လျှပ်စစ်အတွက် မြန်မာတို့ရွေးချယ်ချိန်

ရဲနိုင်ဦး၊ ဥမ္မာလွင်

မြန်မာသည် ရွေးချယ်ရတော့မည်။ မြန်မာ့ပကတိအခြေအနေနှင့် ကိုက်ညီ သည့် တစ်စုံတစ်ခုသို့မဟုတ် ထိုထက်ပို၍ ရွေးချယ်ရပေလိမ့်မည်။

“ဆင်းရဲနွမ်းပါးမှုဆိုတာ သဘာဝ အရ ဖြစ်တည်တာမဟုတ်ဘူး။ လူတွေလုပ် တာ” ဟု တောင်အာဖရိကသမ္မတ နယ်လ်ဆင်မင်ဒဲလားက ပြောခဲ့ဖူးသည်။

ဒီမိုကရေစီခရီး အစရောက်နေသည့် မြန်မာကို ခြိမ်းခြောက်နေသည့်ပြဿနာမှာ ဆင်းရဲနွမ်းပါးမှုဖြစ်သည်။ ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံစာရင်းဝင် မြန်မာတွင် သမ္မတဦးထင်ကျော်အစိုးရ တက်လာပြီးနောက် ယခင်အစိုးရများနည်းတူ ဆင်းရဲနွမ်းပါးမှု၏ ခြိမ်းခြောက်ခံနေရသည်။

မြန်မာ့လူဦးရေ၏ ၂၅ ဒသမ ၆ ရာခိုင်နှုန်းသည် ကမ္ဘာကသတ်မှတ်ထား သည့် ဆင်းရဲနွမ်းပါးမှုမျဉ်းအောက်ကျရောက် လျက်ရှိသည်။ အရှေ့တောင်အာရှနိုင်ငံများ အနက် အဆင့် ၈ နေရာတွင် ရပ်တည် လျက်ရှိပြီး လာအိုနှင့် ဖိလစ်ပိုင်နိုင်ငံတို့ နောက်၌ ရပ်တည်လျက်ရှိကြောင်း အာရှ ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ADB အစီရင်ခံစာများကဖော်ပြသည်။

ဆင်းရဲနွမ်းပါးမှုကို အဆုံးသတ်ရန် လျှပ်စစ်မီးလိုပါသည်။ အကြောင်းမှာ လျှပ်စစ်မီးမရှိဘဲမည်သည့်နိုင်ငံမျှ ကမ္ဘာ့စီးပွားရေး၊ စစ်ရေးအင်အားကြီးနိုင်ငံဖြစ် မလာသောကြောင့်ပင်။

ထို့ကြောင့် မြန်မာသည် တစ်ခုခုကို တော့ ရွေးချယ်ရပေလိမ့်မည်။

အရှိတရားကို အာရုံစိုက်ခြင်း

ပထဝီအနေအထား အားသာချက်နှင့် မည်မျှပင် အခွင့်အလမ်းကောင်းများ ရှိနေသည်ဖြစ်စေ မြန်မာ့လက်ရှိပကတိ တရားကိုမျက်ကွယ်ပြုရန် မဖြစ်နိုင်ပေ။

မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ် စာရင်းများအရလူတစ်ဦး၏ လျှပ်စစ်သုံးစွဲမှုက တစ်နှစ်လျှင် ၂၂၂ မဂ္ဂါဝပ်ဖြစ်သည်။ မြန်မာ နိုင်ငံသည် တစ်ဦးချင်းလျှပ်စစ်ဓာတ်အား သုံးစွဲမှုတွင် အာဆီယံနိုင်ငံများအနက် အောက်ဆုံးတွင်ရှိသည်။ နိုင်ငံဖွံ့ဖြိုးလာသည်နှင့်အမျှ လူတစ်ဦး၏ လျှပ်စစ်သုံးစွဲမှုသည် တိုးတက်လာလျက်ရှိသည်။

မြန်မာနိုင်ငံတွင် အိမ်ထောင်စု စုစုပေါင်း၏ ၃၃ ရာခိုင်နှုန်းသာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားရရှိပြီး အစိုးရက ခက်ခက်ခဲခဲဖြန့်ဝေနေရခြင်း ဖြစ်သည်။ ကျန်ရှိသည့် အိမ်ထောင်စု ၆၇ ရာခိုင်နှုန်းမှာ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ဓာတ်အားမရ။ (ဒီဇယ်၊ ကိုယ်ပိုင် အစီအစဉ်စသည့် အခြားနည်းဖြင့် ဈေး ကြီးပေးပြီး လျှပ်စစ်ဓာတ်အားရသူများလည်း ၆၇ ရာခိုင်နှုန်းတွင် ထည့်တွက် ထားသည်) မြန်မာတွင် လူတစ်ရာလျှင် ၂၅ ဦးသာ လျှပ်စစ်မီးရသည်။ လာအိုတွင် လူတစ်ရာလျှင် လူ ၈၀ က လျှပ်စစ် မီးရသည်။ ဗီယက်နမ်တွင် လူတစ်ရာလျှင် ၉၇ ဦးက လျှပ်စစ်မီးရသည်။

စီးပွားရေးအင်အားရှိရန် လျှပ်စစ်လိုသည်။ ကိန်းကဏန်းများက ညွှန်းဆိုသော မြန်မာ့စီးပွားရေးအခြေအနေကို လေ့လာကြည့်လျှင် မြန်မာသည် ယခုတိုင် ဖွံ့ဖြိုးမှုအနည်းဆုံး (Least Developed Country -LDC) စာရင်းဝင်နိုင်ငံဖြစ် သည်။ Doing Business တွင် မူ မြန်မာ့နိုင်ငံသည် လုပ်ငန်းလုပ်ကိုင်ရန် ခက်ခဲသည့် နိုင်ငံများစာရင်းတွင် အဆင့် ၁၇၀ ရှိနေသည်။ အဓိကတစ်ချက်မှာ လျှပ်စစ်မီးမရရှိသောကြောင့် ဖြစ်သည်။

လက်ရှိအစိုးရလက်ထက်တွင်လည်း စီးပွားရေးကျဆင်းလျက်ရှိသည်ဟု မြန်မာ့စီးပွားရေးပညာရှင်များက သုံးသပ် ထားသည်။ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းမှာ ၂၀၁၅ ခုနှစ်တွင် ၇ ဒသမ ၃ ရာခိုင်နှုန်း ရှိရာမှ ၂၀၁၆ ခုနှစ်တွင် ၆ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိတော့သည်။

စီးပွားရေးမကောင်းသော မြန်မာ နိုင်ငံသည် ၂၀၁၀ က စတင်ခဲ့သည့် ရွှေလီ (၃) ရေအားလျှပ်စစ်စီမံကိန်းကို ယခုတိုင် ရပ်ဆိုင်းထားရသည်က သက်သေပင်ဖြစ်သည်။

 

လျှပ်စစ်ရရှိရာအရင်းအမြစ်များ

ယေဘုယျအားဖြင့် လျှပ်စစ်ရရှိရာ အရင်းအမြစ် ခုနစ်ခုရှိပါသည်။ ရေအားမှ ထုတ်ယူခြင်း၊ ကျောက်မီးသွေးမှ ထုတ်ယူ ခြင်း၊ သဘာဝဓာတ်ငွေ့မှ ထုတ်ယူခြင်း၊ နေစွမ်းအင်မှ ထုတ်ယူခြင်း၊ လေစွမ်းအင်မှ ထုတ်ယူခြင်း၊ သဘာဝဓာတ်ငွေ့မှ ထုတ်ယူ ခြင်း၊ ဒီဇယ်လောင်စာမှ ထုတ်ယူခြင်းနှင့် နျူကလီးယားစွမ်းအင်မှ ထုတ်ယူခြင်း တို့ဖြစ်သည်။

အရင်းအမြစ်မျိုးစုံ၏ အားနည်း ချက်၊ အားသာချက်များကို ဇယားတွင် ဖော်ပြထားသည်။

နျူကလီးယားကဲ့သို့သော လျှပ်စစ် ထုတ်ယူနည်းမှာ အကုန်အကျများရုံသာမက မြန်မာတွင် နည်းပညာလည်းမရှိချေ။ ပြည်ပကုမ္ပဏီများ လာရောက်လုပ်ကိုင် လျှင်လည်း နည်းပညာကို မြန်မာတို့ရရှိမည် မဟုတ်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အငြိမ်းစားဒုတိယဝန်ကြီး ဦးမော်သာထွေးက ဆိုသည်။ နျူးကလီးယားကြောင့်ဖြစ်လာ သော စွန့်ပစ်ပစ္စည်း (Nuclear Waste) အတွက်လည်း လက်ရှိအချိန်ထိတိုင် နိုင်ငံကြီးများပင် အဖြေရှာမရ။

ရေအားမှ ထုတ်ယူသည့် စွမ်းအင် သည်ပင် အားနည်းချက်များမကင်း။ နေရာရွေးချယ်မှုနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ လေ့လာဆန်းစစ်မှုများကို သေချာ မလုပ်ပါက ဒေသခံများထိခိုက်မှုရှိနိုင် သည်။ ရေများကို ထိန်းသိမ်းထားသည့် တာတမံများကို သဘာဝဘေးခံနိုင်ရန် အထိ စနစ်တကျ တည်ဆောက်ရန်လို သည်။ အဆိုပါတာတမံများ ကျိုးပျက်မှု ကြောင့် ထိခိုက်ဆုံးရှုံးရမှုများရှိနိုင်သည်။

သို့သော်လည်း အာရှ၏ ဘက်ထရီ ဟုတင်စားသော အိမ်နီးချင်းလာအိုနိုင်ငံ တွင် တည်ဆောက်ပြီး ရေအားလျှပ်စစ် စီမံကိန်း ၃၁ ခု၊ တည်ဆောက်ဆဲ ၆၄ ခု ရှိပါသည်။ ယင်းစီမံကိန်းများမှ မဂ္ဂဝပ် ၂၀၀၀၀ နီးပါး ရရှိမည်ဖြစ်သည်။

မြန်မာတွင်လည်း ရေအားလျှပ်စစ် ထုတ်ရန် အားသာချက်များရှိသည်။ မြန်မာ၏ အားသာချက်မှာ မြောက်မှ တောင်သို့ သွယ်တန်းစီးဆင်းနေ သော မြစ်ကြီးလေးစင်းရှိသည်။ (ဧရာဝတီ၊ သံလွင် ၊ စစ်တောင်း၊ ချင်းတွင်း)။ ရေချို အရင်းအမြစ် ပေါကြွယ်ဝသည်။ မြန်မာ တွင် နှစ်စဉ်စီးဆင်းသောရေချိုသည် တစ်ကမ္ဘာလုံး၏ ၂ ဒသမ ၅ ရာခိုင်နှုန်း၊ အာရှတိုက်၏ ၇ ဒသမ ၇ ရာခိုင်နှုန်း၊ အရှေ့တောင်အာရှ၏ ၁၆ ဒသမ ၇ ရာခိုင်နှုန်းရှိသည်။

အရင်းအမြစ်များအလိုက် ကောင်းကျိုး ဆိုးကျိုးများရှိသည်။ အရင်းအမြစ်များ အလိုက် လျှပ်စစ်တစ်ယူနစ် ထုတ်လုပ်မှု ကုန်ကျစရိတ်များကိုအောက်တွင် ဖော်ပြ ထားသည်။ အဆိုပါကုန်ကျငွေတွင် ဖြန့်ဖြူး ခြင်းအတွက် ထည့်သွင်းတွက်ချက်ထားခြင်းမရှိပါ။

ပုံ (၁)လျှပ်စစ်တစ်ယူနစ် ထုတ်လုပ်မှုစရိတ် (ကျပ်)


မြန်မာသည် ကိုယ့်အခြေအနေနှင့် လိုက်လျောညီထွေရှိသည့် အရင်းအမြစ် တစ်ခု သို့မဟုတ် ထိုထက် ပိုမိုရွေးချယ်၍ လျှပ်စစ်ထုတ်ရမည်ဖြစ်သည်။ ယင်းသို့ လျှပ်စစ်ထုတ်ယူရာတွင် ကာလတိုအတွက် အရင်းအမြစ်၊ ကာလရှည်အတွက် အရင်း အမြစ်ဟူ၍ သင့်လျော်ရာကိုရွေးချယ်နိုင် ပေသည်။

နိုင်ငံတိုင်းတွင် အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အားထုတ်ယူသည့်စနစ်ကို ကျင့်သုံးကြပါသည်။ မည်သည့်အရင်း အမြစ်မှ လျှပ်စစ်မည်မျှထုတ်မည်ဆိုသည့် အချိုးအစားကိုမူ နိုင်ငံ့စီးပွားရေးနှင့် အားသာချက်ပေါ်မူတည်၍ တွက်ဆကြပါ သည်။ မြန်မာအတွက် လာမည့် ၂၀၃၀ ပြည့်နှစ်တွင် ဖြစ်ပေါ်လာမည့် Generation Mix (လျှပ်စစ်ထုတ်ယူနိုင်သည့် အရင်း အမြစ်အချိုးအစား) ကို ပုံ (၂) တွင် ဖော်ပြထားသည်။

ပုံ(၂)၂၀၃၀ ခုနှစ်အတွက် မျှော်မှန်း Generation Mix (လက်ရှိတွင် ပြင်ဆင်ရန်စီစဉ်နေသည်)

၂၀၃၀-၂၀၃၁ ဘဏ္ဍာနှစ်တွင် မျှော်မှန်းထားသည့် Generation Mix အရ ကျောက်မီးသွေးကို ၃၃ ရာခိုင်နှုန်း အထိ တိုးမြှင့်၍ လျှပ်စစ်ထုတ်ယူရန် စဉ်းစားထားကြောင်းတွေ့ရသည်။

“Power Mix မှာ အမြန်ဆုံး လုပ်မယ်ဆိုတဲ့ အကြောင်းပြချက်ကို ဘဝင် မကျဘူး။ ကျောက်မီးသွေးကိုပဲ ဘာကြောင့် တွင်တွင်ပြောနေလဲ။ ပြန်ပြည့်မြဲစွမ်းအင် ၂၀ ရာခိုင်နှုန်းထက် ပိုလုပ်သင့်တယ်” ဟု ပြန်ပြည့်မြဲစွမ်းအင်အသင်း အထွေထွေ အတွင်းရေးမှူး ဦးအောင်မြင့်က ပြောကြားသည်။

ကျောက်မီးသွေးသည် လက်ရှိတွင် မြန်မာနိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ၏ ကန့်ကွက်မှု အခံရဆုံး အရင်းအမြစ်ဖြစ်လျက်ရှိသည်။ ကန့်ကွက်မှုများရခြင်းမှာ သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်သောကြောင့်ဖြစ်သည်။

ကျောက်မီးသွေးမှ လျှပ်စစ်ဓာတ် အားထုတ်ယူရာတွင် အဓိကအားသာချက် မှာ ကုန်ကျစရိတ်သက်သာခြင်းနှင့် အချိန် တိုအတွင်း မဂ္ဂါဝပ်များစွာထုတ်လုပ်နိုင် ခြင်းတို့ဖြစ်သည်။ ထို့ပြင် ကျောက်မီးသွေး ကုန်ကြမ်းသည် လာမည့်နှစ်ပေါင်း ၁၀၀ အထိ ဝယ်ယူနိုင်ခြင်း (မြန်မာနိုင်ငံတွင် ထွက်သည့် ကျောက်မီးသွေးမှာ လျှပ်စစ် ထုတ်ရန် အရည်အသွေးမပြည့်ချေ) တို့ကြောင့် ဖြစ်သည်။

“ကျောက်မီးသွေးတွင်းကို သွားဝယ် ထားတာက ဂျပန်တို့၊ အင်ဒိုတို့က။ ကျောက် မီးသွေးကို ဈေးကစားလို့မရအောင်လုပ်ဖို့ လိုတယ်” ဟု စိမ်းလန်းအမိဖြေဖွံ့ဖြိုး တိုးတက်ရေးအသင်းဥက္ကဋ္ဌ ဦးဝင်းမျိုးသူ က ဆိုသည်။

ကျောက်မီးသွေးလျှပ်စစ်ဓာတ် အားပေးစက်ရုံသည် ငါးနှစ်အတွင်း မဂ္ဂဝပ် ထောင်ချီအထိ ဖြည့်တင်းနိုင်ခြင်းကဲ့သို့ အားသာချက်များလည်း ရှိသေးသည်။ ထို့ကြောင့် နိုင်ငံ၏ လတ်တလော လိုအပ် ချက်ကို ရေတိုအတွင်း ပြည့်မီနိုင်သည်။ သို့သော်လည်း ဂရုမပြုလျှင် သဘာဝပတ် ဝန်းကျင်ကို ဆိုးရွားစွာထိခိုက်နိုင်သည်။ ကျောက်မီးသွေးကိုမီးရှို့လျှင် ကာဗွန်ဒိုင် အောက်ဆိုက် (CO2 ) ထွက်လာသည်။ CO2 သည် ကမ္ဘာကြီးပူနွေးမှု၏ လက်သည် ပင်ဖြစ်သည်။ ထို့ပြင် လူကိုဒုက္ခပေးသော နိုက်ထရိုဂျင်အောက်ဆိုက်၊ ဆာလဖာဒိုင် အောက်ဆိုက်ဓာတ်ငွေ့များလည်းထွက် သည်။ ပြာထွက်သည်။ အမှုန်အမွှားထွက် သည်။ လေထဲသို့ရောက်သွားလျှင် အက်ဆစ် မိုးအဖြစ် ပြန်လည်ရွာသွန်းသည်။

သို့သော်လည်းလက်ရှိတွင် အမှုန် ကို ၉၉ ဒသမ ၉ ရာခိုင်နှုန်း၊ ဆာလဖာဒိုင် အောက်ဆိုက်ကို ၉၈ ရာခိုင်နှုန်း၊ နိုက်ထရို ဂျင်အောက်ဆိုက်ကို ၉၂ ရာခိုင်နှုန်းအထိ သန့်စင်နိုင်သည့် Sub Critical, Super Critical, Ultra Super Critical နည်းပညာများပေါ်ထွက်လာပြီဟုဆိုကြသည်။ နိုင်ငံစီးပွားရေးနှင့် တွက်ဆ၍ ကြိုက်သည့်နည်းပညာဖြင့် တည်ဆောက် နိုင်ပြီဖြစ်သည်။

သို့သော်လည်း ဤကဲ့သို့နည်းပညာ ဖြင့် တည်ဆောက်မည်ဆိုလျှင် ကုန်ကျ စရိတ်မှာ ပိုမိုမြင့်တက်လာသည်။ ကျောက် မီးသွေးသက်သက်မျှ ဈေးမပေါတော့။

အခြေခံအားဖြင့်ကျောက်မီးသွေး စက်ရုံများကို လူသူဝေးသည့်နေရာများ တွင် တည်ဆောက်ကြသည်။ သို့သော်လည်း ဂျပန်ကဲ့သို့နိုင်ငံတွင် လူနေအိမ်ခြေများ အနီးတွင်ပင် တည်ဆောက်ထားသည်။ ဂျပန်နိုင်ငံရှိ တာခဲဟရ (TAKEHARA) ကျောက်မီးသွေးသုံးစက်ရုံသည် ဃူနညေ Coal Technology ဟုအခေါ်များသည့် နည်းပညာသုံးထားသည့် ကမ္ဘာပေါ်ရှိ ညစ်ညမ်းမှုအနည်းဆုံး ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံများ အနက် တစ်ရုံဖြစ်သည်။

တကယ်တမ်း Clean Coal Technology ဆိုသည်မှာ သန့်စင်သော ကျောက်မီးသွေးမဟုတ်ဘဲ ကျောက်မီးသွေး ကြောင့် ဖြစ်ပေါ်လာသော ညစ်ညမ်းမှုများ ကို လူထုအကြား၊ ပတ်ဝန်းကျင်အကြား မရောက်အောင် နည်းပညာဖြင့် အဆင့်ဆင့် ပြုလုပ်ရခြင်းဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင် အဓိက ပြဿနာမှာ အုပ်ချုပ်ရေး ယန္တရား၏ ခြစားမှု၊ စောင့်ကြည့်ကြီးကြပ်နိုင်မှုနှင့် တရားဥပဒေစိုးမိုးမှုဖြစ်သည်။ သာမန် ကျောက်မီးသွေးတွင်းကဲ့သို့သော လုပ်ငန်း များကိုပင် စောင့်ကြည့်ကြီးကြပ်နိုင်ခြင်း၊ တရားဥပဒေအရ အရေးယူဆောင်ရွက် နိုင်ခြင်းမရှိ။ ထိုအခါ ညစ်ညမ်းမှုကို လျှော့ချ နိုင်သည်ဆိုသည့် နည်းပညာသုံး ကျောက် မီးသွေးသုံးလုပ်ငန်းများကို မည်သို့ကြီးကြပ်နိုင်မည်နည်း။

မြန်မာတွင် ရှမ်းပြည်နယ်၌ တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အား ပေးစက်ရုံကို တည်ဆောက်ခဲ့ပြီးနောက် ဒေသခံများမှာ ကျန်းမာရေးချို့တဲ့သူများ ဖြစ်ပေါ်လာခဲ့သည်။ ကျောက်မီးသွေးစက်ရုံ မှ စွန့်ပစ်ရေဆိုးများ လယ်ကွက်ထဲသို့ ရောက်ရှိပြီး သီးနှံများပျက်စီးမှုဖြစ်ပေါ်ခဲ့ ရသည်။ လက်ရှိတွင်မူ ကျောက်မီးသွေး စက်ရုံမှထွက်ရှိသည့် ဓာတ်ငွေ့ပမာဏကို ကမ္ဘာစံနှုန်းများနှင့်ချိန်ထိုး၍ ပြည်သူများသိရန် ပြသထားသည်။

“အခု ကျောက်မီးသွေးစက်ရုံ မဆောက်သေးတာတောင် သူတို့မှာ အင်အားကြီးနေတယ်။ ကျောက်မီးသွေး ဆောက်ပြီး လျှပ်စစ်တကယ်ပေးလိုက်ရင် သူတို့ပေးထားတဲ့ကတိတွေ အကုန်ချိုး ဖောက်လို့တယ်။ အဲဒီချိုးဖောက်တဲ့ သာဓက တွေကလည်း အင်ဒိုနီးရှားမှာတွေ့ရတယ်” ဟု စိမ်းလန်းအမိမြေဖွံ့ဖြိုးတိုးတက်ရေး အသင်းဥက္ကဋ္ဌ ဦးဝင်းမျိုးသူက ဆိုသည်။

“အခု ရှမ်းပြည်တီကျစ်ပဲကြည့်လေ။ တည်ပြီးသွားတဲ့အခါ ပြဿနာတက်တော့ ဟိုအကြောင်းပြ ဒီအကြောင်းပြနဲ့ သူတို့ အကြိုက်ပဲ လိုက်လုပ်ပေးရတာဖြစ်တယ်”

သူတို့ဆိုသည်မှာ ကျောက်မီးသွေး သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် လုပ်ငန်းများဖြစ်သည်။ ၎င်းတို့ပေးသည့် ကတိမတည်ခြင်း၊ စည်းမျဉ်းချိုးဖောက် ခြင်းတို့အပေါ် မြန်မာနိုင်ငံအရေးယူမှု မရှိသလောက် အားနည်းခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့ကမူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန် က ကျောက်မီးသွေးဆန္ဒပြသူများကို ကြောက်နေရန်မလိုဘဲ လျှပ်စစ်မီးရရှိပါက အသံတိတ်သွားမည်ဟု ပြောဆိုထားသည်။ NLD ထိပ်တန်းပုဂ္ဂိုလ်တစ်ဦး၏ အဆိုပါ မှတ်ချက်က မြန်မာ့စွမ်းအင်မူဝါဒအပေါ် တစ်စုံတစ်ရာ သက်ရောက်မှုရှိနိုင်မည်လား။

လက်ရှိတွင် မွန်ပြည်နယ်နှင့် ကရင် ပြည်နယ်တို့တွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက် ရန် ပြည်နယ်အစိုးရက ထောက်ခံထား သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြောကြားသည်။

“ဒီကျောက်မီးသွေးကို ကျွန်မ စိတ်ဝင်စားတာကြာပြီ။ လျှပ်စစ်မီး ဘယ် က ရရှိနိုင်လဲ။ မြန်မြန်ဆန်ဆန်နဲ့ လူထု လက်ထဲရောက်နိုင်တယ်။ ကျွန်မကတော့ ပြတ်ပြတ်သားသားပြောနိုင်တယ် ကျွန်မလုပ်တာကို တာဝန်ယူရဲတယ်။ ဒီလုပ်ငန်း ကို ကျွန်မဦးဆောင်ပြီးတော့ ကြိုးစား ဆောင်ရွက်ပေးခဲ့တယ်။ ကျွန်မတို့လိုပဲ တိုင်းနှင့် ပြည်နယ်တွေအကုန်လုံးက ဒီလမ်းကိုလိုက်ကြပါ”

ကရင်ပြည်နယ်တွင် ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး TTCL ကုမ္ပဏီမှ ဇွန်လ ၂၁ ရက်နေ့တွင်ပြုလုပ်သည့် ပတ်ဝန်းကျင် ထိခိုက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်ဆိုင်ရာဆွေးနွေးပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကပြော ကြားလိုက်ခြင်းဖြစ်သည်။

ထို့ပြင် Generation Mix အချိုး အစားကို ပြန်လည်ပြုပြင်ရန် လုပ်ဆောင် လျက်ရှိသည်ဟု ဦးစိုးမြင့်က ဆိုသည်။ လက်ရှိအချိုးအစားတွင် ကျောက်မီးသွေး က ၃၃ ရာခိုင်နှုန်း ပါဝင်နေသောကြောင့် အချိုးအစား မျှတရန် ပြန်လည်ပြင်ဆင် နေရခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် မည်သည့်အရင်းအမြစ်မှ ထုတ်လုပ်မည်ကိုအငြင်းပွား၍ အချိန်ကုန် လျက်ရှိသည်။ လျှပ်စစ်ကဏ္ဍတွင် လျှပ်စစ် ဓာတ်အား ပျောက်ဆုံးမှုများလည်း ရှိသေး သည်။ ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားပျောက်ဆုံး (ဆုံးရှုံး) မှုမှာထုတ်လုပ်မှု၏ ၂၄ ဒသမ ၄ ရာခိုင်နှုန်းဖြစ်သည်။ လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၁၀၀ ထုတ်လျှင် ၇၅ မဂ္ဂါဝပ်ကျော်သာ အသုံးပြုနိုင်ခြင်းဖြစ်သည်။ နှစ်အလိုက် လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှုကို ပုံ (၃) တွင် ဖော်ပြထားသည်။

ပုံ (၃) နှစ်အလိုက်လျှပ်စစ်ပျောက်ဆုံးလေလွင့်မှုများ

လျှပ်စစ်ဓာတ်အား ပျောက်ဆုံးမှု တွင် နည်းပညာပိုင်းအရ လေလွင့်ပျောက် ဆုံးမှုနှင့် ဝန်ထမ်းများကြောင့် ပျောက်ဆုံး မှုဟူ၍နှစ်မျိုးရှိပြီး ယင်းသို့ပျောက်ဆုံးမှု ကြောင့် တစ်ယူနစ် မီတာခပိုမိုကြီးမြင့်လာရသည်။ ထို့ပြင် လျှပ်စစ်တစ်ယူနစ်လျှင် ၂၃ ကျပ်အရှုံးပေါ်နေသည်ကို ကုစားရန် လိုအပ်လျက်ရှိသည်။

အရင်းအမြစ်များအလိုက် လျှပ်စစ် ဓာတ်အားတစ်ယူနစ်ဈေးနှုန်းများကို ပုံ (၄) တွင် ဖော်ပြထားသည်။

ပုံ(၄) လျှပ်စစ်တစ်ယူနစ် ထုတ်လုပ်+ဖြန့်ဖြူးစရိတ် (ကျပ်)

ရွေးရမည့်အချိန်

သဘာဝပတ်ဝန်းကျင်သမားက သဘာဝပတ်ဝန်းကျင်အကြောင်းကို ပြောပါလိမ့်မည်။ စီးပွားရေးသမားက အမြတ်ကို ပြောပါလိမ့်မည်။ အစိုးရကမူ ပြည်သူ့ အကျိုးစီးပွားကို ဦးတည်ကာ မျှတစွာ ရွေးချယ်တတ်ရပေလိမ့်မည်။

မည်သည့်အရင်းအမြစ်ကို ရွေးချယ်သည်ဖြစ်စေ အကောင်းအဆိုးများ ဒွန်တွဲ ရှိနေသောကြောင့် စနစ်တကျလုပ်ရန်လို သည်။ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရန်လည်း လိုသည်။ အစိုးရအပေါ် ပြည်သူက မယုံ ကြည်လျှင် ကန့်ကွက်နေကြမည်ဖြစ်သည်။ ပြည်သူ့ယုံကြည်မှုရရှိရန်သည် လက်ရှိ အချိန်ထက် ကောင်းသောအချိန်မရှိချေ။

ထို့ကြောင့် အစိုးရ၏စီမံကိန်းများကို ပြည်သူလူထုသို့ သေချာရှင်းပြရန်လိုအပ်သည်ဟု လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန အငြိမ်းစား ဒုတိယဝန်ကြီး ဦးမော်သာထွေးက ဆိုသည်။

ဒေသခံများရပ်ရွာတွင် စီမံကိန်းများ အကောင်အထည်ဖော်မည်ဆိုပါက စီမံကိန်းအကျိုးကို ဒေသခံများကို ဦးစွာ ခံစားစေသင့်သည်။ ဒေသခံများ မထိခိုက်အောင် မည်သို့ဆောင်ရွက်မည်ကိုလည်း နှုတ်အားဖြင့် သာမကယန္တရားစနစ်အားဖြင့်ပါ အာမခံနိုင်ရမည်။ သို့မှသာ စီမံကိန်း ဖြစ်လာလည်း “ငါတို့မှ မခံစားရတာ” ဟူသည့်အတွေးများဖြင့် ကန့်ကွက်မှုများ ကို လျှော့ချနိုင်မည်။

လက်ရှိတွင် ကရင်ပြည်နယ် ဘားအံ မြို့နယ် ဝတ်ကြီးကျေးရွာတွင် တည်ဆောက် မည့် ၁၂၈၀ မဂ္ဂါဝပ် ကျောက်မီးသွေးသုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိ လာမည့် လျှပ်စစ်ဓာတ်အားကို မဟာ ဓာတ်အားလိုင်းသို့ ပေးမည်ဖြစ်သည်။ ထို့ကြောင့် ဒေသခံများသည် လျှပ်စစ် ဓာတ်အားရရန် မသေချာ။ ထို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ခံစားရနိုင် ခြေရှိသည့် ဒေသခံများက ကန့်ကွက်ကြ ခြင်းဖြစ်သည်ဟု ကရင်သဘာဝပတ်ဝန်း ကျင်နှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက် အဖွဲ့ဝင် စောသာဖိုးက ပြောကြားသည်။

သဘာဝပတ်ဝန်းကျင်နှင့် စီးပွားရေး မည်သည်ကို ဦးစားပေးမည်နည်း။ သို့မဟုတ် နှစ်ခုလုံးဘက်စုံ ဦးစားပေးနိုင်သည့် အခြေအနေများ မြန်မာတွင်ရှိနေပြီလား။ ဤသို့ မဟုတ်လျှင် ရွေးချယ်ကြရပါလိမ့်မည်။ ဤပုံစံအတိုင်း အငြင်းပွားနေရုံဖြင့် မီးထိန် ထိန်လင်းလာမည်မဟုတ်ပါ။ အရင်းအမြစ် များအားလုံးကို ကန့်ကွက်၍မရ။ ကန့်ကွက် လျှင် လျှပ်စစ်မီးမရ၊ မီးမရလျှင် စီးပွားရေး မကောင်း။

မြန်မာနိုင်ငံ၏ ယခုဘဏ္ဍာနှစ် လျှပ်စစ် ဓာတ်အားလိုအပ်ချက်က ယူနစ်သန်း ပေါင်း ၁၉ç၀၀၀ ကျော်ဖြစ်သည်။ လာမည့် ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်က ယူနစ်သန်းပေါင်း ၆၃ç၈၁၃ ဖြစ်လာမည်။ ထို့ကြောင့် တစ်နှစ်လျှင် မဂ္ဂါဝပ် ၅၀၀ ထုတ်ဓာတ်အားပေးစက်ရုံ တစ်ရုံ တည်ဆောက်ရန်လိုအပ်နေမည် ဖြစ်သည်ဟုလျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။

မည်သို့ဆိုစေ မြန်မာပြည်သူ ၁၀၀ လျှင် ၇၅ ဦးက မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရ။ အများစုမှာကျေးလက်များ တွင် နေထိုင်ကြသည်။ ထို့ကြောင့် အများစု မှာ လယ်သမားများ၊ စိုက်ပျိုးသူများနှင့် လက်လုပ်လက်စားများဖြစ်မည်မှာ မလွဲပေ။

လျှပ်စစ်မီးရရန် အရင်းအမြစ် တစ်ခုခု ကို ရွေးချယ်ရပေမည်။ သို့မဟုတ် တစ်ခု ထက်ပို၍လည်း ရွေးချယ်ရပေမည်။ ဆင်းရဲ နွမ်းပါးမှုဆိုသည် လူတို့လုပ်သည့်အရာပင် မဟုတ်ပါလား။

ရန်ကုန်မြို့ တစ်ဖက်ကမ်း ဒလ မြို့နယ် မင်းရွာဆိပ်ကြီးကျေးရွာတွင် နေထိုင်သူ ကိုလှမိုးက ဒလဆိပ်ကမ်းတွင် ဆိုင်ကယ်ကယ်ရီမောင်းသူဖြစ်သည်။ ၇၅ ဦးထဲတွင် ကံထူးစွာ ပါဝင်နေသူ ကိုလှမိုးသည် သူက ညအမှောင် များကို ဘက်ထရီအိုးတစ်လုံး တစ်နေ့နှစ်ရာ ကျပ်ဖြင့်အငှားသုံး၍ အန်တုနေရသူ ဖြစ်သည်။

“ကျွန်တော်တို့အတွက်တော့ မီးရ ဖို့အရေးကြီးတယ်။ မီး ဘယ်လိုပဲရရ။ မီးရှိမှ အရာအားလုံး လုပ်လို့ရမယ်” ဟု ၎င်းကဆိုလေသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *