ပြေးပြေးလွှားလွှား ထိုင်းရောက် မြန်မာများ

ထိုင်းနိုင်ငံတွင် မြန်မာအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရသည်။ အချို့မှာ တောထဲတွင် ပုန်းအောင်းနေ ကြရသည်။ ထောင်နှင့်ချီသောအလုပ်သမားများမှာ မြန်မာနိုင်ငံသို့ ပြန်ပြေးလာကြပြီ ဖြစ်သည်။

အထောက်အထားမဲ့ အလုပ်သမားများ၊ အထောက်အထားမစုံသူများ၊ အထောက်အထားလွဲမှား (အလုပ်၊ အလုပ် နေရာ၊ အလုပ်ရှင် စသည်ဖြင့် လွဲမှားခြင်း) သူများကို ယခုရက်ပိုင်းအတွင်း ဆက်တိုက် ဖမ်းဆီးနေခြင်း ဖြစ်သည်။

ယင်းသို့ဖမ်းဆီးမှုမှာ ယခင်ကလည်း ပုံမှန်လုပ်လေ့လုပ်ထရှိသည်။ သို့သော်လည်း ယခုတစ်ကြိမ် အဖမ်းအဆီးကြောင့် မြန်မာအလုပ်သမားများ ကျီးလန့်စာစားဖြစ်နေကြသည်။

ထိုင်းအစိုးရက ဇွန်လ ၂၀ ရက်နေ့တွင် ပြဋ္ဌာန်းလိုက်သည့် နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုဥပဒေတွင် နိုင်ငံခြားသားအလုပ်သမားများအတွက် ကြီးလေးသည့် ပြစ်ဒဏ်များပါဝင်နေသောကြောင့် ဖြစ်သည်။ ယင်းဥပဒေကြောင့် မြန်မာအလုပ်သမားများအပေါ် မည်သို့ ရိုက်ခတ်မည်နည်း။

ဥပဒေသစ်ဆိုသော်လည်း ယခင်ပြဋ္ဌာန်းထားသည့် ဥပဒေနှစ်ခုကို ပြစ်ဒဏ်တိုးမြှင့်၍ ပြဋ္ဌာန်းလိုက်ခြင်းသာ ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းခရီးစဉ်အပြီး တစ်နှစ်ကျော်အကြာတွင် မြန်မာ အလုပ်သမားတို့ ပိုမိုခက်ခဲသောနေ့ရက်များကို ဖြတ်သန်းနေရသည်။

 

(၁)

နိုင်ငံခြားသားအလုပ်သမားများကို ငွေဒဏ်ဘတ်နှစ်သောင်းအထိ အမြင့်ဆုံး ပြစ်ဒဏ်ပေးနိုင်ပြီး ထောင်ဒဏ် ၄၈ ရက်သာ ချမှတ်နိုင်သော်လည်း ဥပဒေသစ်တွင် ထောင်ဒဏ်ငါးနှစ်အထိ၊ ငွေဒဏ်မှာလည်း ဘတ် တစ်သိန်းအထိ အပြစ်ပေးနိုင်သည်။

အလုပ်ရှင်များလည်း မသက်သာလှ။ ထောင်ဒဏ်နှင့် အလုပ်သမားတစ်ဦးစီအတွက် ဘတ်ရှစ်သိန်း (ကျပ်သိန်း ၃၂၀ ခန့်) အထိ ပြစ်ဒဏ်ပေးခံရနိုင်သည်။ ယခင်ကဆိုလျှင် ပြစ်ဒဏ် ဘတ်လေးသိန်းအထိသာ အမြင့်ဆုံး ဖြစ်သည်။

ပြစ်ဒဏ်များမှာ ကြီးလေးသည့်ပြစ်ဒဏ် ဖြစ်နေသဖြင့် မြန်မာအလုပ်သမားများ စိုးရိမ်နေကြကြောင်း၊ အထောက် အထားမဲ့ အလုပ်သမားများ၊ အထောက်အထားမစုံသူများ၊ အထောက်အထားလွဲမှားသူများ တစ်နည်းအားဖြင့် အပြစ်ပေးခံရသည့် မြန်မာသိန်းနှင့်ချီရှိနိုင်ကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများ အရေး ဆောင်ရွက်သူများကို မေးမြန်းချက်အရ သိရသည်။

ပြစ်ဒဏ်များကိုကျခံပြီးလျှင် မြန်မာနိုင်ငံသို့ ပြန်ပို့ခံရမည်ဖြစ်ပြီး ထိုင်းဥပဒေအရဆိုလျှင် ငါးနှစ်လည်း ပြည်နှင်ဒဏ်ပေးခံရမည် ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

ဥပဒေသစ်ပြဋ္ဌာန်းပြီး တစ်ရက်ကျော်အကြာ ဇွန်လ ၂၂ ရက်နေ့မှ စတင်၍ နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးခဲ့ကာ ဇွန်လ ၂၉ရက်နေ့အထိ မြန်မာအလုပ်သမား ထောင်နှင့်ချီဖမ်းဆီးခံထားရပြီဖြစ်သည်။

“အဖမ်းအဆီးကတော့ အများကြီး ဖြစ်နေပါတယ်” ဟု ထိုင်းနိုင်ငံအခြေစိုက် ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်က ပြောကြားသည်။

(၂)

နိုင်ငံခြားသားအလုပ်သမားများကို ကာကွယ်ရန်၊ လူကုန်ကူးမှုများကို ကာကွယ်ရန်၊ အခွင့်အရေးချိုးဖောက်မှုများ ကို ကာကွယ်ရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ထိုင်းအစိုးရက ထုတ်ပြန်ထားသည်။

အလုပ်သမားအခွင့်အရေးချိုးဖောက်မှု၊ လူကုန်ကူးမှုစသည်တို့ကြောင့် ထိုင်းအစိုးရသည် နာမည်ပျက်ဖြင့် ကျော် ကြားပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ဖိအားပေးစောင့်ကြည့်မှုကို ခံနေရသည်။

အဓိကအားဖြင့် ပင်လယ်စာထုတ်လုပ်ခြင်းနှင့် ပင်လယ်ငါးဖမ်းလုပ်ငန်းများတွင် လူကုန်ကူးမှုများရှိခဲ့ပြီး ထိုင်း၏ ထုတ်ကုန်များကို ပြည်ပနိုင်ငံများက မဝယ်တော့မည်ကို စိုးရိမ်သဖြင့် ယင်းသို့ ဥပဒေသစ်ကို ပြဋ္ဌာန်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ရွှေ့ပြောင်းအလုပ်သမား အရေးဆောင်ရွက်သူအချို့က သုံးသပ်ကြ သည်။

(၃)

ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်လာသဖြင့် မြန်မာအလုပ်သမားထောင်နှင့်ချီ နယ်စပ်ဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြန်လာကြပြီဖြစ်သည်။

ဇွန်လ ၂၉ ရက်နေ့ တစ်ရက်တည်းတွင် မြ၀တီသို့ပြန်လာသည့် အထောက်အထားမဲ့ မြန်မာအလုပ်သမား ၂၅၀၀ ကျော်ရှိကြောင်း ယင်းနေရာတွင် တာဝန်ကျသည့် နယ်ခြားစောင့်တပ်ဖွဲ့မှ အရာရှိတစ်ဦးက ပြောကြားသည်။

ဇွန် ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တို့တွင်လည်း မဲဆောက်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ပြည်တော်ပြန်သူ သုံးထောင် ကျော်ရှိကြောင်း ထိုင်းနိုင်ငံလုံးဆိုင်ရာ မြန်မာရွှေ့ပြောင်းအလုပ်သမားကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမိုးကြိုးက ပြောကြားသည်။

မြ၀တီတစ်ဖက်ကမ်း ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်လည်း ဇွန်လ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့က မြန်မာအလုပ်သမား သုံးရာကျော် ဖမ်းဆီးခံရသေးကြောင်း ၎င်းက ဆိုသည်။

(၄)

အထောက်အထားမရှိသူများ၊ အထောက်အထားမစုံသူများ၊ နိုင်ငံခြားသားများ လုပ်ခွင့်မရှိသည့် အလုပ်ကို လုပ်ကိုင်သူများ၊ အထောက်အထားလက်ဝယ်မရှိသူများ၊ ခွင့်ပြုထားသည့် အလုပ်အကိုင်မဟုတ်သူများ၊ အလုပ်ရှင်လွဲမှားသူများ၊ အလုပ်အကိုင်တည်ရှိရာ နေရာ လွဲမှားသူများ စသည့်တို့ လိုက်လံ ဖမ်းဆီးခံနေသည်။

ပြစ်ဒဏ်ကြီးလေးသဖြင့် အထောက်အထားမရှိသည့် မြန်မာအလုပ်သမားအနေနှင့် နေရပ်ပြန်ကြရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိက ကြေညာချက်ထုတ်ပြန်ကာ တိုက်တွန်းထားသည်။ အထောက်အထား မပြည့်စုံသူများမှာ အထောက်အထားပြည့်စုံအောင် လုပ်ထားရန်လိုအပ်ကြောင်း ယင်းကြေ ညာချက်တွင် ပါရှိသည်။

ရွှေ့ပြောင်းအလုပ်သမားအခွင့် အရေးကွန်ရက် (MWRN) မှ ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်ကမူ “အထောက် အထားမရှိလည်း ဒီဥပဒေနဲ့ ငြိစွမ်းမယ်။ အထောက်အထား မှားယွင်းနေလည်း ငြိစွမ်းမယ်။ အရမ်းဆိုးနေတဲ့ အခြေအနေရောက်နေပြီ” ဟု မှတ်ချက်ပေးသည်။
မြန်မာဈေးသည်များလည်း ဒုက္ခရောက်နိုင်သည်။ ယင်းအလုပ်အကိုင် ထိုင်းအစိုးရက တရားဝင် ခွင့်မပြုထားသော်လည်း အာဏာပိုင်များကို ငွေကြေးပေးကာ မြန်မာများဈေးရောင်းကြသည်။ ယခုတစ်ကြိမ်တွင် ပြစ်ဒဏ်များ ကြီးလေးသဖြင့် မြန်မာဈေးသည်များ ဈေးရောင်းခွင့်ရတော့မည်မဟုတ်ကြောင်း ဦးအောင်ကျော် က ပြောဆိုသည်။

(၅)

ယခင်က ပြစ်ဒဏ်နည်းပါးသဖြင့် အထောက်အထား မှန်မှန်ကန်ကန်ဖြင့် ခိုင်းစေရန် အလုပ်ရှင်များက အလေး အနက်မထားကြကြောင်း၊ အထောက်အထား မှန်မှန်ကန်ကန်ဖြင့် အလုပ်လုပ်ရန် အလုပ်သမားများကလည်း အလေးအနက်မထားကြကြောင်း MWRN ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောဆိုသည်။

ပြစ်ဒဏ်အသစ်ကြောင့် အလုပ်ရှင်နှင့် အလုပ်သမားများ တရားဝင်ဖြစ်ရေးကို အလေးအနက်ထားလာကြပြီး နည်းလမ်းရှာနေကြပြီ ဖြစ်ကြောင်း ၎င်းက ပြောဆို သည်။

“အဲဒါကို အခွင့်ကောင်းယူပြီးတော့ တရားဝင်လမ်းကြောင်းကို လွယ်ကူပြီး တကယ့်ကို မှန်မှန်ကန်ကန်နဲ့ အမြတ် ထုတ်မှုမရှိတဲ့ ပုံစံမျိုးဖြစ်အောင် တွန်းတွန်း တိုက်တိုက်လုပ်ဖို့ လိုတာပေါ့”ဟု ဦးစိန်ဌေးက အကြံပြုသည်။

(၆)

မြန်မာအစိုးရအနေနှင့် ထိုင်းအစိုးရနှင့် ညှိနှိုင်းရမည့် အချိန်ရောက်နေပြီ။

“ဖမ်းမယ်ဆိုရင်လည်း မြန်မာအစိုးရနဲ့ညှိပြီး နယ်စပ်ကို တရားဝင်ပြန်ပို့။ ထိုင်းနိုင်ငံထဲမှာပဲ တရားဝင် လက်မှတ်လုပ်ပေးသင့်တယ်ဆိုရင်လည်း ပေးပေါ့” ဟု ဦးထူးချစ်က ပြောဆိုသည်။

လက်ရှိတွင် ဆက်တိုက်ဖမ်းဆီးနေသဖြင့် မြန်မာအလုပ်သမားများ စိုးရိမ်ကြောက်လန့်ကာ တောထဲ၊ တောင်ထဲတွင် ဝင်ရောက်ပုန်းအောင်းနေကြပြီး ကိုယ့်နည်းကိုယ်ဟန်ဖြင့် မြန်မာနိုင်ငံသို့ ပြန်နေကြကြောင်း ၎င်းကဆိုသည်။

“ကလေးတွေနဲ့ အမျိုးသမီးတွေ တောထဲတောင်ထဲမှာ ပုန်းခိုနေကြရပါတယ်။ သူတို့အတွက် စိုးရိမ်စရာကောင်း ပါတယ်။ ရာဇဝတ်မှုတွေ၊ အမျိုးသမီးငယ် တွေဆိုလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကြုံနိုင်တယ်။ ဒါကြောင့် စိုးရိမ်တယ်” ဟုလည်း ဦးထူးချစ်က ပြောဆိုသည်။

ထိုကြောင့် မြန်မာနိုင်ငံသို့ ပြန်လိုသူများကိုလည်း မြန်မာအစိုးရအနေနှင့် ထိုင်းအစိုးရနှင့် ပူးပေါင်းကာ စနစ်တကျ ပြန်ပို့သင့်ကြောင်း၊ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပြန်လျှင်ဖမ်းဆီးခံရခြင်း၊ ငွေညှစ်ခံရခြင်း စသည့်အခက်အခဲများ ကြုံတွေ့နိုင်ကြောင်း ရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်သူများထံမှ သိရ သည်။

ဥပဒေသစ်ထုတ်ပြန်ပြီး တစ်ရက်အကြာတွင် အလုပ်သမားများကို လိုက်လံဖမ်းဆီးခြင်းမှာ ရွှေ့ပြောင်း အလုပ်သမားများကို မငဲ့ညှာရာရောက်ကြောင်း၊ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ နေရပ်ပြန်ရေးမှာ အနည်းဆုံး သုံးလမှ ခြောက်လအထိ အချိန်လိုအပ်နိုင်ကြောင်း ဦးမိုးကြိုးက ပြောဆိုသည်။

မြန်မာနိုင်ငံသို့ ပြန်ရာတွင် ငွေကြေး တောင်းခံမှု၊ ဖမ်းဆီးမှုမရှိဘဲ လုံခြုံစိတ်ချရအောင် မြန်မာအစိုးရက ထိုင်း အစိုးရနှင့် ညှိနှိုင်းလုပ်ဆောင်သင့်ပြီး ကျန်းမာရေး စောင့်ရှောက်မှုများကိုလည်း လုပ်ဆောင်ပေးသင့်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကြိုဆိုရေးစခန်းများ ဖွင့်လှစ်ကာ စနစ်တကျ ကြိုဆိုသင့်ကြောင်း ၎င်းကဆိုသည်။

“လွတ်လပ် လုံခြုံစွာ နေရပ်ပြန်နိုင်ဖို့ သုံးလကနေ ခြောက်လအထိ ထိုင်း အစိုးရ ဖမ်းဆီးတာတွေ စစ်ဆေးတာ တွေ အရေးယူတာတွေ မလုပ်ဘဲနဲ့ ဆိုင်းငံ့ထားဖို့ မြန်မာအစိုးရက တောင်းဆိုရမယ်” ဟု ဦးမိုးကြိုးက ဆိုသည်။

အထောက်အထားမရှိ၍ မြန်မာနိုင်ငံသို့ ပြန်လာသူများမှာ ထိုင်းနိုင်ငံသို့ ပြန်သွားနိုင်သည်။ MoU စနစ်ဟုခေါ်သည့် နှစ်နိုင်ငံအစိုးရချင်းနားလည်မှု စာချွန်လွှာရေးထိုးကာ တရားဝင်အေဂျင်စီများ က စေလွှတ်သည့် စနစ်ဖြင့် ပြန်သွားရမည် ဖြစ်သည်။

အထောက်အထားမရှိသူများ မြန်မာနိုင်ငံသို့ပြန်ရန် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိကလည်း တိုက်တွန်းထားသည်။ MoU စနစ်ဖြင့် ပြန်သွားရန် လွယ်ကူရိုးရှင်းပါ၏လော။

မြန်မာနိုင်ငံသို့ ပြန်လာသည့် အလုပ်သမားများ ထိုင်းနိုင်ငံသို့ အထောက်အထား အပြည့်အစုံဖြင့် အလွယ်တကူ ပြန်လာနိုင်ရန် အခင်းအကျင်း အဆင့်သင့် ဖြစ်ရန်လိုအပ်ကြောင်း ဦးစိန်ဌေးက ပြောဆိုသည်။

“ဒီအတိုင်း ပြန်သွားဆိုရင်တော့ အဓိပ္ပာယ် မရှိပါဘူး။ ထိုင်းကို ပြန်လာဖို့ MoU စနစ်နဲ့ တရားဝင် လုပ်ဖို့အတွက် အလုပ်ရှင်အတွက်ရော အလုပ်သမား အတွက်ရော လွယ်ကူရိုးရှင်းနေဖို့ လိုတယ်။ အခုတော့ အဲဒီလို မဖြစ်သေးဘူး”ဟု ၎င်းကဆိုသည်။

မြန်မာနိုင်ငံသားများ ပြန်လာမည်ဆိုလျှင် ပြန်လာရမည့် ကုန်ကျစရိတ်၊ အလုပ်သမားများရရှိနေသည့် လစဉ်ဝင် လုပ်အားများဆုံးရှုံးမည်ဖြစ်သဖြင့် ထိုင်းနိုင်ငံထဲတွင် တရားဝင်အထောက်အထား ထုတ်ပေးသည့် အစီအစဉ်ကို အကောင်အထည်ဖော်ရန် အကြံပြုသူများလည်း ရှိသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ကမူ ထိုင်းအလုပ်သမားဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်နှင့်ရန်ကုန်တွင် ညှိနှိုင်းရန်ရှိသည်ဟု ပြောဆိုပြီး မည်သည့်အချက်များတောင်းဆိုမည်ကိုမူ ပြောဆို၍ မရသေးကြောင်း ဇွန်လ ၂၉ ရက်နေ့က ပြောကြားသည်။

(၇)

၂၀၁၄ ခုနှစ်ကလည်း ထိုင်းအစိုးရက တရားမဝင်အလုပ်သမားများ ဖမ်းဆီးနှိမ်နင်းရေး လုပ်ဆောင်ခဲ့ရာ ကမ္ဘော ဒီးယားနိုင်ငံသားတစ်သိန်းကျော် နေရပ်ပြန်ခဲ့ရသည်။ ယင်းအချိန်က ကမ္ဘောဒီယားအစိုးရက အစီအစဉ်ဖြင့် ပြန်ခေါ်ခဲ့သည်။

ကမ္ဘောဒီးယားအစိုးရ၊ တပ်မတော် စသည်တို့က ထိုင်းအစိုးရကို ပြင်းပြင်းထန်ထန် ပြောဆိုခဲ့သဖြင့် ထိုင်းအစိုးရက လျှော့ပေါ့ပေးခဲ့ကြောင်း၊ နေရပ်ပြန်လာမည့် အလုပ်သမားများကို စနစ်တကျကြိုဆိုခဲ့သည့် နည်းတူ လုပ်သင့်သည်ဟု ထောက်ပြသူများလည်းရှိသည်။

နောက်ထပ်နည်းလမ်းတစ်ခုက ထိုင်းအစိုးရကို အကျပ်ရိုက်စေသည့်နည်း ဖြစ်သည်။

မြန်မာအလုပ်သမားများ အလုံးအရင်းဖြင့် နေရပ်ပြန်လျှင် ထိုင်းနိုင်ငံတွင် အလုပ်သမားရှားပါးမှု ကြုံတွေ့ရမည် ဖြစ်ပြီး ထိုင်းလုပ်ငန်းရှင်များနှင့် ထိုင်းအစိုးရထိပ်တိုက်တွေ့မည့်ကိန်းဖြစ်သည်။ မြန်မာများကို မဖမ်းဆီးရန်၊ စနစ်တကျပြန်ခေါ်ပေးမည်ဟု မြန်မာအစိုးရက ထိုင်းအစိုးရကို ပြောဆိုသင့်ကြောင်း ဦးထူးချစ်က ပြောဆိုသည်။

“နယ်စပ်မြို့တွေမှာ ကြိုဆိုရေး စခန်းတွေဖွင့်ပြီး အလုပ်သမားတစ်သိန်း လောက်ပြန်ခေါ်ပြလိုက်။ ထိုင်းအစိုးရ ဘာပြန်ပြောမလဲ” ဟု ၎င်းက ဆိုသည်။

လက်ရှိအခြေအနေတွင်မူ ငါးဖမ်းသင်္ဘောများတွင် အလုပ်သမားရှားပါးနေသဖြင့် မြန်မာအလုပ်သမားရှာပေးရန် ထိုင်းလုပ်ငန်းရှင်များက လာရောက်တောင်းဆိုမှုရှိကြောင်း ၎င်းကဆိုသည်။ ယင်းအပြင် ထိုင်းနိုင်ငံက ငါဖမ်းသင်္ဘောများတွင် အလုပ်လုပ်ရန် မြန်မာလေးထောင်ခန့် ခေါ်ယူလိုသည်ဟု ထိုင်းအစိုးရက မြန်မာအစိုးရထံ ကမ်းလှမ်းထားသည်။

“ထိုင်းအစိုးရက လုပ်တာကို မြန်မာ အစိုးရက ငုံ့ခံနေရတော့ ကျွန်တော်တို့က ခံပြီးရင်းခံနေရမယ်။ ဒါကြောင့်မို့လို့ မဖမ်းပါနဲ့ မြန်မာအစိုးရ ကိုယ်တိုင်ပြန်ခေါ်မယ်ဆိုရင် ထိုင်းအစိုးရက ပြန်သုံးသပ်သွားလိမ့်မယ်။ အဲဒါကြောင့် အစိုးရ ပေါ်လစီနဲ့ပဲ ဆိုင်တယ်”ဟု ၎င်းကဆိုသည်။

လာမည့်ဩဂုတ်လတွင် တရားမဝင်အလုပ်သမားအားလုံးကို ဖမ်းဆီးမည်ဟု ထိုင်းအစိုးရက ပြောဆိုထား ကြောင်း မြန်မာအလုပ်သမား အသံအရာရှိက ပြောဆိုထားသည်။

၂၀၁၆ ခုနှစ် ဇွန်လတွင် ဒေါ်အောင်ဆန်းစုကြည် ထိုင်းနိုင်ငံရှိ မြန်မာမြို့ဟုဆိုရမည့် မဟာချိုင်တွင် မြန်မာ အလုပ်သမားများနှင့် တွေ့ဆုံရန်လာရောက်ခဲ့သည်။ သို့သော်လည်း ထိုင်းအာဏာပိုင်များကြောင့် တွေ့ခွင့်မရခဲ့ပေ။ ယခုတစ်နှစ်ပြည့်သွားပြီ ဖြစ်သည်။ ထူးခြားသည့် စွမ်းဆောင်မှုမျိုးကား မတွေ့ရသေးပေ။

ယခုနဖူးတွေ့ဒူးတွေ့ ကြုံရတော့မည့် ခိုကိုးရာမဲ့ မြန်မာအလုပ်သမားများ အရေး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သည့် NLD အစိုးရသစ် မည်သို့ ကိုင်တွယ်မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

အလုပ်ရှင်အပြောင်းအလဲအတွက် Work Permit လျှောက်ထား၍ လက်ရှိတွင် အထောက်အထားမစုံသဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင်း မဟာချိုင်တွင် အလုပ်လုပ်ကိုင်နေသည် ကိုသန်းဇော်ထိုက် က ပြောဆိုသည်။ ဥပဒေသစ်အပေါ်လည်း အောက်ပါအတိုင်း ပြောဆိုသည်။
“ငွေဒဏ်လည်းထိမယ်။ ထောင် လည်းကျမယ်ဆိုတော့ တကယ့်ကို စိုးရိမ် စရာကောင်းပါတယ်”

အောင်မြင့်ထွန်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *