တိုင်ကွန်းနိဂုံး လူလတ်တန်းစားဋီကာနှင့် ခရိုနီများနှင့် ကခုန်ခြင်း

တိုင်ကွန်းနိဂုံး
ယခုအခါ အာရှစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ခေတ်များ၊ ကာလများ ဆစ်ပိုင်း၍ လေ့လာနေကြသည်ဟုသိရသည်။ ‘အံ့ဘနန်းကာလ’ (Miracle Period) ၁၉၆၀-၁၉၉၆၊ ‘အကျပ်အတည်းကာလ’ (Crisis Period) ၁၉၉၇-၁၉၉၈ နှင့် ‘အကျပ်အတည်းလွန်ကာလ’ (Post-crisis Period) သို့မဟုတ် ‘ဒုတိယအံ့ဘနန်းကာလ’ (Second Miracle Period) ၁၉၉၈ နောက်ပိုင်းတို့ဖြစ်သည်။ ရည်ရွယ်ချက်မှာ လက်ကျန်အာရှနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးမှုအတွက် နှိုင်းယှဉ်လေ့လာနိုင်ဖို့ဖြစ်သည်။ လိုအပ်သလို သင်ခန်းစာယူနိုင်ဖို့ ဖြစ်သည်။

ပထမကာလ (အံ့ဘနန်းကာလ) ကို ဦးဆောင်ခဲ့ကြသူများမှာ ‘တိုင်ကွန်း’ (Tycoons) တို့ဖြစ်သည်။ `တိုင်ကွန်း’ ဆိုသည်မှာ ဂျပန် စကားဖြစ်သည်။ ‘အရှင်သခင်ကြီး’ (Great Lord) ဟု အဓိပ္ပာယ်ထွက်သည်။ တိုင်ကွန်းတို့၏ အောင်မြင်မှုမှာ ယဉ်ကျေးမှုနှင့်လည်းဆိုင်သည်။ ကွန်ဖျူးရှပ်ယဉ်ကျေးမှုဖြစ်သည်။ ပထဝီနိုင်ငံရေးနှင့်လည်း ဆိုင်သည်။ `ကိုရီးယားစစ်ပွဲ’ ကို အကြောင်းခံ၍ တစ်ကြိမ်၊ `အင်ဒိုချိုင်းနားစစ်ပွဲ’ ကိုအကြောင်းခံ၍ နောက်တစ်ကြိမ် အာရှဒေသသို့ စီးဝင်လာသော ဒေါ်လာရေစီးကြောင်းကြီးမှာ ပထဝီနိုင်ငံရေးအကျိုးဆက်ဟုဆိုနိုင်သည်။ ဤအကျိုးဆက်ကြောင့် ဂျပန်နှင့် အာရှကျားတို့ ဖွံ့ဖြိုး ရေးအရှိန်ရလာခြင်းဖြစ်သည်။ သို့နှင့်တိုင် ၁၉၉၇ – ၉၈ အာရှစီးပွားရေး အကျပ်အတည်းနှင့်အတူ တစ်ခါက အောင်မြင်မှုကြီးခဲ့သော တိုင်ကွန်းတို့ ဇရာချဉ်းသွားသည်။ ‘တိုင်ကွန်းနိဂုံ’ (The End of Tycoons) ဟု ခေါ်ကြသည်။

တိုက်ကွန်းစနစ် ယိုင်လဲပြိုကျသွားသည့်ဖြစ်ရပ်အပေါ် ပြန်လည်ဆန်းစစ်ကြသည်များမှာလည်း စိတ်ဝင်စားစရာကောင်းသည်။ ယေဘုယျအားဖြင့် အောက်ပါအချက်များကြောင့်ဟု ဆိုသည်။

၁။ ဂလိုဘယ်လိုက်ဇေးရှင်းအပြန့်ကျယ်လာခြင်းနှင့် ‘စီးပွားရေးသစ်’ (New Economy ) အရှိန်ရလာခြင်း။ ဤနှစ်ချက်မှာ တိုင်ကွန်း စနစ် ပြိုလဲတော့မည့် ရှေ့ပြေးနိမိတ်ဖြစ်သည်။

၂။ ကြုံလိုက်ရသော အာရှဘဏ္ဍာရေးအကျပ်အတည်းက တိုင်ကွန်းတို့၏ အနေအထားကို အကြီးအကျယ်အပြောင်းအလဲ ဖြစ်စေ သည်။ ယခင် `ကြွေးမြီဖြင့်အရင်းဖွဲ့’ (Debt Capitalization) ရာမှ `အစုရှယ်ယာဖြင့် အရင်းဖွဲ့ (Equity Capitalization) ရသည့်အခြေ ဆိုက်လာသည်။

၃။ ယခင်မိသားစုပိုင်ကုမ္ပဏီကြီးများကို ယခုအခါ အများပိုင် ကုမ္ပဏီအဖြစ် ပြောင်းလဲဖွဲ့စည်းလာရသည်။ သို့နှင့်အမျှ `မိသားစု စီမံ ခန့်ခွဲမှု’ (Family Management) နှင့် အလုပ်မဖြစ်တော့ဘဲ `ကျွမ်းကျင် စီမံခန့်ခွဲမှု’ (Professional Management) သို့ ပြောင်းလာရသည်။

၎။ အင်တာနက်နှင့် အီး-ကောမတ်စ်တို့မှာ စီးပွားရေး၏ အရေးပါသော အခန်းကဏ္ဍဖြစ်လာသည်နှင့်အမျှ ခေတ်မီတက္ခနိုလိုဂျီကိုင်နိုင်သော မျိုးဆက်သစ်လူငယ်တို့ကို နေရာပေးဖို့ဖြစ်လာသည်။

၅။ တိုင်ကွန်းတို့၏ စီးပွားရေးအင်ပါယာကို အမေရိကနှင့် ဥရောပတို့တွင် ပညာဆည်းပူးခဲ့ကြသောသူတို့၏ သားသမီးတို့က ဝင်ရောက်စီမံ ခန့်ခွဲလာကြသည်။

အချုပ်ဆိုရလျှင် `တိုက်ကွန်းနိဂုံး’ ဟုဆိုရသော်လည်း တိုင်ကွန်း တို့မှာ လုံးဝကျဆုံးသွားသည်တော့မဟုတ်။ ဣနြေ္ဒရရ အနားယူလိုက်ကြပြီး သူတို့၏ သားသမီးများက သူတို့အလုပ်ကို ဆက်ခံလိုက်ကြခြင်း ဖြစ်သည်။ သူတို့တစ်တွေကပင်ဦးဆောင်ပြီး `ဒုတိယ အံ့ဘနန်းကာလ’ ကို ထူထောင်လိုက်ကြခြင်းဖြစ်သည်။

လူလတ်တန်းစားဋီကာ

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအကြောင်း ပြောကြရာမှ ဖွံ့ဖြိုးမှု၏ အင်ဂျင်ဟုဆိုနိုင်သော ‘လူလတ်တန်းစား’ (Middle Class) အကြောင်း ကိုပါ အရေးတယူပြောဆိုလာကြသည်။ အထူးသဖြင့် `လူလတ်တန်းစား ဆိုတာ ဘာလဲ´ ဆိုသော ဖွင့်ဆိုချက်ဋီကာတွေ မနည်းမနောပေါ်ထွက် လာသည်။ ဤအထဲမှ နောက်ဆုံးပေါ်ဋီကာတစ်စောင်က ‘လူလတ်တန်းစား’ ဆိုသည်ကို ယခုလို ဖွင့်ဆိုပြပါသည်။

၁။ တစ်စုံတစ်ရာသော ဝင်ငွေအဆင့် (Level of income)
လူ့အဖွဲ့အစည်းတစ်ရပ်တွင် အချမ်းသာဆုံးလည်းမဟုတ်။ အဆင်းရဲဆုံးလည်းမဟုတ်။ ကြားအဆင့်ဖြစ်ရမည်။

၂။ တစ်စုံတစ်ရာသော ပိုင်ဆိုင်မှုအဆင့် (Level of Ownership)
ကိုယ်ပိုင်စီးပွားရေးတစ်ရပ် လုပ်ကိုင်နိုင်ရန် အရင်းအနှီးသော်လည်းကောင်း သို့မဟုတ် ပညာအခြေခံသော်လည်းကောင်း ရှိရမည်။

၃။ တစ်စုံတစ်ရာသော ပညာအဆင့် (Level of education)
နိုင်ငံတကာတွင်မူ အနိမ့်ဆုံး အထက်တန်းအောင်ပြီးသူဖြစ်ရမည်ဟု သတ်မှတ်သည်။ မြန်မာနိုင်ငံအတွက်မူ အနည်းဆုံး ‘ဘွဲ့ရ’ ဖြစ်ဖို့ လိုလိမ့်မည်ထင်သည်။

လူလတ်တန်းစားတစ်ရပ် အားကောင်းမောင်းသန်ဖြစ်ဖို့ဆိုလျှင် ‘ဈေးကွက်’ ဖွံ့ဖြိုးဖို့လိုသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အဆင့်တစ်ဆင့် ရှိဖို့လိုပါလိမ့်မည်။ မြန်မာနိုင်ငံ၏ လူလတ်တန်းစား စုစည်းဖြစ်ပေါ်မှုမှာ လွတ်လပ်ရေးရပြီးနောက်ပိုင်း ဆယ်နှစ်သာသာခန့်သာရှိသည်။ ဤနေရာတွင်လည်း (အထက်တွင်ဖော်ပြခဲ့သော) အာရှနိုင်ငံများ ရရှိခဲ့သည့် ကွန်ဖျူးရှပ်ယဉ်ကျေးမှုရော၊ ဒေါ်လာရေစီးကြောင်းကြီးပါ မရခဲ့။ ကွန်ဖျူးရှပ်ယဉ်ကျေးမှုတွင်သာ တွေ့နိုင်သော ‘အရည်အချင်းအရ မြှောက်စားသည့်စနစ်’ (Meritocracy) မျိုး မြန်မာ့ဓလေ့တွင်မရှိ။ ကိုရီးယားစစ်ပွဲကို အကြောင်းခံပြီး အာရှဒေသသို့ စီးဝင်လာသည်။ ဒေါ်လာရေစီးကြောင်းကြီး ကာလတစ်ခုရရှိခဲ့ဖူးသော်လည်း သိပ်ကြာကြာမခံ။ ကိုရီးယားစစ်ပွဲ မြန်မြန်ပြီးသွားတာလည်းပါသည်။ အမေရိကကိုယ်တိုင်က အကြောင်းသုံးခုကြောင့် မြန်မာကို ‘Our Man” မသတ်မှတ်တာလည်း ပါ,ပါလိမ့်မည်။ (တရုတ်ပြည်ကို ပထမဆုံးအသိအမှတ်ပြုသည့်နိုင်ငံ ဖြစ်ခြင်း၊ တရုတ်ဖြူကိစ္စ၊ ကုလသမဂ္ဂတင်ခြင်းနှင့် ဘက်မလိုက်လှုပ်ရှား မှုကို ဦးဆောင်ပုံဖော်ခဲ့ခြင်း ဤသုံးချက်စလုံးကို ယူအက်စ်က သိပ်မကျေနပ်)

၁၉၆၄-၆၅ သို့ ရောက်သောအခါတွင်ကား ထုတ်လုပ်ရေးသာမက ဖြန့်ချိရေးကိုပါ အစိုးရက ကိုင်လိုက်ရာ မြန်မာနိုင်ငံ၏ ဖြစ်တည်ခါစ လူလတ်တန်းစားမှာ ‘ဘူးသီးနုနု အမွေးသပ်ခံလိုက်ရသလို’ ဖြစ်သွားခဲ့ရသည်။ အားကောင်းခါစ ဈေးကွက်လည်း ပြိုကျသွားခဲ့ရသည်။ သို့ဖြင့် ‘ဈေးကွက်စီးပွားရေး’ စနစ် ပြန်လည်အကောင်အထည်ဖော်ဖို့ ကြိုးစားသောအခါ လူလတ်တန်းစား ရှားပါးမှုနှင့် ရင်ဆိုင်နေရတော့သည်။

ခရိုနီများနှင့် ကခုန်ခြင်း

ဆိုခဲ့ပြီးသည့်အတိုင်း ဈေးကွက်ကိုမောင်းသည့် လူလတ်တန်းစား ရှားပါးနေသော်လည်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ခေတ်လောက် မှစ၍ အထူးအခွင့်အလမ်းများရနေသော စီးပွားရေးလုပ်ငန်းရှင်အချို့ ကား ရှိသလောက်ရှိပါသည်။ သူတို့တစ်တွေကို မြန်မာလူထုက ‘ခရိုနီ’ (Crony) ဟု ခေါ်ကြသည်။ သူတို့တစ်တွေမှာ တစ်ခါက အာရှစီးပွားရေး၏ ဗဟိုအူတိုင် ‘တိုင်ကွန်း’ တို့နှင့် မတူပါချေ။ ထိုစဉ်ကာလ စီးပွားရေးနှင့် မယဉ်ပါးသေးသော ခေါင်းဆောင်များက သူတို့ကိုယ်စား စီးပွားရေးလုပ်ပေးရန် အသုံးချခဲ့ကြ၍ ‘ခရိုနီ’ ဆိုသည်ထက် ‘ပရောက်စီ’ (Proxy) ဆိုသော အသုံးအနှုန်းနှင့်သာ ပိုမိုလျော်ကန်ပါလိမ့်မည်။

သူတို့တစ်တွေမှာ ပါမစ်၊ လိုင်စင်၊ အစိုးရကန်ထရိုက် စသော အထူးအခွင့်အရေးများရခဲ့ကြသည်မှာ မှန်သည်။ သို့တစေ သူတို့ကိုယ်တိုင်က တပ်မတော်အပေါ် ဩဇာညောင်းကြသည်တော့မဟုတ်။ သူတို့တစ်တွေမှာ တပ်မတော်အတွက် အသုံးဝင်နေသောကြောင့်သာ ဖြစ်သည်။ အရပ်သားတစ်ပိုင်း အစိုးရလက်ထက်တွင် ဆိုခဲ့ပါ အထူးအခွင့်အရေးများ ဖျက်သိမ်းလိုက်သောအခါ သူတို့တစ်တွေမှာ အရှင်သခင်မဲ့သလိုဖြစ် လာရသည်။ ဤတွင် အဆိုပါ ‘ခရိုနီ’ ဆိုသူများအပေါ် ဘယ်လိုသဘော ထားမည်နည်းဆိုသည်မှာ အရေးကြီးသော မူပိုင်းဆိုင်ရာပြဿနာ ဖြစ်လာရတော့သည်။

စာရေးသူ၏အမြင်ကို ဆိုရလျှင် တစ်ခါက အစိုးရသူကောင်းပြုခံ ပုဂ္ဂလိကလုပ်ငန်းရှင်များ (ခရိုနီ) များကို ဥပဒေကြောင်းအရ ထိန်းရုံ သာထိန်းပြီး အပြတ်ချေမှုန်းခြင်းမျိုး မလုပ်သင့်ဟု သဘောရပါသည်။ အကြောင်းသုံးခုကြောင့် ဖြစ်ပါသည်။

၁။ သူတို့ကို အပြတ်တိုက်လျှင် ဈေးကွက်ကို မောင်းမည့်သူ မရှိ ဖြစ်သွားနိုင်သည်။

၂။ သူတို့ နိုင်ငံခြားသို့ထွက်ပြေးလျှင် သူတို့နှင့်အတူ အရင်းအနှီးတွေ ပါသွားနိုင်သည်။

၃။ သူတို့နှင့် ဆက်စပ်နေသော ယခင်အာဏာပိုင်များမှတစ်ဆင့် လက်ရှိဒီမိုကရေစီ အပြောင်းအလဲကိုပင် အန္တရာယ်ပြုလာနိုင်စရာရှိသည်။

ဤသို့ ခရိုနီများကို တစ်ဖက်မှ ထိန်းထားစဉ်တွင် လူလတ်တန်းစား တည်ဆောက်ရေးကို အားပြုသင့်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အားပေးဖို့လိုသည်။ သူတို့အတွက် အရင်းရေသောက်မြစ် ဖော်ထုတ်ပေးဖို့လိုပါလိမ့်မည်။

ကျော်ဝင်း

၂၇ ဇွန်လ၊ ၂၀၁၇

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *