မင်ဒါနာအို အကျပ်အတည်း

Photo Credit : Romeo Ranoco/Reuters

တာဝန်ထမ်းဆောင်ပြီး တစ်နှစ်ကြာချိန်တွင် တင်းပြည့်ကျပ်ပြည့် အကျပ်အတည်းတစ်ခုကို မွေးရပ်မြေ မင်ဒါနာအိုကျွန်းတွင် ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး ရင်ဆိုင်နေရပြီဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင်းရှိ မွတ်ဆလင်အများဆုံးနေထိုင်ရာ မြို့ဖြစ်သည့် မရာဝီကို အစ္စလာမ်မစ်နိုင်ငံတော်စစ်သွေးကြွအဖွဲ့ (ISIS) ကို သစ္စာခံထားသည့် ဖိလစ်ပိုင်ဂျီဟက်အုပ်စု မော်တီက မေလ ၂၃ ရက်နေ့မှ စတင်ဝန်းရံတိုက်ခိုက်ခဲ့မှုဖြစ်သည်။ စစ်သွေးကြွများနှင့် တိုက်ခိုက်ရေး သမားများ ခိုအောင်းနေသေးသည့် မရာဝီမြို့ကို အပြည့်အဝပြန်လည်ထိန်းချုပ်နိုင်ရန် ဖိလစ်ပိုင်အစိုးရစစ်သားများ တိုက်ပွဲဝင်နေသည်မှာ တစ်လနီးပါးပင် ကြာမြင့်နေပြီဖြစ်သည်။ အရှေ့တောင်အာရှ အစ္စလာမ်မစ်နိုင်ငံတော် တိုက်ခိုက်ရေးသမားများ၏ ခေါင်းဆောင်အဖြစ် သတ်မှတ်ထားသည့် ဖိလစ်ပိုင်အကြမ်း ဖက်သမား အစ်နီလွန်ဟာပီလွန် ပုန်းခိုရာအိမ်တစ်လုံးကို အစိုးရတပ်ဖွဲ့ဝင်များ ဝင်ရောက်စီးနင်းရှာဖွေသည်ကို လက်စားချေသည့်အနေနှင့် မရာဝီတိုက်ခိုက်မှု ပေါ်ပေါက်လာခြင်းဖြစ်နိုင်သည်။

ထို့အပြင် မရာဝီမြို့ ဝန်းရံတိုက်ခိုက် မှုသည် ဖိလစ်ပိုင်နိုင်ငံတွင်း အစ္စလာမ်မစ် ပြည်နယ်တစ်ခုထူထောင်ရေး ISIS သစ္စာခံအုပ်စုများ ကြိုးပမ်းမှုလှိုင်းလုံး အနက် ဖြစ်စဉ်တစ်ခုဖြစ်သည်။ မကြာသေး ခင်ရက်များအတွင်း ISIS နှင့် ဆက်နွှယ်မှု ရှိသည့်အုပ်စုများ အဓိကအားဖြင့် နာမည် ဆိုးဖြင့်ကျော်ကြားသည့် ဘန်ဆာမိုရို အစ္စလာမ်မစ်လွတ်မြောက်ရေး တိုက်ခိုက် ရေးသမားများသည် မန်ဒါနာအိုကျွန်းရှိ နေရာပေါင်းများစွာကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ကာ အကြမ်းဖက်မှုများ မရာဝီမြို့တွင်သာမကဘဲ အခြားသော ဒေသများသို့ ပျံ့နှံ့နိုင်ခြေရှိသည်ကို ဖော်ပြ လိုက်သည်။ ယင်းကဲ့သို့သော မွတ်ဆလင် အစွန်းရောက်များကို ဆန့်ကျင်ရန် ယခင်က လုပ်ဆောင်လေ့ရှိသည့်အတိုင်း ခရစ်ယာန် အသိုင်းအဝိုင်း လက်နက်တပ်ဆင်လာပါ က မင်ဒါနာအိုကျွန်းတွင် ပြည်တွင်းစစ်ဖြစ် ပွားနိုင်သည်ဟု ဒူတာတေးက သတိပေးထားသည်။

အာရပ်နိုင်ငံများ၊ ရုရှားကော်ကေးဆပ် ဒေသမှ ဂျီဟက်ဝါဒီများ အပါအဝင် နိုင်ငံ ခြားသား တိုက်ခိုက်ရေးသမားများ မော်တီ အုပ်စုတွင်း သိသိသာသာပါဝင်နေသဖြင့် မင်ဒါနာအိုကျွန်းတွင်း ဖြစ်ပွားနေသည်ကို နိုင်ငံခြားကျူးကျော်မှုအဖြစ် ပုံဖော်ပြီး ဖိလစ်ပိုင်အစိုးရက တုံ့ပြန်လျက်ရှိသည်။ မင်ဒါနာအိုတွင်း ပထမဆုံးသော တိုက်ခိုက် မှုများ စတင်ဖြစ်ပွားပြီးနောက် မကြာမီ မေလတွင်း ကျွန်းတစ်ကျွန်းလုံးကို စစ်အုပ်ချုပ် ရေးဖြင့် အုပ်ချုပ်မည်ဟု သမ္မတ ဒူတာတေး က ထုတ်ပြန်လိုက်ပြီး အကြမ်းဖက်သမား များအား ကိုင်တွယ်ရေး လုံခြုံရေးတပ်ဖွဲ့ များကို လုပ်ပိုင်ခွင့် အကြီးအကျယ်ပေး အပ်ခဲ့သည်။ ထို့အပြင် ပြည်သူများကို အကြမ်းဖက်ဝါဒမှ ကာကွယ်ပေးရန် နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းမည် ဟုလည်း ၎င်းကခြိမ်းခြောက်ထားသည်။

သို့သော် အစိုးရတပ်ဖွဲ့ဝင်များ မရာဝီ မြို့တွင်းသို့ စတင်ဝင်ရောက်သည့် နေ့ရက် များမှစတင်ပြီး စစ်သားများနှင့် အကြမ်း ဖက်သမားများ တိုက်ခိုက်မှုသည် မြို့ပြ တိုက်ပွဲအသွင်ဖြစ်လာပြီး အလတ်ပိုနှင့် မိုဆိုးမြို့တို့ရှိ ကြောက်ရွံ့ ဖွယ်ပုံရိပ်များကို ပဲ့တင်ထပ်လျက်ရှိသည်။ လက်လုပ် ဖောက်ခွဲရေးပစ္စည်းများ၊ လက်ဖြောင့် ပစ်ခတ်မှုများကို ထိထိရောက်ရောက် အသုံးပြုလျက်ရှိသည့် ဂျီဟက်ဝါဒီများကို ရှင်းလင်းနိုင်ရန် ဖိလစ်ပိုင်စစ်သားများ ရုန်းကန်နေရသည်။ ထို့အပြင် လေကြောင်း တိုက်ခိုက်မှုများကို အစိုးရတပ်ဖွဲ့က အကြီး အကျယ် အသုံးပြုနေသဖြင့် အချင်းချင်း ပစ်ခတ်မိနိုင်ခြေ၊ အရပ်သားများ ထိခိုက် နိုင်ခြေ တိုးပွားလျက်ရှိသည်။ တိုက်ပွဲများ အတွင်း စစ်သား ၇၀ ဦးထက်မနည်းနှင့် စစ်သွေးကြွ ၂၉၀ သေဆုံးထားပြီးဖြစ်သည် ဟု တရားဝင်ကိန်းဂဏန်းများတွင် ဖော်ပြ ထားသည်။

လွတ်လပ်သည့် နိုင်ငံခြားရေးမူဝါဒ ကျင့်သုံးမည်ဟု ကတိပြုထားသဖြင့် ISIS ချေမှုန်းရေးတွင် ဖိလစ်ပိုင်နိုင်ငံ၏ တစ်ဦး တည်းသော စာချုပ်မဟာမိတ်နှင့် အကြမ်း ဖက်မှု တန်ပြန်ရေးအကူအညီများ ဆယ်စု နှစ်နှင့်ချီ ပေးအပ်နေသည့် အမေရိကန် ပြည်ထောင်စုထံမှ အကူအညီရယူရေး ကနဦးတွင် သမ္မတဒူတာတေး ငြင်းဆိုခဲ့ သည်။ သို့သော် တိုက်ပွဲကြာရှည်လာသည် နှင့်အမျှ ကွင်းပြင်တောတွင်း စစ်မြေပြင် အတွက်သာ လေ့ကျင့်ထားပြီး မြို့ပြတိုက်ပွဲ အတွက် လေ့ကျင့်မထားသည့် ဖိလစ်ပိုင် စစ်သားများအကူအညီ အသည်းအသန် လိုအပ်လာသည်ကို ရှင်းရှင်းလင်းလင်း တွေ့လာရသည်။ တဖြည်းဖြည်းနှင့် အမေ ရိကန်အကူအညီကို စစ်တပ်တောင်းဆို လာရသည်။ သမ္မတ ဒူတာတေး လိုလား သည် ဖြစ်စေ၊ မလိုလားသည်ဖြစ်စေ ၎င်းတွင် ရွေးချယ်စရာ သိပ်မရှိသဖြင့် သဘောတူပေးရန်သာရှိသည်။ ယင်းသို့ ထူးဆန်းသည့် ဖြစ်စဉ်ကြောင့် လက်တွေ့ ပေါ်လာရန် အလှမ်းကွာဝေးနေသေးသည့် မင်ဒါနာအို ကာလီဖိတ်ကို စိုးရိမ်မှုမှ တစ်ဆင့် စိမ်းကားနေသည့် မဟာမိတ် နှစ်ဦး ပြန်လည်နီးစပ်လာတော့သည်။

အကြမ်းဖက်မှု ရာဇဝင်

မနီလာရှိ ဗဟိုအစိုးရအဖွဲ့နှင့် သူပုန် အုပ်စုအမျိုးမျိုးကြား တိုက်ပွဲများ မင်ဒါနာအို ကျွန်းတွင် ဖြစ်ပွားနေသည်မှာ ဆယ်စု နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်သည်။ ယင်းကဲ့သို့သော တိုက်ခိုက်မှုများကြောင့် သိန်းနှင့်ချီသည့် ပြည်သူများ သေဆုံးခဲ့ရ ကာ သန်းနှင့်ချီ နေရပ်စွန့်ခွာခဲ့ရပြီး ဒေသ တွင်း ဆင်းရဲမွဲတေမှုနှင့် ဖွံ့ဖြိုးမှုနိမ့်ကျမှု အမြစ်တွယ်လျက်ရှိသည်။ အဆိုပါ ဖြစ်စဉ် များသည် အစွန်းရောက် အိုင်ဒီယော် လော်ဂျီများနှင့် အစွန်းရောက်အုပ်စုများ ပေါက်ဖွားရန် မြေဩဇာကောင်းသည့် မြေကို ဖန်တီးပေးလျက်ရှိသည်။ မင်ဒါ နာအိုကျွန်းတွင်း လက်ရှိပေါ်ပေါက်နေသည့် အကြမ်းဖက်မှုများသည် အဓိကအချက် နှစ်ခု ပေါင်းဆုံလာခြင်းကြောင့်ဖြစ်သည်။

ပထမအချက်သည် အရှေ့အလယ် ပိုင်းဒေသတွင်း စစ်ရေးအရေးနိမ့်မှုများကြုံ တွေ့နေခြင်းကြောင့် အာရှဒေသတွင် ဗဟို ပြုရန် ISIS လုပ်ဆောင်လာမှုဖြစ်သည်။ တူရကီတောင်ပိုင်းဒေသတွင် နယ်စပ် ထိန်းချုပ်မှုတင်းကျပ်လာခြင်း၊ အီရန်နှင့် ဆီးရီးယားရှိ ISIS များကို အမေရိကန် ဦးဆောင်စစ်ဆင်ရေးများဖြင့် ချေမှုန်းနေ ခြင်းတို့ကြောင့် ISIS လိုလားသူများ ကယ်လီဖိတ်သို့သွားရောက်နိုင်ရန် ခက်ခဲ လျက်ရှိသည်။ ယင်းကို တုံ့ပြန်သည့်အနေ နှင့် မိမိတို့၏ဒေသ အထူးသဖြင့် ကမ္ဘာ့ မွတ်ဆလင်ဦးရေ အများဆုံးနေထိုင်ရာ တောင်အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်ပင် ဂြိုဟ်ရံကယ်လီဖိတ်များ တည်ထောင်ရန် ISIS က ၎င်းကို ထောက်ခံ သူများကို တိုက်တွန်းထားသည်။ အာဖဂန် ရှိ အခိုင်အမာစခန်းများ ဖိအားပေးခံရ သည့်အခါ အရှေ့တောင်အာရှဒေသသို့ ၁၉၉၀ ပြည့်လွန်နှစ်များတွင် တိုးချဲ့နေရာ ယူခဲ့ရသည့် အယ်ကေဒါအဖွဲ့၏ ခြေရာ ကို ISIS လိုက်နင်းခြင်းဖြစ်သည်။

ဆင်းရဲမွဲတေမှု၊ အလုပ်လက်မဲ့ဖြစ်မှု၊ ကျွန်းလူဦးရေ စုစုပေါင်း၏ ၂၀ ရခိုင်နှုန်းရှိ သည့် မွတ်ဆလင်များ ဘေးဖယ်ထုတ်ခံ ထားရမှုတို့ကြောင့် မင်ဒါနာအိုကျွန်းသည် အစဉ်အလာအရပင် နိုင်ငံဖြတ်ကျော် ဂျီဟက်များအတွက် နေရာကောင်းတစ်ခု ဖြစ်လျက်ရှိသည်။ အလားတူ အရေးကြီး သည်မှာ မွတ်ဆလင်အများစုရှိသည့် နိုင်ငံများဖြစ်သည့် မလေးရှား၊ အင်ဒိုနီးရှား နိုင်ငံများနှင့်လည်း အလွယ်တကူ ဖြတ်ကျော် နိုင်သည့် ရေကြောင်းနယ်နိမိတ်ရှိနေခြင်း ဖြစ်သည်။

လက်ရှိ အကျပ်အတည်းနောက် ကွယ်တွင်ရှိသည့် ဒုတိယ အကြောင်းရင်း သည် ဖိလစ်ပိုင်အစိုးရနှင့် မွတ်ဆလင် သူပုန်အုပ်စုများ အထူးသဖြင့် မော်ရို အစ္စလာမ်မစ်လွတ်မြောက်ရေး တပ်ဦး ကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတန့်နေ ခြင်းကြောင့်ဖြစ်သည်။ မော်ရို အစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဦးတွင် တပ်ဖွဲ့ဝင် ၁၂,၀၀၀ အထိရှိပြီး မင်ဒါနာအိုကျွန်း အလယ်ပိုင်းဒေသတွင် ကြီးမားသည့် နယ်မြေတစ်ခုကို ထိန်းချုပ်ထားသည်။ မင်ဒါနာအိုကျွန်းမှ ပထမဆုံးပေါ်ထွက်လာ သည့် သမ္မတဖြစ်သည့် ဒူတာတေးသည် ဖိလစ်ပိုင်မွတ်ဆလင်များအတွက် ကိုယ်စား ပြုလုပ်ဆောင်ပေးမည့်၊ ဒေသဆိုင်ရာ နိုင်ငံ ရေးလွတ်လပ်ခွင့်ပိုပေးမည့် ဖက်ဒရယ် စနစ်ပုံစံပြုမှုမှတစ်ဆင့် ပဋိပက္ခကို အလျင် အမြန်ရပ်ဆိုင်းပေးမည်ဟု ကနဦးတွင် ကတိပြုခဲ့သည်။

သို့သော် ဒူတာတေးသည် ၎င်း၏ ကတိများအတိုင်း အကောင်အထည်ဖော် နိုင်ခြင်းမရှိပေ။ ၎င်းတာဝန် စတင်ထမ်း ဆောင်ခြင်း ပထမဆုံးနှစ်ကို ရက်စက် ကြမ်းကြုတ်သည့် မူးယစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်အတွက်သာ အများအားဖြင့် အသုံးပြုခဲ့သည်။ ယင်းသို့လုပ်ဆောင်မှု ကြောင့် အနောက်တိုင်း နှင့် သံတမန်ရေး ဆက်ဆံမှုဆိုးရွားခဲ့သလို ဖိလစ်ပိုင်နိုင်ငံ တွင်း တရားဥပဒေစိုးမိုးမှုကို ရင်းနှီးမြှုပ်နှံ သူများ စိုးရိမ်လာကြသည်။ ကာလရှည် ကြာ ရပ်ဆိုင်းလျက်ရှိသည့် ကွန်မြူနစ် သူပုန်များနှင့် ဆွေးနွေးမှုကို ဖိလစ်ပိုင် သမ္မတဦးစားပေး လုပ်ဆောင်ခဲ့သော် လည်း ယနေ့အထိ ရလဒ်အနည်းငယ်သာ ပေါ်ထွက်သည်။ မျှတစွာပြောရလျှင် ဒူတာတေးသည် ယင်းမတိုင်ခင် သမ္မတ များ၏ ရှုံးနိမ့်မှုများကို အမွေဆက်ခံခဲ့ရခြင်း ဖြစ်သည်။ အထူးသဖြင့် ၂၀၁၅ ခုနှစ် မာမန် ဆပွန်နို အစုလိုက်အပြုံလိုက် သတ်ဖြတ် မှုတွင် အစ္စလာမ်မစ်သူပုန်များက ရဲ ၄၄ ဦး ကို သတ်ဖြတ်မှုသည်ဆိုသော သတင်း ကြောင့်လည်း မော်ရိုအစ္စလာမ်မစ် လွတ်မြောက်ရေးတပ်ဦးနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုကို လူထုထောက်ခံမှု လျော့ကျ ခဲ့သည်။ ယင်းအချိန်မှစတင်ပြီး မင်ဒါနာအို တွင်း တိုးတက်မှုကင်းမဲ့နေခြင်းကြောင့် ISIS သစ္စာခံအုပ်စုများ ခြေကုပ်ပိုယူရန်၊ စိတ်ပျက်နေသည့် သူပုန်များနှင့် အရပ် သားများကြား ထောက်ခံမှုတိုးပွားအောင် လုပ်ဆောင်ရန် အခွင့်ပိုသာလာသည်။

ဆန်းကြယ်သည့် အတွဲ

မရာဝီတိုက်ခိုက်မှု အပြီးတွင် အကြမ်းဖက်ဝါဒတန်ပြန်ရေး ဖိလစ်ပိုင် ကြိုးပမ်းမှုများကို အထောက်အပံ့နှင့် အကူအညီပေးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အလျင်အမြန် ကမ်းလှမ်း ခဲ့သည်။ ယင်းနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ဖိလစ်ပိုင်နိုင်ငံကို စာနာနားလည်ကာ အကူအညီပေးအပ် မည်ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိန်းမတ်တစ်က ပြောကြားလိုက်ပြီး မင်ဒါ နာအိုရှိ အကြမ်းဖက်သမားများအား တိုက်ခိုက်ရေးတွင် ဖိလစ်ပိုင်နှင့်အတူ ရပ်တည်မည်ဟု ပြောကြားလိုက်သည်။ ယင်းကဲ့သို့ ပြောကြားချက်များကို တုံ့ပြန် သည့်အနေနှင့် အခြားသောနိုင်ငံများ၏ ကမ်းလှမ်းချက်များကို ဖိလစ်ပိုင်က လက်ခံ သည်ဟု သမ္မတဒူတာတေး၏ ပြောရေး ဆိုခွင့်ရှိသူက ပြောကြားလိုက်သည်။

သို့သော် အမေရိကန်ဆန့်ကျင်ရေး စိတ်ရှိသူဖြစ်ကာ မင်ဒါနာအိုကျွန်းရှိ အမေရိကန် တပ်ဖွဲ့များကို မောင်းထုတ် မည်ဟု အစောပိုင်းက ခြိမ်းခြောက်ထား သည့် သမ္မတဒူတာတေးက အကူအညီ ရရှိရေးအတွက် အမေရိကန်ကို ပြန်လည် ချဉ်းကပ်မည်မဟုတ်ဟု ပြောကြားလိုက် ပြီး ၎င်းမသိဘဲ ဖိလစ်ပိုင်စစ်တပ်က အမေရိကန်အကူအညီ တောင်းဆိုခြင်းဖြစ် သည်ဟု သွယ်ဝိုက်ပြောကြားလိုက်သည်။ သို့သော်လည်း ဝါရှင်တန်လိုလားသည့် ရပ်တည်ချက်ရှိသည့် ဖိလစ်ပိုင်စစ်တပ် ကို အချို့သော အမျိုးသားလုံခြုံရေးဆိုင်ရာ နယ်ပယ်များတွင် သမ္မတဒူတာတေး အလျှော့ပေးရန် လိုအပ်လျက်ရှိသည်။ “ဖိလစ်ပိုင်စစ်သားတွေက အမေရိကန် လိုလားသူတွေပါ။ ဒါကို ကျွန်တော် ငြင်းလို့မရပါဘူး” ဟု ဇွန်လတွင် ဒူတာတေး က ပြောကြားထားသည်။ တိုင်းပြည်၏ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးမူဝါဒ ပုံဖော်ရေးတွင် ဖိလစ်ပိုင်စစ်တပ် ကြီးမား သည့် အခန်းကဏ္ဍတွင် ပါဝင်နေသည်ဟု ထင်မြင်ရသည်။ အထူးသဖြင့် စစ်တပ် အရာရှိဟောင်းများနှင့် ဥပဒေစိုးမိုးရေး အရာရှိဟောင်းများကို အစိုးရရာထူးကြီး များတွင် သမ္မတဒူတာတေး ခန့်အပ်လိုက် ပြီးနောက် ယင်းအမြင် ပိုမိုအားကောင်း လာသည်။

ဒူတာတေးအနေနှင့် အဆိုးမြင်နေ စေကာမူ ဇွန်လအစောပိုင်းမှ စတင်ပြီး မရာဝီမြို့တွင် တိုက်ပွဲဝင်နေသည့် ဖိလစ်ပိုင် စစ်သားများကို အမေရိကန်က အဆင့်မြင့် လက်နက်များ၊ မောင်းသူမဲ့လေယာဉ်များမှ တစ်ဆင့် စုဆောင်းထားသည့် နည်းဗျူဟာ ဆိုင်ရာ ထောက်လှမ်းရေးသတင်းများကို ပေးအပ်လျက်ရှိသည်။ ထို့အပြင် ဖိလစ်ပိုင် တပ်ဖွဲ့ဝင်များကို အမေရိကန် အထူးတပ် များက မြို့ပြစစ်ဆင်နည်းကို သင်ကြားပေး လျက်ရှိသည်။ အခြားသော အနောက်တိုင်း မဟာမိတ်များ အထူးသဖြင့် ဩစတြေးလျ နိုင်ငံက ဖိလစ်ပိုင်ကို စစ်ရေးအကူအညီ တိုးမြှင့်ပေးလျက်ရှိသည်။ မန်ဒါနာအိုကျွန်း ပေါ်ရှိ အကြမ်းဖက်တန်ပြန်မှု စစ်ဆင်ရေး တွင် ကူညီနိုင်ရန် ဩစတြေးလျက AP- 3C ကင်းထောက် လေယာဉ်များကို ဇွန်လတွင် ဖိလစ်ပိုင်နိုင်ငံကို ပေးအပ် ထားသည်။ ယင်းကဲ့သို့သော အကူအညီ များ ရရှိထားခြင်းကြောင့် မရာဝီမြို့နယ် မြေအများစုကို ဖိလစ်ပိုင်စစ်တပ် ပြန်လည် သိမ်းပိုက်နိုင်လျက်ရှိသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးမူဝါဒကို လမ်းကြောင်းပြောင်းရန်နှင့် အမေရိကန် အပေါ် မှီခိုနေရမှုကိုလျှော့ချရန် သမ္မတ ဒူတာတေးအကောင်းဆုံး ကြိုးပမ်းသော် လည်း ၎င်း၏မွေးရပ်မြေတွင် ဖြစ်ပွားလျက် ရှိသည့် အကျပ်အတည်းသည် အနောက် တိုင်းနှင့် ဆက်ဆံရေးပြန်လည်ကောင်းမွန် လာစေရန် ဖိအားပေးလျက်ရှိသည်။ မနီလာနှင့် ဝါရှင်တန်တို့သည် ၎င်းတို့ကြား မတူညီမှုများကို ဖြည်းဖြည်းမှန်မှန် ကျော်လွှား လျက်ရှိသည်။ ဒူတာတေး၏ လူ့အခွင့် အရေး မှတ်တမ်းများအပေါ် စိုးရိမ်မှုကို ဝါရှင်တန်က လျှော့ချပြောကြားလျက်ရှိ သလို ဘုံရန်သူကို ရင်ဆိုင်ရေး အမေရိကန် စစ်ရေးအကူအညီကို ဖိလစ်ပိုင်ကြိုဆို လျက်ရှိသည်။ ဖိလစ်ပိုင်နှင့် အမေရိကန် ဆက်ဆံရေး တဖြည်းဖြည်းဖြင့် ပြန်လည် စတင်လာမှုသည် တောင်တရုတ် ပင်လယ် အရေးအပါအဝင် မဟာဗျူဟာမြောက် အရေးပါသည့် ကျယ်ပြန့်သည့် အရေးများ တွင်ပါ ပူးပေါင်းမှုပြန်လည်ဆန်းသစ်လာ နိုင်သည်။ ဖိလစ်ပိုင် သမ္မတဒူတာတေး၏ သမ္မတသက်တမ်း ပထမဆုံးနေ့ရက်များ တွင် အမေရိကန်အပေါ် ရန်လိုမှုများနှင့် ပြည့်နှက်နေသော်လည်း လက်ရှိတွင် ဒူတာတေး၏ နိုင်ငံခြားရေးမူဝါဒ တွေးခေါ် မှုသည် ပုံစံသစ်ပြောင်းလဲမှုတစ်ခုနှင့် ကြုံတွေ့နေနိုင်သည်။

 

ချမ်းမြေ့
ကိုးကား- Foreign Affairs

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *