တပ်မတော်သားဆိုသူကို သတင်းမီဒီယာသမားများ အမှုဖွင့်

ရန်ကုန်၊ ဇွန် ၃၀

တပ်မတော်သမားဟုဆိုသူ အမျိုး သားတစ်ဦးကို မြန်မာနိုင်ငံသတင်းသမားများ ကာကွယ်ရေးကော်မတီက နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးသည့် ဥပဒေဖြင့် ဗဟန်းမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်ကြားလိုက်သည်။

ဇွန်လ ၃၀ ရက်နေ့တွင် The Voice Daily နှင့် Weekly တို့ ၏ အယ်ဒီတာချုပ်ဦးကျော်မင်းဆွေကို ဗဟန်းမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် သတင်းရယူရန် လာရောက်ခဲ့သည့် သတင်းမီဒီယာသမား များကို စောင့်ကြည့်ကာ ဓာတ်ပုံနှင့် ဗီဒီယိုများရိုက်ကူးမှုဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါအမျိုးသားသည် ဦးကျော်မင်းဆွေကို ရုံးထုတ်စစ်ဆေးအပြီး အမှုနှင့်သက်ဆိုင်သည့် ဥပဒေအကြံပေးနှင့် The Voice Daily မှ တာဝန်ရှိသူတို့ကို သတင်းမီဒီယာများက တွေ့ဆုံမေးမြန်းရာအနီးတွင် တောက်လျှောက် ရှိနေခဲ့ပြီး မီဒီယာသမားများ၏ လှုပ်ရှားမှုများကို မှတ်တမ်းတင်နေကြောင်း မီဒီယာသမားများက သတိပြုမိခဲ့ကာ ၎င်းကို ဝိုင်းဝန်းမေးမြန်းရာ ရန်ကုန်တိုင်းဒေသကြီး၊ တပ်နယ်မှူးရုံးမှ တပ်ကြပ်အရာရှိတစ်ဦးဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့သည်။

၎င်း၏အမည်မှာ တပ်ကြပ် စိုးမြင့်အောင် (ကိုယ်ပိုင်နံပါတ် ၈၅၂၂၉၄) ဟုသိရပြီး ဦးကျော်မင်းဆွေကို ရုံးထုတ်စစ်ဆေးရာတွင် တရားလိုဖြစ်သူ ဒုတိယဗိုလ်မှူးကြီး လာရောက်နိုင်ခြင်းမရှိသောကြောင့် အထက် အရာရှိများ၏ တာဝန်ပေးချက်အရ လာရောက်သတင်းရယူခြင်းဖြစ်ပြီး နောက်ယောင်ခံခြင်းမဟုတ်ကြောင်း အဆိုပါအမျိုးသားက ပြောဆိုသည်။

“တပ်နယ်မှူးရုံးကနေ ကျွန်တော့်ကို တာဝန်ပေးတာ။ သူတို့ ဒီနေ့မလာနိုင်ဘူး၊ မလာနိုင်တဲ့အတွက် ကျွန်တော့်ကို သတင်းယူပေးပါဆိုလို့ ကျွန်တော်လာယူတာ” ဟု ၎င်းကဆိုသည်။

သို့သော် အမှုနှင့်သက်ဆိုင်သည့်သူများနှင့် သီးသန့်သတင်းရယူနေမှုကို ဗီဒီယိုရိုက်ကူးခြင်းနှင့် သတင်းမီဒီယာ သမားတို့၏ လှုပ်ရှားမှုများကိုပါ ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခြင်းများကို တွေ့ရှိရပြီး နောက်ပိုင်းတွင် သတင်း မီဒီယာသမားများ၏ တောင်းဆိုမှုကြောင့် အဆိုပါမှတ်တမ်းများကို ၎င်းက ပြန်လည်ဖျက်ဆီးပေးခဲ့သည်။

သို့သော် နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ချိုးဖောက်သည့် လုပ်ရပ်ဖြစ်သည်ဟုဆို ကာ မြန်မာနိုင်ငံသတင်းသမားများ ကာကွယ်ရေးကော်မတီက ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။

အမှုကို ယာယီအားဖြင့် လက်ခံထားပြီး အမှုဖွင့်ခံရသူသည် တပ်မတော်သားတစ်ဦးဖြစ်ခြင်းကြောင့် ကာကွယ် ရေးဝန်ကြီးဌာနကို တင်ပြပြီးမှ ပထမသတင်းပေးတိုင်ကြားချက် (ပ-နံပါတ်) ဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသေးဘဲ ဥပဒေ အရရက်ပေါင်း ၃၀ အတွင်းတွင် ပြန်လည်အကြောင်းပြန်မည်ဖြစ်ကြောင်း ရဲစခန်းက ဖြေကြားခဲ့သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာကွယ်ပေးသည့် ဥပဒေကို ပြီးခဲ့သည့် မတ်လအတွင်းက နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး အတည်ပြုပြဋ္ဌာန်းထားပြီး ယင်းဥပဒေတွင် ပုဂ္ဂိုလ်တစ်စုံတစ်ဦး၏ လွတ်လပ်မှုနှင့် လုံခြုံမှုကို အနှောင့်အယှက်ဖြစ်စေသည့် နောက်ယောင်ခံ စောင့်ကြည့်ခြင်း၊ စုံစမ်းထောက်လှမ်းခြင်းများပြုလုပ်ပါက ထောင်ဒဏ်ခြောက်လမှ သုံးနှစ်အထိအပြင် ဒဏ်ငွေ ကျပ်သုံးသိန်း မှ ကျပ် ၁၅ သိန်း ချမှတ်နိုင်ကြောင်းပါရှိသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *