သတင်းထောက်သုံးဦးကို တရားစွဲမှုပယ်ဖျက်ရန် HRW တောင်းဆို

ရန်ကုန်၊ ဇွန် ၃၀

တအောင်းတိုင်းရင်းသား လက်နက် ကိုင်နယ်မြေသို့ သတင်းသွားယူရာမှအပြန် တပ်မတော်စစ်ကြောင်းက ဖမ်းဆီးပြီး တရားစွဲခံထားရသော ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် ဧရာဝတီသတင်း ဌာနတို့မှ သတင်းထောက်သုံးဦးကို တရား စွဲမှုပယ်ဖျက်ရန် နိုင်ငံတကာလူ့အခွင့် အရေး စောင့်ကြည့်လေ့လာသည့် HRW အဖွဲ့က တောင်းဆိုလိုက်သည်။
ဧရာဝတီသတင်းဌာနမှ အကြီးတန်း သတင်းထောက် လဝီဝမ် (ခေါ်) ဦးသိန်းဇော် နှင့် ဒီမိုကရက်တစ်မြန်မာ့အသံမှ ဦးအေးနိုင်၊ ဦးပြည့်ဘုန်းအောင်တို့ကို တပ်မတော်က မတရားသင်းအက်ပုဒ်မ ၁၇ (၁) ဖြင့် သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်ထားခြင်း ဖြစ်သည်။

တပ်မတော်အစိုးရလက်ထက် နိုင်ငံရေးသမားများကို နှိပ်ကွပ်ရာတွင် အလားတူပုဒ်မဖြင့် အရေးယူအပြစ်ပေးခံခဲ့ ရသူ အများအပြားပါဝင်သည့် လက်ရှိ အစိုးရအနေနှင့် သတင်းသမားသုံးဦးကို တရားစွဲဆိုထားခြင်းအမှုအား အမြန်ဆုံး ပယ်ဖျက်သင့်ကြောင်း HRW ၏ အာရှ ဒေသဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး ဖီးရောဘတ်ဆန်က ပြောဆိုသည်။

“သတင်းထောက်တွေ သူတို့ အလုပ် သူတို့လုပ်တာကို အာဏာပိုင်တွေ က ဒီလိုတရားစွဲတာတော့ သိပ်ဆိုးရွားတဲ့ ဖြစ်ရပ်ပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။
လက်နက်ကိုင်အဖွဲ့များအကြောင်း သတင်းရယူခြင်းကြောင့် သတင်းထောက် များကို ဖမ်းဆီးမှုသည် မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့်အတွက် အကျည်းတန် လွန်းကြောင်း၊ အမျိုးသားလုံခြုံရေး ခေါင်းစဉ်အောက်တွင် မီဒီယာအပေါ် ကန့်သတ်ချက်များ ချနိုင်သော်လည်း သင့်တင့်လျောက်ပတ်သည့် အနေအထား ဖြစ်ရန် အရေးကြီးပြီး အလွန်အကျွံ မကန့် သတ်မိရန် အရေးကြီးကြောင်း HRW ၏ ဇွန်လ ၃၀ ရက်နေ့ ကြေညာချက်တွင် ဖော်ပြထားသည်။

သတင်းထောက်သုံးဦး ဖမ်းခံရခြင်း နှင့် ပတ်သက်၍ အကြမ်းဖက်သောင်းကျန်း သူများနှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သူများ အား ဖမ်းဆီးရမိပြီး တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဇွန်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် သတင်း ထောက်သုံးဦးအပါအဝင် အမျိုးသားခုနစ် ဦးကို လိုင်စင်မဲ့မော်တော်ယာဉ် နှစ်စီးနှင့် အတူ နမ့်ဆန်မြို့နယ်အတွင်း နမ့်ဆန်-သီပေါကားလမ်း လမ်းကြောင်းလုံခြုံရေး ဆောင်ရွက်နေသည့် တပ်မတော်စစ်ကြောင်း က တွေ့ရှိဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ TNLA (တအာင်းလက်နက်ကိုင်အဖွဲ့) အကြမ်းဖက်သောင်းကျန်းသူအဖွဲ့နှင့် ဆက်သွယ်၍ ပြန်လည်ထွက်ခွာလာ ကြောင်း စုံစမ်းသိရှိရသဖြင့် တရားဥပဒေ နှင့် အရေးယူဆောင်ရွက်နိုင်ရန် လားရှိုး မြို့နယ်ရဲစခန်းသို့ စနစ်တကျလွှဲပြောင်း အပ်နှံထားကြောင်း ဖော်ပြပါရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံးက ယင်းသို့ တရားဝင်တိုင်းသိပြည်သိ ထုတ်ပြန်သော်လည်း သတင်းထောက် သုံးဦးကို လားရှိုးမြို့နယ်ရဲစခန်းသို့ အမှန် တကယ် လွှဲပြောင်းခြင်းမရှိခဲ့ဘဲ တပ်မတော် စစ်ကြောင်းက ဖမ်းဆီးပြီး နှစ်ရက်နီးပါး အကြာမှသာ အမှတ် (၅၀၃) ခြေမြန် တပ်ရင်းမှ တပ်ရေးဗိုလ်ကြီး ဗိုလ်သက်နိုင်ဦး တရားလိုပြုလုပ်၍ သီပေါမြို့မရဲစခန်းတွင် အမှုဖွင့်ခဲ့ကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ စုံစမ်းသိရှိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုံး ထုတ်ပြန်စာတွင် သတင်းထောက်သုံးဦး အပါအဝင် အမျိုးသားခုနစ်ဦးကို ဖမ်းဆီးခဲ့ ကြောင်း ဖော်ပြခဲ့သော်လည်း တပ်ရေး ဗိုလ်ကြီးက အမှုဖွင့်တိုင်တန်းရာ၌ သတင်း ထောက်သုံးဦး၊ ယာဉ်မောင်းနှစ်ဦး၊ အကူ ယာဉ်မောင်းတစ်ဦး စုစုပေါင်း ခြောက်ဦး သာဖြစ်ကြောင်း သီပေါမြို့နယ် ရဲတပ်ဖွဲ့မှူး ရုံးမှ ထပ်မံသိရှိရသည်။

မြန်မာနိုင်ငံတွင် အစိုးရနှင့် တိုင်းရင်း သားလက်နက်ကိုင်များအကြား ငြိမ်းချမ်း ရေးဆွေးနွေးမှုများ အရှိန်အဟုန်ဖြင့် စတင်သည့် ၂၀၁၂ ခုနှစ်ဝန်းကျင်ကာလမှ စ၍ နိုင်ငံပိုင် သတင်းမီဒီယာများမှ သတင်း ထောက်များ အပါအဝင် ပြည်တွင်းပြည်ပ သတင်းဌာနမျိုးစုံမှ သတင်းထောက်များ သည် နိုင်ငံတစ်ဝန်းရှိ လက်နက်ကိုင်အဖွဲ့ အစည်းများရှိရာသို့ အကြိမ်ကြိမ် သွားရောက် သတင်းယူလေ့ရှိသော်လည်း ယခုကဲ့သို့ ဖမ်းဆီးကာ မတရားအသင်းအက်ဖြင့် အမှု ဖွင့်ခံရခြင်းမျိုး မရှိခဲ့ပေ။ သတင်းမီဒီယာများ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေ များသို့ သွားရောက်သတင်းရယူခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတိကျသော သတိ ပေးတားမြစ်ချက် တစ်စုံတစ်ရာကို အစိုးရ နှင့် တပ်မတော်က ထုတ်ပြန်တားမြစ်ခြင်း မျိုးလည်း မရှိပေ။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *