ကျည်ထောင်စုသစ္စာ သရော်စာ ဖော်ပြမှုအတွက် တပ်မတော်က တရားရုံးတွင် ထပ်မံဦးတိုက်လျှောက်ထား


ရန်ကုန်၊ ဇွန် ၂၅

မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော ‘ကျည်ထောင်စုသစ္စာ’ သရော်စာနှင့် ပတ်သက်၍ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနှင့် ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်တို့ကို အရေးယူပေးရန် ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက ဗဟန်းမြို့နယ် တရားရုံးတွင် ထပ်မံဦးတိုက် လျှောက်ထားခဲ့ကြောင်း ဗဟန်းမြို့မ ရဲတပ်ဖွဲ့စခန်းမှ ဇွန်လ ၂၃ ရက် ရက်စွဲဖြင့် The Voice ထံ ပေးပို့ခဲ့သည်။

ဗဟန်းမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထားသူ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းမှာ ‘ကျည်ထောင်စုသစ္စာ’ သရော်စာနှင့် ပတ်သက်၍ မေလ ၁၇ ရက်က ဗဟန်းမြို့မ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သူလည်းဖြစ်ပြီး ယင်းသရော်စာနှင့် ပတ်သက်၍ ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ထွန်းထွန်းဦးက စာနယ်ဇင်းကောင်စီသို့ တိုင်ကြားထားခြင်းကို မသိရှိရကြောင်း တရားခွင်၌ ထွက်ဆိုခဲ့သူ ဖြစ်သည်။

“အခု သူတို့တရားရုံးမှာ ဦးတိုက်လျှောက်တာကတော့ The Voice နေ့စဉ်ထုတ် သတင်းစာမှာ ဖော်ပြတဲ့ သရော်စာဆောင်းပါးအတွက် အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှကိုကိုမောင်ကို တရားရုံးမှာ ဦးတိုက်လျှောက်ထားတာပေါ့။ အခုစစ်နေတာက အွန်လိုင်းမှာ တင်တဲ့ဟာလို့ ရဲက ပြောပါတယ်။ အခု ဒါကတော့ သတင်းစာမှာ ဖော်ပြတဲ့အတွက် တိုင်တာပေါ့ဗျာ။ အွန်လိုင်းမှာက ရဲစခန်းမှာ သွားတိုင်တယ်။ သတင်းစာကျ တရားရုံးမှာ ဦးတိုက်လျှောက်တာပေါ့၊ သူတို့ အခု ဒီအမှုကိုပဲ ထပ်တိုင်တယ် ဆိုတာက လက်ကလွှတ်ရင် ခြေကမလွတ်ဖြစ်အောင် ဆိုတဲ့ စိတ်ကူးနဲ့” ဟု ဦးကျော်မင်းဆွေ၏ အကျိုးဆောင် ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ပြောကြားသည်။

The Voice နေ့စဉ်ထုတ် သတင်းစာတွင် ဖော်ပြခဲ့သော ‘ကျည်ထောင်စုသစ္စာ’ သရော်စာနှင့် ပတ်သက်၍ တရားရုံးတွင် ဦးတိုက်လျှောက်ထားမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ စစ်ဆေးမှုကို လက်ခံမည် မဟုတ်ကြောင်း ဦးခင်မောင်မြင့်က ဆိုသည်။
“သတင်းစာမှာ ဖော်ပြတဲ့ သရော်စာကို မီဒီယာရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြခဲ့တာပါ။ အဲဒီအတွက် ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) နဲ့ အမှုရင်ဆိုင်နေပါတယ်။ နောက်တစ်ကြိမ် အစစ်ဆေးမခံတော့ဘူး၊ ပထမအကြိမ် ရဲစခန်းမှာ အမှုဖွင့်တဲ့ ဒုတိယဗိုလ်မှူးကြီး လင်းထွန်းရဲ့ တိုင်ကြားစာမှာ နှစ်ခုစလုံးအတွက် ပါပြီးသားပါ” ဟု ၎င်းက ဆိုသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခံခဲ့ရသော ဦးကျော်မင်းဆွေနှင့် ဗြိတိသျှကိုကိုမောင်တို့ကို ဇွန်လ ၂ ရက်တွင် ဗဟန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးခဲ့ပြီး တရားစွဲခံရသ နှစ်ဦးအနက် ဗြိတိသျှကိုကိုမောင်အပေါ် စွဲဆိုထားမှုကို အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ၏ ထွက်ဆိုချက်နှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး၏ မှတ်ချက်အရ ဗဟန်းမြို့နယ် တရားရုံးက ဇွန် ၁၆ ရက်နေ့တွင် ပိတ်သိမ်းခဲ့သည်။

ဦးကျော်မင်းဆွေသည် ‘ကျည်ထောင်စုသစ္စာ’ သရော်စာကို သူ၏ ပုဂ္ဂလိက ကိုယ်ပိုင် Facebook Account မှ Post သို့မဟုတ် Status အဖြစ် လွှင့်တင်ဖော်ပြခဲ့ခြင်း မရှိသည့်အပြင် အခြားပုဂ္ဂိုလ်တစ်ဦးဦး၏ Post သို့မဟုတ် Status တွင် Comment အဖြစ် ရေးသားခဲ့ခြင်း မရှိကြောင်း၊ အယ်ဒီတာချုပ်၏ လုပ်ငန်းတာဝန်အရ သတင်းစာနှင့် တရားဝင် လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းကို အကြောင်းပြု၍ တရားစွဲဆိုမည် ဆိုပါက သတင်းမီဒီယာ ဥပဒေအရသာ တရားစွဲဆို ဆောင်ရွက်ရမည်ဖြစ်ပြီး ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ) ဖြင့် တရားစွဲဆိုထားမှုမှာ ဥပဒေကြောင်းအရ အလွန်လွဲမှားနေပြီး သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ ဖြင့်သာ စွဲဆိုနိုင်ကြောင်း ဦးကျော်မင်းဆွေ၏ အကျိုးဆောင်ရှေ့နေ ဦးမျိုးသိန်းက ဆိုသည်။

သတင်းမီဒီယာ ဥပဒေတွင် ‘ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ လူမျိုးတစ်မျိုးကို အကြောင်းပြု၍ ပဋိပက္ခ ဖြစ်စေနိုင်သော လှုံ့ဆော်ရေးသားမှုမှ ရှောင်ကြဉ်ခြင်း’ ကို ချိုးဖောက်ခဲ့လျှင် တည်ဆဲဥပဒေတစ်ရပ်ရပ်ဖြင့် အရေးယူခြင်း ခံရမည်ဟု ပြဋ္ဌာန်းထားပြီး အခြားကျင့်ဝတ် ဖောက်ဖျက်မှုများအတွက် သတင်းမီဒီယာ ဥပဒေပုဒ်မ ၂၅ အရသာ အရေးယူရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းသို့ ဥပဒေကြောင်းအရ မှားယွင်းတရားစွဲခံရမှုကြောင့် အာမခံမရဘဲ အမှုရင်ဆိုင်နေရသဖြင့် ညှိနှိုင်းဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန်ကြီး၊ သတင်းမီဒီယာကောင်စီနှင့် ခရိုင်ဥပဒေရုံးသို့ အကြောင်းကြားစာများ ပေးပို့ထားကြောင်း The Voice Daily အယ်ဒီတာအဖွဲ့ထံမှ သိရသည်။

“၆၆ (ဃ) နဲ့ အမှုဖွင့်ဖို့ တိုင်ကြားတာ မဟုတ်ပါဘူးဟု ဒုတိယဗိုလ်မှူးကြီး လင်းထွန်း ကိုယ်တိုင် တရားခွင်မှာ ထွက်ဆိုထားပါတယ်၊ သတင်းမီဒီယာ ဥပဒေကို နားမလည်ဘဲ ရဲစခန်းက ၆၆ (ဃ) နဲ့ တပ်လိုက်တာပါ။ ဒီလိုမှားယွင်းနေတာကို မြို့နယ်ဥပဒေရုံးက မပြင်ဆင်ဘဲ ထပ်မှားခဲ့ပါတယ်” ဟု ဦးမျိုးသိန်းက ဆိုသည်။

အလားတူ ၁၉၇၃-ခုနှစ်၊ စကားရပ်များအနက် -အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေ၊ ပုဒ်မ -၃(ဆ)တွင် ‘ရှေးဦးကျသည့် ဥပဒေ ပြဋ္ဌာန်းချက်နှင့် နောက်ကျသော ဥပဒေ ပြဋ္ဌာန်းချက်တို့ ကွဲလွဲဆန့်ကျင်နေပါက နောက်ကျသော ဥပဒေက အတည်ဖြစ်စေရမည်’ ဟု ပြဋ္ဌာန်းထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *