သူနာပြုများကို လစာတိုးပေးရန်စီစဉ်နေဟု ကျန်းမာရေးဝန်ကြီးဆို

နေပြည်တော် ၊ ဇွန် ၃၀

နယ်ဝေးတာဝန်ကျ သူနာပြု ဝန်ထမ်းများအပါအဝင် သူနာပြုများ၏ လစာကို တိုးပေးရန်စီစဉ်နေကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ယနေ့ကျင်းပသော ပြည်သူ့ လွှတ်တော်တွင် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်တင်သွင်းသည့် ‘ပြည်သူ လူထု ကျန်းမာရေးအတွက် အဓိကကျ၍ အရေးပါလှသော ဝန်ထမ်းအမျိုးအစား တစ်ရပ်ဖြစ်သည့် သူနာပြုလောကအား ပြုပြင်ပြောင်းလဲမှုများပြုလုပ်၍ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း’ အဆိုကို လွှတ်တော်ကိုယ်စားလှယ်ကိုးဦးက ဆွေးနွေးခဲ့ပြီးနောက် ဝန်ကြီးက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဘက်စုံ သားဖွားဒီပလိုမာ ရထားတဲ့ သားဖွားဆရာမကို လက်ရှိ လစာ (ကျပ် ၁၅၀,၀၀၀ – ၂၀၀၀ – ၁၆၀,၀၀၀)ကနေ ၁၆၅,၀၀၀ – ၂၀၀၀ – ၁၇၅,၀၀၀ ကျပ်၊ သူနာပြုသိပ္ပံဘွဲ့ရထားတဲ့ သူနာပြုရဲ့ လက်ရှိ လစာ (ကျပ် ၁၆၅,၀၀၀ – ၂၀၀၀ – ၁၇၅,၀၀၀)ကို ၁၈၀,၀၀၀ – ၂၀၀၀ – ၁၉၀,၀၀၀ ကျပ် အထိတိုးဖို့ စီစဉ်ဆောင်ရွက်နေပါတယ်” ဟု ပြည်ထောင်စုဝန်ကြီးကဆိုသည်။

အဆိုပါနှုန်းထားများအတိုင်း တိုးမြှင့်ပေးရန် အစိုးရဖွဲ့သို့ စာတင်ထားပြီးဖြစ်ပြီး ဇူလိုင်လဆန်းရက်များတွင် ခွင့်ပြုချက်ကျလာနိုင်ကြောင်း၎င်းက ပြောကြားသည်။
ယင်းအပြင် သူနာပြုသားဖွားလိုင်စင် မရှိဘဲ ပုဂ္ဂလိကဆေးရုံများတွင် သူနာပြု ဝတ်စုံများဝတ်ဆင်နေခြင်းကို စစ်ဆေး အရေးယူဆောင်ရွက်သွားမည်ဖြစ်ပြီး အစိုးရဆေးရုံများမှ သူနာပြုများ အဆင့်ဆင့် ရာထူးတိုးနိုင်ရေးကိစ္စကိုလည်း ပြုလုပ် သွားမည်ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။

သူနာပြုများစားစရိတ်အတွက် တစ်လလျှင်နှစ်သောင်းကျပ်၊ ဝတ်စုံဖိုး အတွက် တစ်နှစ် နှစ်သောင်းကျပ် ထုတ်ပေး မည့်အစီအစဉ်များ ပါဝင်သည့် ပြုပြင် ပြောင်းလဲမှုများ ပြုလုပ်သွားမည်ဖြစ် ကြောင်းလည်း ၎င်းကဆိုသည်။

ဒေါ်ယဉ်မင်းလှိုင်တင်သွင်းသော အဆိုကို ကိုယ်စားလှယ်များက ထောက်ခံ ခဲ့သော်လည်း မှတ်တမ်းတင်စောင့်ကြည် ရန် ဝန်ကြီး၏ ပြောကြားချက်ကြောင့် လွှတ်တော်ကပါ လက်ခံကြောင်းသဘော ထားရယူခဲ့သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *