“ဒီထုတ်ပြန်ချက်က လွဲမှားနေတယ်”

သေဆုံးသူကိုစိုးနောင်၏ အစ်ကိုအရင်းတော်စပ်သူ ရွှေကြီးဖြူဆရာတော် ဦးဝိဇာရနှင့် တွေ့ဆုံခြင်း

အများပြည်သူစိတ်ဝင်စားနေသည့် မင်္ဂလာဒုံမြို့နယ်လေးလောင်းပြိုင် လူသတ်မှုနှင့်ပတ်သက်၍ The Voice က သေဆုံးသူ ကိုစိုးနောင်၏ အစ်ကိုအရင်းတော်စပ်သူ ရွှေကြီးဖြူဆရာတော် ဦးဝိဇာရနှင့် တွေ့ဆုံမေးမြန်း ခဲ့သည်ကို ပြန်လည်ဖော်ပြအပ်ပါသည်။

The Voice – ရဲတပ်ဖွဲ့ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ဆရာတော်ရဲ့ အမြင်ကို မိန့်ကြားပေးပါ။

ဆရာတော် – ဒီထုတ်ပြန်ချက်က လွဲမှားနေတယ်။ မောင်စိုးနောင်က ဘယ်သန်မဟုတ်ဘူး။ ဦးဇင်းတို့ မွေးချင်းမောင်နှမ ခုနစ်ယောက်ထဲမှာ ဦးဇင်း တစ်ယောက်ထဲ ဘယ်သန်။ ကျန်သူတွေအားလုံးက ညာသန်တွေ။ ပြီးတော့ လေးလောင်းပြိုင်ဖြစ်တဲ့ နေအိမ်ကို ချက်ချင်းရေဆေးချပစ်တယ်။ အလောင်းတွေကို သုံးရက်နဲ့ မီးသင်္ဂြိုဟ်တယ်။ အခုမှ DNA စစ်ဆေးချက်ဆိုပြီး ၁၀ လကြာမှ ထုတ်ပြန်တယ်။ ဒီထုတ်ပြန်ချက်မှာ မနှစ်သက်စရာတွေ ရှိနေတယ်။

The Voice – ဒီလူသတ်မှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဆရာတော်တို့ဘက်ကရော ဘာများဆောင်ရွက်ခဲ့တာ ရှိပါသလဲ။

ဆရာတော် – ဦးဇင်းညီနဲ့ မိသားစုတွေအသတ်ခံရတယ်။ သတင်းရရချင်း ဦးဇင်းလာခဲ့တယ်။ ရောက်တော့ အလောင်းတွေကို အင်းစိန်သယ်သွားပြီဖြစ်တာကြောင့် အဲဒီနေရာကို ထပ်လိုက်သွားတယ်။ ဒါပေမဲ့ ကြည့်ခွင့်မရခဲ့ဘူး။ သုံးရက်မြောက်နေ့သင်္ဂြိုဟ်မှ ဒဏ်ရာတွေဖုံးဖိထားတဲ့ ရုပ်အလောင်းတွေကို မြင်တွေ့ခွင့် ရခဲ့တယ်။ အမှုနဲ့ပတ်သက်ပြီး CID နဲ့ ချိတ်ဆက်တယ်။ ဖုန်းမကိုင်ဘူး။ CID ရုံးလိုက်သွားတော့လည်း အရာရှိနဲ့ ပေးမတွေ့ကြဘူး။ ဆေးစစ်ချက်တောင်းတော့ ဗမာလိုရေးထားတဲ့ ဆေးစာပြတယ်။ ဆေးစာက ဆေးစာနဲ့ မတူဘူးဖြစ်နေတယ်လေ။

The Voice – ကိုစိုးနောင်က သူ့မိသားစုကို သတ်ခဲ့တာလို့ ထုတ်ပြန်တဲ့ သတင်းအပေါ် ဆရာတော်အမြင် မိန့်ကြားပေးပါ။

ဆရာတော် – အခင်းဖြစ်တဲ့နေ့က လာစစ်တဲ့ ရန်ကုန် တိုင်းရဲတပ်ဖွဲ့က ရဲမှူးသိန်းလွင်(ယခု အနောက်ပိုင်း ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးသိန်းလွင်) က ဦးဇင်းကို ပြောသွားတယ်။ စိုးနောင်က မိသားစုကို လုပ်ကြံတာရော မဖြစ်နိုင်ဘူးလားတဲ့။ အခု အချိန် ၁၀ လ ကြာတော့လည်း ဒီအဖြေပဲ ထွက်လာတယ်။ သူတို့ ထုတ်ပြန်ထားတဲ့ မသင်္ကာသူသုံးယောက် ခုချိန်ထိ မမိသေးဘူး။ ဒီလူတွေထဲက တစ်ယောက်ယောက်ကို မိစေချင်တယ်။ မိမှ ဒီအမှုမှာ ပြစ်မှုကျူးလွန်သူဟာ မောင်စိုးနောင်လား အခြားလူလား ကွဲကွဲပြားပြား အဖြေထွက်လာမယ်လို့ ထင်မြင်ယူဆတယ်။

ခိုင်စိုးလင်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *