နိုင်ငံခြားသားတို့အတွက် ခွင့်ပြုသွင်းကုန် အမယ်အသစ် အဖွင့်လား၊ အပိတ်လား

The Voice

ပြည်တွင်းလုပ်ငန်းရှင်များကိုသာ တင်သွင်းခွင့်ပြုခဲ့သည့် လုပ်ငန်းသုံးပစ္စည်းများကို ယခုအခါ နိုင်ငံခြား လုပ်ငန်းရှင်များကို တင်သွင်းခွင့်ပေးမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လ ၁၂ ရက်တွင် ကြေညာသည်။

အဆိုပါကြေညာချက်အရမျိုးစေ့၊ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ ဆေးရုံသုံး ကိရိယာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို နိုင်ငံခြားသားလုပ်ငန်းရှင်များ တင်သွင်းခွင့်ရရှိမည် ဖြစ်သည်။

ယင်းသို့ခွင့်ပြုရာတွင် တင်သွင်းမည့် ကုမ္ပဏီသည် ကူးသန်းရောင်းဝယ်ရေးလိုင်စင်ရရှိရန်၊ တင်သွင်းသည့် ကုန်ပစ္စည်းသည် သတ်မှတ်ထားသည့် စံချိန်စံညွှန်း များနှင့်အညီတင်သွင်းရန် အစရှိသည့် ကန့်သတ်ချက်များ လည်းပါဝင်သည်။

ပြည်တွင်းဈေးကွက်အတွင်း ဓာတ်မြေဩဇာကဲ့သို့ လယ်ယာကဏ္ဍနှင့်  ဆက်စပ်သည့် ကုန်စည်များမှာယှဉ်ပြိုင် မှုနည်းသည့် ဈေးကွက်ဖြစ်သည်။ဓာတ်မြေ ဩဇာတင်သွင်းမှုသည် ပြည်တွင်းလုပ်ငန်း ရှင်အနည်းစုသာ လုပ်ကိုင်လျက်ရှိပြီး တစ်နှစ်လျှင် အမေရိကန်ဒေါ်လာသန်းနှင့် ချီသော ဈေးကွက်ကြီးဖြစ်သည်။

ပြည်ပယှဉ်ပြိုင်မှု ဝင်ရောက်လာချိန် တွင် ပြည်တွင်းဈေးကွက်ရှိ ဓာတ်မြေဩဇာ ဈေးနှုန်းများ ကျဆင်းနိုင်သည်ဟုမျှော်လင့်ကြောင်း ဧရာဝတီတိုင်းဒေသကြီးဒေးဒရဲ မြို့နယ် သင်ပေါင်းချောင်ကျေးရွာမှ လယ်သမား ဦးကျော်ထက်က ဆိုသည်။

သို့သော်လည်း ပြည်တွင်းလုပ်ငန်း ရှင် အချို့ကမူတွေးဆရမည့်ကိစ္စကို ထောက်ပြကြသည်။

“ဓာတ်မြေဩဇာနဲ့ သွင်းအားစု တွေ ဆိုတာကလည်း လယ်သမားတွေ ခံရသလို ကျန်တဲ့ဟာလည်းလူတွေ ခံရ မှာပဲ။ အရည်အသွေးညံ့ဖျင်းတဲ့ဟာ ဈေးပေါပေါနဲ့ ဆော်တော့မှာပေါ့ဗျာ”ဟု  ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ် (UMFဃဃ) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။

ယခုကဲ့သို့ ကုန်သွယ်ရေးပိုင်းကို ပြည်ပကုမ္ပဏီများ လုပ်ကိုင်ခွင့်ပေးခြင်အတွက် အခြားတစ်ဖက်တွင်လည်း စဉ်းစားစရာများရှိကြောင်း ပြည်တွင်းလုပ်ငန်းရှင်များကထောက်ပြကြသည်။

“ဈေးကွက်က ဒီလိုဖွင့်ပေးတာ တော့ကောင်းပါတယ်။ ဒါပေမဲ့ တစ်ဖက်ကလည်း ပြန်ကြည့်ရမယ့် အပိုင်းက ဘာလဲ ဆိုတော့ ကုန်သွယ်မှုကိုလွယ်လွယ်ကူကူခွင့်ပြုရင် ရင်းနှီးမြှုပ်နှံမှုကို တချို့က စိတ်ဝင်စားမှု နည်းသွား နိုင်တယ်”ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

လယ်ယာကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ ပြီးခဲ့သည့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် တက်မလာသကဲ့သို့ ယနေ့ အစိုးရလက်ထက်တွင်လည်း ရင်းနှီးမြှုပ်နှံမှု တက်မလာသေးချေ။ သမ္မတဦးထင်ကျော် တာဝန်ယူချိန်မှ ယနေ့အထိလယ်ယာ ကဏ္ဍသို့ ပြည်ပရင်းနှီးမြှုပ်နှံမှု ဝင်ရောက် သည့် ပမာဏမှာအမေရိကန်ဒေါ်လာ ၄ ဒသမ ၈၀၉ သန်းသာရှိသည်။

“အကုန်လုံးကို နိုင်ငံခြားကနေ မှာယူတင်သွင်းပြီးဖြန့်ဖြူးတာ။ တစ်ခု တည်းက ရေတိုအတွက်ကတော့ အဆင် ပြေကောင်းပြေမယ်။ ရေရှည်မှာတော့ မြန်မာပြည်မှာ ဓာတ်မြေဩဇာစက်ရုံတွေ အများကြီးလာရောက် ရင်းနှီးမြှုပ်နှံဖို့ လည်း လိုသေးတယ်လေ”ဟု ဦးရဲမင်းအောင် ကရှင်းပြသည်။

ဦးရဲမင်းအောင်က ကုန်သွယ်မှုကို ဦးစားပေး၍ ရင်းနှီးမြှုပ်နှံမှုနည်းမည်ကို စိုးရိမ်နေခြင်းဖြစ်သည်။

ဓာတ်မြေဩဇာနည်းတူ အမေရိကန် ဒေါ်လာသန်းနှင့်ချီသော အခြားဈေးကွက် တစ်ခုမှာ ဆေးရုံးသုံးပစ္စည်းများတင်သွင်း သည့်ဈေးကွက်ဖြစ်သည်။ ဆေးဝါး ဈေးကွက်လည်း ထို့အတူပင်။သို့သော် လည်း ဆေးဝါးဈေးကွက်တွင် နိုင်ငံခြား ကုမ္ပဏီများ ဝင်ရောက်လုပ်ကိုင်ရန် အစိုးရ က ခွင့်မပြုပါ။

“ဒီ Medical Equipment ပိုင်းကတော့ ကုမ္ပဏီကြီးတွေအနေနဲ့ ဒီမှာ တိုက်ရိုက် ရုံးခန်းဖွင့်ပြီးတော့ တိုက်ရိုက် ရောင်းတာ နည်းသေးတယ်ပေါ့နော်။ များသောအားဖြင့် ဒီမှာ Local ကုမ္ပဏီတွေကို Distributor ပေးပြီးတော့၊ Dealer ပေးပြီးတော့ ရောင်းတာပဲ များတယ်ပေါ့နော်။ ကုမ္ပဏီကြီးတွေအနေနဲ့  အခုထိလည်း မဝင်ကြသေးဘူး ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့ မှန်းတာကတော့ မကြာခင်မှာ ဝင်လာလိမ့်မယ်လို့ မှန်းထား တယ်”ဟု Medi Tech ကုမ္ပဏီဥက္ကဋ္ဌ  ဒေါက်တာမျိုးမြင့်ဦးက ဆိုသည်။

မြန်မာနိုင်ငံသည် စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာတွင် အားနည်းချက်များရှိရာ အစိုးရက မည်သို့ ကြပ်မတ်မည် ဆိုသည့် မေးခွန်းများလည်း ပေါ်ထွက်လာခဲ့သည်။

“ဒီမှာက Rule and Regulation (စည်းမျဉ်းစည်းကမ်း) ပေါ့နော်။ အဲဒီလိုမျိုး စည်းကမ်းသတ်မှတ်ချက်တွေက တိတိကျကျ ပြတ်ပြတ်သားသားမရှိသေးတဲ့အတွက် နိုင်ငံပေါင်းစုံကနေ ဖြစ်ချင်သလိုလာပြီး Dump (အမှိုက်စွန့်သလို) လုပ်မှာ ကြောက်ရပါတယ်” ဟု ဒေါက်တာ မောင်မောင်လေးကဆိုသည်။

မြန်မာနိုင်ငံတွင် စည်းမျဉ်းစည်းကမ်းများ တင်းကျပ်မှုမရှိခြင်း၊ ကုန်စည်များ၏ စံချိန်စံညွှန်းများကို ပြတ်ပြတ်သား သားသတ်မှတ်မထားခြင်းကြောင့် ပြည်ပနိုင်ငံများမှ အရည်အသွေးမပြည့်သည့်ပစ္စည်းများ တင်သွင်းလာမည် ကို စိုးရိမ်ရကြောင်း ဒေါက်တာမောင်မောင်လေးက ဆိုသည်။

“ပြည်ပကပဲ သွင်းနေတော့ ကျွန်တော်တို့ ပြောတာက ကုမ္ပဏီပေါင်းစုံ၊ အိမ်နီးနားချင်းနိုင်ငံကကော အကုန်လုံး က လာဖွဲ့ပြီးတော့ လုပ်စားသွားလို့ရပါတယ်။ ဒါကိုထိန်းသိမ်းဖို့ တော်တော်တော့ ခက်တယ်ဗျ”ဟု ၎င်းကပြောကြားသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အဆိုပါထုတ်ပြန်ချက်တွင် ဆောက်လုပ်ရေးသုံးပစ္စည်းများ လည်း ပါဝင်သည်။

ဆောက်လုပ်ရေးသုံး ပစ္စည်းများ တင်သွင်းရောင်းချသူ ဦးဌေးနိုင်လင်းက ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများ တင်သွင်းခွင့်ကို ပြည်ပကုမ္ပဏီများသို့ ခွင့်ပြုလိုက်ခြင်းသည် ပြည်တွင်းအသေးစား နှင့် အလတ်စား လုပ်ငန်းရှင်များအတွက် အခက်တွေ့နေကြောင်းပြောကြားသည်။

“သူတို့ကစီးပွားလာရှာတာလေ။ Customer တွေအတွက်ကတော့ ကောင်းမယ်လို့ မပြောနိုင်ဘူး။ သူတို့က ကျွန်တော်တို့ပေးတဲ့ ဈေးနှုန်းလို လျှော့လုပ်မှာလည်း မဟုတ်ဘူးလေ။ ဒီဈေးနှုန်း အတိုင်းပဲလေ။  Customer ကို ချက်ချင်း ဘာအကျိုးအမြတ်မရှိနိုင်ဘူး”ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံသည် ကိုယ်ကျိုးစီးပွား ကာကွယ်မှု (Protectionism) နှင့် အမျိုးသား အကျိုးစီးပွား(Nationalism) ကို ကွဲပြားမှုမရှိကြောင်း ဒေါက်တာ မောင်မောင်လေးက ဆိုသည်။

တရုတ်နိုင်ငံတွင် အမျိုးသားအကျိုး စီးပွားအတွက် ဆန်တင်သွင်းမှုကို ပိတ်ပင် ထားပြီး အမေရိကန်နိုင်ငံတွင် သမ္မတ ဒေါ်နယ်ထရမ့်တက်လာပြီးနောက် အမျိုးသားအကျိုးစီးပွားကို အဓိကထား လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ၎င်းကဆို သည်။

“ဒါကိုယ့်လူမျိုး၊ ကိုယ့်အကျိုးကိုယ့် နိုင်ငံသားချမ်းသာအောင်လို့ Protect လုပ်ရမယ့်တာဝန်က အစိုးရတိုင်းမှာ တာဝန်ရှိပါတယ်”ဟု ၎င်းကပြောကြားသည်။

သို့သော်လည်း အခြားဘက်တွင် တောင်သူလက်ထအရောက် အဆင့်ဆင့် ဖြန့်ဖြူးလာသော ဓာတ်မြေဩဇာ များကို တောင်သူများက ဈေးကြီးစွာဝယ်ယူ သုံးစွဲနေရခြင်းကဲ့သို့ ဖြစ်စဉ်များလည်း ရှိသည်။

ထိုမျှမက စက်သုံးဆီဈေးကွက်တွင်လည်း အရည်အသွေးမမီသည့် စက်သုံးဆီများကို ဈေးနှုန်းကြီးမြင့်စွာ ကာလရှည်ကြာဝယ်ယူသုံးစွဲခဲ့ရသည့် သာဓကများလည်း ရှိခဲ့ဖူးသည်။ ယင်းကဲ့သို့ ပြည်တွင်းဈေးကွက် အတွက် ပြိုင်ဆိုင်မှုမရှိချိန်တွင် စားသုံးသူများသာ ဈေးနှုန်းကြီးမြင့်စွာခံစားခဲ့ရသည့် သာဓကများကြောင့် ယခု ဖြေလျှော့မှု အပေါ် လယ်သမားအချို့က ကြိုဆိုကြသည်။

ကုန်သွယ်ရေးကဏ္ဍ၏ ယခုဖြေလျှော့မှုတွင် ပြည်ပကုမ္ပဏီများကို မျိုးစေ့များလည်း တင်သွင်းခွင့်ပြုထားရာ အရည်အသွေးကောင်းသော သီးနှံမျိုးစေ့များကို လည်း စိုက်ပျိုးနိုင်ခြေရှိနိုင်ကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်မှ တောင်သူ ဦးလှဝင်းက မှတ်ချက်ပြုသည်။

မူဝါဒအပြောင်းလဲတစ်ခုတွင် အသာရသူနှင့် အနာခံရသူများက ရှိစမြဲဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုဥပဒေကို လွှတ်တော်၌ ဆွေးနွေးခဲ့စဉ်ကလည်း ယခုထက်ပိုမို၍ အပြင်းအထန် ပင် ဝိဝါဒ ကွဲပြားခဲ့ကြသည်။

ကိုယ်ကျိုးစီးပွားကာကွယ်လိုသူနှင့် စားသုံးသူများအတွက် ပြိုင်ဆိုင်မှုရှိသော ဈေးကွက်ဖြစ်ပေါ်လာရေး ဦးတည်သူတို့ ကြားပွတ်တိုက်မှုများမှာ မူဝါဒအပြောင်းအလဲတစ်ခု ထွက်ပေါ်လာတိုင်း ရှိခဲ့ဖူးသည်။

သို့သော်လည်း ပြည်တွင်းအသေးစားနှင့် အလတ်စားလုပ်ငန်းများမှာ ပြည်ပကုမ္ပဏီများနှင့် ယှဉ်ပြိုင်ရန်မဆိုနှင့် ပြည်တွင်း၌ပင် ရပ်တည်ရန် အခက်ကြုံနေရသည်ဟု ဆောက်လုပ်ရေးသုံးပစ္စည်းများ တင်သွင်းရောင်းချသူ ဦးဌေးနိုင်လင်း ကဆိုသည်။

“ဘာဖြစ်နိုင်လဲဆိုတော့ ကျွန်တော်တို့ ပြည်တွင်း Local က စားနေတဲ့ ထမင်းအိုးထဲကနေ သူတို့ကို တစ်ဝက်ခွဲ ပေးလိုက်ရတာပဲရှိတယ်။ ကျွန်တော်တို့ ဆယ်ယောက်စာကနေ ငါးယောက်စာပဲ မ၀တော့ဘူးပေါ့”ဟု ၎င်းကဆိုလေသည်။

ဈေးကွက်ကိုဖွင့်ပေးမည် သို့မဟုတ် ပိတ်မည်ဆိုသည်မှာ တစ်ထစ်ချပြောရန် လွယ်မည်မဟုတ်ပေ။ သို့သော်လည်း ပြည်တွင်းစီးပွားရေးအခြေအနေနှင့် လုပ်ငန်းလိုအပ်ချက်ကိုလိုက်၍  ဈေးကွက်အတွက် မူဝါဒချမှတ်ရသည်ပင်။ ဈေးကွက်အဖွင့်တွင် လေကောင်းလေသန့်များရနိုင်သကဲ့သို့ ခြင်၊ ယင်များလည်းဝင်လာ နိုင်ပေသည်။

အစိုးရ၏ မူဝါဒနှင့်ပတ်သက်၍ UMFCCI ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးကယခုလိုဆိုသည်။

“ Trading (ကုန်သွယ်ရေး) က တိုင်းရင်းသားလုပ်ငန်းရှင်တွေ အကုန်လုံး လုပ်တတ်ပါတယ်။ ဒါလေးတွေကို ဖြည်းဖြည်း၊ ဖြည်းဖြည်းမှ ဖွင့်ပေးပြီးတော့ Step by Step (တစ်ဆင့်ချင်းတစ်ဆင့်) သွားသင့်ပါတယ်။  Step by Step မသွားရင် အိုးနင်းခွက်နင်းဖြစ်တတ်ပါတယ်” ။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *