွန်တော်တို့ကို ပြောပါ။ ကျွန်တော်တို့ဝန်ထမ်းတွေ ကျွန်တော် အပါအဝင် လာဘ်မစားပါဘူးဆိုတဲ့ Anti-Bribery မှာလက်မှတ်ထိုးထားကြတဲ့အတွက် ဖောက်ဖျက်ရင် အရေးယူရမှာပါ။

The Voice : JICA ရဲ့ နှစ်ဆင့်ချေးငွေနဲ့ လုပ်ငန်းရှင် ဘယ်လောက်၊ ချေးငွေပမာဏ ဘယ်လောက်အထိ ချေးပြီးပြီလဲ။

SDNK : JICA ချေးငွေက စချေးတာ တစ်နှစ် လောက်တော့ရှိပြီ။ လုပ်ငန်းရှင် ၃၉ ယောက်ကို ချေးငွေထုတ်ပေးထားတယ်။ ချေးငွေပမာဏကတော့ ကျပ်သန်းပေါင်း ၉၀၀၀ ကျော်ပြီ။ချေးထားတဲ့ လုပ်ငန်းတွေမှာ စက်ရုံ၊ အလုပ်ရုံ၊ အထည်ချုပ် စက်ရုံတွေ များတယ်။ စတီးလ်ထုတ်တဲ့လုပ်ငန်းတွေ၊ ဟိုတယ်လုပ်ငန်းတွေ ပါတယ်။

The Voice : ခုချိန်ထိ ပြည်တွင်း SME လုပ်ငန်းတွေ အတွက် ချေးငွေရဖို့ ခက်ခဲနေသေးတယ်၊ ဒီလုပ်ငန်း တွေ ဖွံ့ဖြိုးဖို့ ငွေကြေးထောက်ပံ့မှုအပြင် ဘာတွေ လိုအပ်မလဲ။

SDNK : SME တွေဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာကဘဏ်တစ်ခုတည်းနဲ့ လုပ်လို့မရဘူး။ အစိုးရဘက် ကလည်း ထောက်ပံ့မှုတွေ အများကြီးလိုတယ်၊ ဥပမာ CGI လိုဟာမျိုးပေါ့။ အဲဒီလိုထောက်ခံပေး တာမျိုးတွေမရှိရင် ဘဏ်တွေဘက်ကလည်းဆုံးရှုံး နိုင်ခြေကိုချိန်နေရတာပေါ့။ ဘဏ်ရဲ့ပိုက်ဆံဆိုတာက ပြည်သူတွေကယုံကြည်လို့အပ်နှံထားတဲ့ပိုက်ဆံ တွေ။ ဒါကို ဘဏ်က မှန်ကန်တဲ့လုပ်ငန်းတွေကို ထုတ်ချေးနိုင်မှဖြစ်မှာပေါ့။ အဲဒီလိုမဟုတ်ဘဲ ဗြဲလရမ်းကြီး ပိုက်ဆံရှိတိုင်းထုတ်ချေးနေရင်တော့ လောက်တောင် လောက်မှာမဟုတ်ဘူး။ SME တွေဘက်မှာလည်း ဘာတွေ့ရလဲဆိုတော့ သူတို့က SME ဆိုမှတော့ လုပ်ငန်းလိုင်စင် ဘယ်ရှိမှာတုန်း၊ အခွန်ဆောင်ထားတာဘယ်ရှိမှာတုန်းတို့ ပြောကြ တယ်။ လုပ်ငန်းလုပ်ပြီဆိုရင်တော့ SME လုပ်ငန်း မှတ်ပုံတင်တာငါးထောင်လောက်ပဲ ကုန်တာပါ။ ဒါလုပ်သင့်တယ်။ သက်ဆိုင်ရာအခွန်ကိုလည်းပေးသင့်တယ်။ အခွန်ဌာနဘက်ကလည်း SME တွေကို ကုန်ထုတ်လုပ်တဲ့ လုပ်ငန်းတွေကိုအခွန်လျှော့ပေါ့ တာတို့၊ သက်သာခွင့်တို့လုပ်ရမှာပေါ့နော်။ ဥပမာလုပ်ငန်းတစ်ခုကဘဏ်ချေးငွေရဖို့ အခွန်ဆောင်ဖို့ လိုတယ်ဆိုရင် သွားဆောင်တယ်ပေါ့။ ဒါကိုအခွန် ဌာနကအခွန်တွေ အများကြီးကောက်လိုက်တာမျိုး၊ လုပ်ငန်းရှင်ရဲ့ လိုအပ်ချက်အပေါ်မှာအဲဒီလိုလုပ်တာ မျိုးတွေ မဖြစ်သင့်ဘူး။ တာဝန်လည်း သိရမယ်၊ စေတနာလည်းထားတတ်ရမယ်။ ကိုယ်ချင်းစာတရား လည်းရှိရမယ်။ ကျွန်တော်တို့ဘဏ် ဆိုရင်လည်း လုပ်ငန်းရှင်က ချေးငွေလျှောက်တာကို အချိန်တွေ အကြာကြီးဆွဲထားတာမျိုး မလုပ်ရဘူး၊ မလုပ် သင့်ဘူးပေါ့။ ဒါက ကျွန်တော့်ရဲ့အမြင်ပါ။

The Voice : အခုလက်ရှိငွေချေးပေးတဲ့ပုံစံကအပေါင် ပြရင် ပြ၊ မပြရင် CGI နဲ့ ချေးပေါ့။ အခု JICA ၊ KFW ချေးငွေတွေကိုရော အပေါင်မပါဘဲနဲ့ဖြစ်ဖြစ်၊ တခြားပုံစံတစ်မျိုးမျိုးနဲ့ ချေးဖို့ရှိလား။

SDNK : ရေရှည်မှာတော့ JICA နဲ့ မြန်မာ့ အာမခံပေါင်းပြီးတော့ CGI လိုမျိုးအပေါင်ပစ္စည်း မပါဘဲချေးဖို့တော့ လုပ်နေတာရှိတယ်။ သေချာတော့ မပြောတတ်သေးဘူး။ KFW ချေးငွေကိုလောလော ဆယ် နှစ်မျိုးတော့ စဉ်းစားနေတယ်။ ပုံမှန်မရွှေ့ ပြောင်းနိုင်တဲ့ အပေါင်အာမခံနဲ့ ချေးတာအပြင် အကယ်၍ လုပ်ငန်းရှင်မှာကုန်ပစ္စည်း Stock ရှိတယ်၊ ဒါမှမဟုတ် ကုမ္ပဏီတစ်ခုကနေ လုပ်ငန်းလုပ်ဖို့ ကန်ထရိုက်ရထားတယ် ဆိုပါတော့၊ ကျွန်တော်တို့ က ဒီကန်ထရိုက်စာချုပ်ကိုကြည့်ပြီးတော့ ချေးငွေ ထုတ်ချေးတာမျိုး၊ Contract Financing လုပ်ကြည့်ချင်တယ်။ ဒါကလောလောဆယ်တော့ စဉ်းစားနေတုန်းပါ။ 

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *