လူနာစောင့်သုံးဦးက ဆရာဝန်ကို ကိုယ်ထိလက်ရောက်ကျူးလွန်မှု တရားဥပဒေအတိုင်းဆောင်ရွက်မည်

ရန်ကုန်၊ ဇွန် ၃၀

ဖြူးမြို့ပြည်သူ့ဆေးရုံ၏ အရေးပေါ်ဌာနတွင် တာဝန်ကျနေသည့် လက်ထောက် ဆရာဝန်ကို ဇွန်လ ၂၇ ရက်နေ့ ည ၈ နာရီ ၁၅ မိနစ်ခန့်က လူနာနှင့်အတူ လိုက်ပါလာသူသုံးဦးက ကိုယ်ထိလက်ရောက်ကျူးလွန်မှုကို တရားဥပဒေ အတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာန က ဒုတိယညွှန်ကြားရေးမှုးချုပ် ဒေါက်တာဌေးအောင်က ပြောကြားသည်။

ဇွန်လ ၂၇ ရက်နေ့က အဖျားတက်၍ အရေးပေါ်အခြေအနေ ဖြစ်နေသည့် ကလေးတစ်ဦးနှင့် သွေးလွန်တုပ်ကွေးဖြစ်နေသည့် ကလေးနှစ်ဦးကို အရေးပေါ်ကြည့်ပေးသည့် လက်ထောက်ဆရာဝန်ကို မျက်ခုံး တွင် တစ်လက်မခန့် ကွဲလာသည့် လူနာအမျိုးသမီးကို အမြန်ကြည့်မပေးသဖြင့် လူနာနှင့်အတူပါလာသည့် အမျိုးသားသုံးဦးက ကိုယ်ထိလက်ရောက်ထိုးကြိတ်မှု ကျူးလွန်ခဲ့ကြောင်း ဖြူးပြည်သူ့ဆေးရုံထံမှ စုံစမ်းသိရှိ ရသည်။

“ဆရာဝန်တွေ စော်ကားခံရတာ များပြီ။ အမှန်အတိုင်း ဖြစ်စေချင်တယ်” ဟု ဒေါက်တာဌေးအောင်က ဆိုသည်။

ဆေးရုံ၏ လက်ထောက်ဆရာဝန်ကို လူနာနှင့်အတူပါလာသူ သုံးဦးက ကိုယ်ထိလက်ရောက် ကျူးလွန်မှု အတွက် ကျူးလွန်ခံရသူက တရားစွဲပြီးဖြစ်သဖြင့် ဆေးရုံအနေနှင့် တရားစွဲ၍မရတော့သဖြင့် လိုအပ်သည်များ ကိုသာ ပံ့ပိုးသွားမည်ဖြစ်ကြောင်း၊ ပြဿနာဖြစ်သည့် ညက ညစောင့်တစ်ဦးနှင့် အမျိုးသား ဝန်ထမ်းများသာ ဆေးရုံတွင်ရှိကြောင်း ဖြူးပြည်သူ့ဆေးရုံက ဆေးရုံအုပ်ဒေါက်တာ ကျော်မျိုးလှိုင်က ပြောကြားသည်။

ကျူးလွန်ခံရမှုကြောင့် နောက်စေ့တွင် ထိုးမိသည့်ဒဏ်ရာ ငါးချက်၊ ညာဘက် တံတောင်ဆစ်တွင် ညိုမည်းစွဲနေခြင်း၊ မျက်နှာတွင် နှစ်ချက်ထိုးခံရခြင်း၊လည်ပင်းမှ နားရွက်အောက်ထိ မေးရိုးနေရာတွင် အစင်းကြောင်းဖြစ်သွားခြင်းတို့ကို ခံစားခဲ့ရကြောင်း ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသည့် လက်ထောက် ဆရာဝန် ဒေါက်တာ ဟိန်းပြည့်အောင်က ဆိုသည်။

“ဆေးရုံအုပ်က တရားမစွဲတာကြောင့် ကျွန်တော်တရားလိုလုပ်စွဲတာ” ဟု ဒေါက်တာ ဟိန်းပြည့်အောင်က ဆိုသည်။

ဆေးရုံများတွင် လုံခြုံရေးထားရှိခြင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်သာ ကန်ထရိုက်စနစ်ဖြင့် ပြုလုပ်နိုင် သေးပြီး အခြားဆေးရုံများတွင် ညစောင့်ဝန်ထမ်းနှင့် အမျိုးသားဝန်ထမ်းများကသာ ဆေးရုံလုံခြုံရေးတာဝန်ယူ နေရကြောင်း ကျန်းမာရေးဝန်ထမ်းများထံမှ စုံစမ်းသိရှိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *