ကုန်ထုတ်စခန်းမှ အကျဉ်းသားငါးဦး ရဲကို ခဲဖြင့်ပစ်ပေါက်ကာ ထွက်ပြေး

မော်လမြိုင်၊ဇွန်၃၀

မွန်ပြည်နယ်ပေါင်မြို့နယ် အင်းဗြောင်အကျဉ်းဦးစီးဌာန ကုန်ထုတ်စခန်းမှ အကျဉ်းသားငါးဦး ထွက်ပြေးလွတ် မြောက်သွားကြောင်း ပေါင်မြို့နယ်ရဲစခန်းမှသိရသည်။

အဆိုပါအကျဉ်းသားငါးဦးတို့သည် ဇွန်လ၂၉ရက်နေ့က တာဝန်ကျဒုတိယတပ်ကြပ်သက်လွင်ကို ကျောက်ခဲဖြင့် ပစ်ပေါက်ကာ ကုန်ထုတ်စခန်းအနီးရှိ တောအတွင်းသို့ ထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့မှတ်တမ်း အရ သိရသည်။

ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားများမှာ အသက်၂၁နှစ်မှ၃၂နှစ်အကြား ရှိပြီး ထောင်ဒဏ်ရှစ်နှစ်မှ ၁၃နှစ်အထိ ကျခံနေရသူများဖြစ်ကြောင်း အဆိုပါ မှတ်တမ်းအရသိရသည်။

“အခုချိန်ထိတော့ ဖမ်းလို့မမိသေးဘူး။ မနေ့ည၇နာရီက အမှုလာဖွင့်တယ်။ အထောက်အထားမပြည့်စုံလို့ ည၉နာရီ လောက်မှ အမှုဖွင့်ဖြစ်တယ်” ဟုပေါင်မြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးထွန်းဇော်ဦးက ပြောသည်။

အကျဉ်းသားငါးဦး ထွက်ပြေးသွားချိန်တွင် လိုက်လံဖမ်းဆီးခဲ့သော်လည်း လွတ်မြောက်သွားသဖြင့် အင်းဗြောင် ကုန်ထုတ်စခန်းမှ လက်ထောက်ကြီးကြပ်ရေးမှူး(၁)ညီညီလွင်က တရားလိုပြုလုပ်၍ ပေါင်မြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ထွက်ပြေးလွတ်မြောက်နေသည့် အကျဉ်းသားငါးဦးကိုပေါင်မြို့မရဲစခန်း တွင်ရာဇသတ်ကြီး ပုဒ်မ၃၃၂/၂၂၄ဖြင့် ပြန်လည်ဖမ်းဆီးရမိရေးအတွက် အမှုဖွင့်ထားကြောင်း ပေါင်မြို့မရဲစခန်းထံမှသိရသည်။

Dawei Watch

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *