မသိခြင်းဖြင့် ခက်ခဲ့ကြသည် ဘာကို ဘယ်လို စားမလဲ

ထိုင်းနှင့်ယှဉ်လိုက်လျှင်ပင် တော်တော်သိသာ။ အများအားဖြင့် ဘောလုံးပွဲများတွင် တော်တော်သိသာသည်။ ထိုင်းကဘောလုံးသမားများ အားလုံးနီးပါးမှာ လူကောင်ကြီးပြီး ပိုမိုတောင့်တင်းဟန်ပေါက်နေသည်။

 

၂၀၁၅ခုနှစ် လူငယ်ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွင်မူ မြန်မာတို့၏ ပုညှက်မှု ပိုသိသာသွားသည်။ အာရှကို မဆိုထားနှင့် အာဆီယံဒေသတွင်း အားကစားပြိုင်ပွဲများတွင်ပင် အောင်မြင်မှုနှင့်ဝေးလာသည်။ မြန်မာတို့ မသန်စွမ်းကြတော့ဘူးလော။

 

“ကျွန်တော်တို့တစ်တွေအောင်ပွဲ တွေတဖြည်းဖြည်းဝေးလာပါတယ်”

 

ဇွန်လ၁၅ရက်နေ့က ပြည်သူ့ကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ် ဖြစ်သူ ဦးရန်လင်းက ပြည်သူတို့၏ ကိုယ်စားပြည်သူ့အသံကို လွှတ်တော်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်တို့မှ ကောက်နုတ်ချက်တစ်ခုဖြစ်သည်။

 

ဘောလုံးအပါအဝင် မြန်မာ့အားကစားကဏ္ဍ နိမ့်ကျခဲ့သည်မှာ ဆယ်စုနှစ်သုံးလေးခုစာကြာခဲ့ပြီဖြစ်ပြီး ယင်း၏ အခြေခံကြောင်းတရားများအနက် အာဟာရ ပြည့်ဝစွာ မစားသုံးနိုင်ခြင်းသည်လည်း တစ်ချက်ဖြစ်သည်။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၏ အခြေခံအကြောင်းတရားများတွင် နိုင်ငံတွင် မှီတင်းနေထိုင်သူများ၏ ဖွံ့ဖြိုးရေး သည်အရေးပါပြီး နိုင်ငံသားများ၏ ဖွံ့ဖြိုးမှုသည် ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာခြင်းက ရှေ့ဆုံးကဖြစ်သည်။

 

 

ယင်းနှင့်ပတ်သက်၍ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ စကားတစ်ခွန်းကလည်း သက်သေခံနေသည်။

ကိုယ်ခန္ဓာကြံ့ခိုင်ကျန်းမာခြင်းသည် ပြည်သူများ အာဟာရပြည့်ဝစွာ စားသုံးနိုင်ခြင်းနှင့်လည်း ဆက်စပ် နေကြောင်း ဇန်နဝါရီလအတွင်းက ပခုက္ကူမြို့တွင် ပြုလုပ်သည့် အမျိုးသားအာဟာရဆိုင်ရာ မဟာဗျူဟာ အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

 

ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံဟု အဆိုရှိခဲ့သည့် ရွှေမြန်မာတို့ အာဟာရပြည့်ဝအောင် စားသောက်နိုင်ကြပါ၏လော။

 

မြန်မာနိုင်ငံသူနိုင်ငံသားအများစုအနေနှင့် အစားအသောက်ကို ရွေးချယ်နှိုင်းချိန်၍ မစားသောက်နိုင်ကြောင်း ဆရာဝန်တစ်ဦးလည်းဖြစ်သူ ဒေါက်တာဒေါ်ခင်စိုးမိုးကြည်က ဆိုသည်။

 

ယင်းကားနိုင်ငံအတွက် ကြီးမားသည့် ပြဿနာကြီးဖြစ်ကြောင်း ၎င်းကဆိုသည်။

 

“ဒီလိုရွေးချယ်မသုံးစွဲနိုင်တဲ့အတွက် ပြည်သူတွေဟာ သက်တမ်းတိုကြရပါတယ်။ နိုင်ငံရဲ့ကျန်းမာရေးအဆင့် အတန်းဟာလည်းကမ္ဘာမှာအောက်ဆုံး ကိုရောက်လုနီးပါးဖြစ်နေပါပြီ”

 

ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများ၏ နောက်ဆုံးကောက်ယူထားသည့်စစ်တမ်းများအရ အာဟာရ အချို့တဲ့ဆုံးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံပါဝင်သည်။ ယင်းအပြင် ငါးနှစ်အောက်ကလေးငယ်သုံးဦးလျှင် တစ်ဦးမှာ ရက်ရှည်အာဟာရချို့တဲ့မှုကြောင့် အရပ်ပုနေသည်။

 

အဟာရချို့တဲ့မှုဆိုသည်မှာ ခန္ဓာကိုယ်အတွက် လိုအပ်သည့် ဓာတ်သတ္တုများမျှတစွာ မရရှိခြင်းဖြစ်သည်။ လူအတွက် မရှိမဖြစ် လိုအပ်သည့် အာဟာရဓာတ် ယေဘုယျအားဖြင့် အုပ်စုခြောက်စုရှိပြီး ကစီဓာတ်၊ အသားဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေတို့ ဖြစ်သည်။

 

အဆိုပါဓာတ်သတ္တုများက ခန္ဓာကိုယ်ကို အင်အားဖြစ်ထွန်းစေခြင်း၊ ကြီးထွားစေခြင်းနှင့် ရောဂါဘယတို့မှ ကာကွယ်ပေးခြင်းစသည့် လုပ်ငန်းသုံးခုကို ဆောင်ရွက်ကြခြင်းဖြစ်သည်။

 

ယင်းအာဟာရဓာတ်များ ချို့တဲ့ပါက လူသည်အားအင်မရှိဖြစ်မည်။သေးကွေး ကြုံလှီမည်။ရောဂါထူပြောမည်။

မြန်မာနိုင်ငံသည် ကမ္ဘာတွင် ကင်ဆာရောဂါအဖြစ်ပွားမှု ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ လေ့လာကောက်ယူထားသည့် စစ်တမ်းများအရလည်း မိသားစုတိုင်းနီးပါးတွင် နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေဖြတ်စသည့်ရောဂါများနှင့် တစ်ခုမဟုတ်တစ်ခု ဆက်နွှယ်နေသည်။

 

သေဆုံးသူများ၏ ထက်ဝက်သည် အဆိုပါရောဂါများကြောင့်ဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO) ၏ထုတ်ပြန်ချက်များက ဖော်ပြသည်။

 

၂၀၁၄ခုနှစ်တွင် ကောက်ယူထားသည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းအရ ငါးနှစ်အောက်ကလေး သေဆုံးမှုနှုန်းသည် တစ်ထောင်လျှင် ၇၂ဦးနှုန်းဖြစ်ပြီး တစ်နှစ်အောက်သေဆုံးမှုသည် တစ်ထောင်လျှင် ၆၂ဦး ဖြစ်သည်။

 

WHO၏ မြန်မာ့သေဆုံးမှုအချက်အလက်ပြ စစ်တမ်းအရ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးမှုများစွာတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးအာဟာရချို့တဲ့မှု၊ လမစေ့ဘဲ ကလေးမွေးဖွားမှုနှင့် အခြား ကူးစက်ရောဂါ တို့ကြောင့် သေဆုံးသူက အများဆုံးဖြစ်ပြီး ၃၀ရာခိုင်နှုန်းဖြစ်သည်။

 

သန်းခေါင်စာရင်းအရ မြန်မာတို့၏သက်တမ်းသည်လည်း အာဆီယံဒေသတွင်း နိုင်ငံများနှင့်နှိုင်းယှဉ်ပါက နိမ့်ကျနေသေးပြီး ပျမ်းမျှသက်တမ်းသည် ၆၆ ဒသမ ၈နှစ် ဖြစ်သည်။ ယင်းသည် အာဆီယံနိုင်ငံ များအတွင်း လာအိုနှင့်အရှေ့တီမောတို့ပြီးလျှင်အနိမ့်ဆုံးဖြစ်သည်။ စင်ကာပူသည် အာဆီယံဒေသတွင်းအသက်ရှည်ဆုံး နိုင်ငံဖြစ်ပြီး ၎င်းတို့၏ ပျမ်းမျှသက်တမ်းမှာ၈၃နှစ်ဖြစ်သည်။

 

အာဟာရအချိုးညီမျှတစွာ မစားသုံးနိုင်ခြင်း၏ တရားခံသည် ဆင်းရဲခြင်း ဖြစ်ကြောင်း လူများစွာ၊ ပညာရှင်များစွာက ထောက်ပြထားကြသည်။ ဆင်းရဲသဖြင့်ကောင်းမွန်သည့် အစားအစာများကို ရွေးချယ် ဝယ်ယူခြင်းမပြုနိုင်။

 

သို့သော်။

 

ဆင်းရဲခြင်းတစ်ခုထဲကြောင့်တော့မဟုတ်ပေ။

 

ဆင်းရဲခြင်းသည်မရှိမှု ဖြစ်သည်။ ဘ၀တစ်သက်တာတွင် ကျန်းမာစွာနေထိုင် သွားနိုင်ဖို့အရေး လုံလောက်သည့် ငွေကြေးမရှိခြင်းမျိုး ဖြစ်သည်။

 

‘မရှိတာထက်မသိတာခက်’ ဆိုသည့် မြန်မာစကားပုံတစ်ခုရှိပါသည်။ ဆင်းရဲခြင်းထက် ပညာမဲ့ခြင်းက ပို၍ ပြဿနာကြီးမားကြောင်း ညွှန်းဆိုထားခြင်းဖြစ်သည်။

 

“မသိတာကတော့ အဲဒီလိုဘေးအန္တရာယ်ကင်းစွာ၊ ရောဂါဘယကင်းရှင်းစွာ၊ ကျန်းမာစွာနေထိုင်သွားနိုင်ဖို့ အတွက် လုံလောက်တဲ့ အသိတွေ မသိကြတာဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးမြင့်လွင်ကဆိုသည်။

 

လူအများစုသည် အစားအစာနှင့် ပတ်သက်၍ မည်သည့်အစားအစာသည် ခန္ဓာကိုယ်ကို မည်သို့အကျိုးပြုသည်၊ ဆိုးကျိုးပေးသည်တို့ကို မသိ၊ မည်သည်ကို အလေးထားစားရမည်၊ မည်သည်တို့ကို ရှောင်ကျဉ်ဆင်ခြင် ရမည်မသိကြကြောင်း ပြောဆိုရေးသားမှုများကို မကြာခဏ တွေ့ရပါလိမ့်မည်။

 

ယင်းနှင့်ပတ်သက်၍ ဦးမြင့်လွင်တွင်လည်း သက်သေပြစရာများစွာ ရှိနေသည်။

 

ထင်ရှားသည့် မြန်မာ့အစားအစာ တစ်ခုသည် မုန့်ဟင်းခါးဖြစ်သည်။ ပြီးလျှင်အသုပ်မျိုးစုံကို မြန်မာတို့က ခံတွင်းတွေ့ကြသည်။ ဝယ်ယူသူအများစုသည် ယင်းတို့ကို သယ်ဆောင်သည့်အခါ ပလတ်စတစ်အိတ်များ ဖြင့်သာ ထည့်ယူလေ့ရှိကြသည်။

 

ပူပြင်းသည့်နေရောင်နှင့် ထိတွေ့သည့်အခါ ပလတ်စတစ်တွင် ပါဝင်သည့် အမှုန်ကလေးများသည် အစားအစာထဲ ပျော်ဝင်သွားနိုင်သည်။ လူ၏အစာအိမ်သည် အစားအစာကိုသာ ချေဖျက်နိုင်သည့် စွမ်းအင်ရှိပြီး ပလတ်စတစ်မှုန်များကိုမူမချေဖျက်နိုင်ဟု ဦးမြင့်လွင်ကဆိုသည်။

 

“ဒါကြောင့်မို့လို့ အစာအိမ်နံရံတွေမှာ ဒါတွေက ကပ်ပြီးတော့ ကျန်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာကြာတဲ့အခါမှာ အဲဒါတွေက အစာအိမ်ကိုဒုက္ခပေးပါတယ်”

 

၎င်းတွေ့ရှိထားသည့် ပြည်သူလူထု၏မသိမှု နောက်တစ်ခုမှာ အရောင်ဆိုးထားသည့်အစာများကို လူများစွာက နှစ်ခြိုက်ကြခြင်းဖြစ်သည်။

 

၎င်းနှင့်သိကျွမ်းသည့် ကုန်စိမ်းဈေးသည်များကို ဆေးဆိုးထားသောမျှစ်များကို မရောင်းချရန် လိုက်လံ စည်းရုံးရာအောင်မြင်ခဲ့သော်လည်း တစ်လခန့်အကြာတွင် ဆေးဆိုးမျှစ်များကို ပြန်လည်ရောင်းချ နေသည်ကို တွေ့ရှိရသည်ဟုဆိုသည်။

 

“ဘာဖြစ်လို့ရောင်းတာလဲလို့ မေးကြည့်တဲ့အခါကျတော့ သူ့ဖောက်သည် တွေက ဆေးမဆိုးတဲ့မျှစ်တွေကို ဖြူဖတ်ဖြူရော်တွေ ဆိုပြီးတော့မဝယ်တော့ဘူး၊ အဲဒီတော့ ဆေးဆိုးတဲ့မျှစ်တွေကိုပဲ ဝယ်တဲ့ အတွက် ကျွန်မတို့ဖောက်သည်တွေပျက်တယ်၊ ဒါကြောင့်မို့လို့ ဘယ်လိုပဲဖြစ်ဖြစ် နောင်အခါလာနောင်ခါဈေးပဲ။ ကျွန်မတို့ ကတော့ ဒီဆေးဆိုးတဲ့မျှစ်တွေကိုပဲ ရောင်းရမှာပဲဆိုပြီးတော့ …”ဟု၎င်းကဆိုသည်။

 

ဆိုးဆေးကို အကြိုက်တွေ့ကြသလို အချို့သော အစားအစာများတွင် အရောင် ချွတ်ထားမှုကို နှစ်သက်ကြပြန်သည်။ (ဥပမာ-ထန်းလျက်၊သကြား)။ အချို့အစားအစာများတွင် အနံ့ သို့မဟုတ် အရသာဖြစ်သည်။

 

ဈေးကွက်အတွင်းတွင် အရောင်ဆိုးဆေး၊ ချွတ်ဆေးနှင့် မည်သည့်အသီးအနှံတို့၏ ရနံ့နှင့် မည်သည့်အရသာ ကိုမဆို ဓာတုနည်းဖြင့် ဖော်စပ်ထားသည်ကို အလွယ်တကူရရှိနိုင်သည်။

 

မသိမှု၏အခြားတစ်ဖက်တွင် အကြောင်းတစ်ချက်ကလည်း ရှိနေသေးသည်။

 

ပြီးခဲ့သည့်ဆယ်စုနှစ်လေးငါးခုစာ မြန်မာနိုင်ငံတွင် ကျောင်းသူကျောင်းသား များ၏ ပညာရေးစနစ်များပျက်စီး ခဲ့သလို ပြည်သူလူထု၏ အသိပညာရေချိန်ကလည်း စနစ်ဆိုး၏အောက်တွင် လျော့ကျခဲ့သည်။ ယင်းအထဲတွင် ကျန်းမာရေးအသိပညာလည်းပါဝင်ပြီး မည်သည့်အစားအစာကို ရွေးချယ်စားသောက်ရမည် ဆိုသည်လည်း စဉ်းစားနိုင်စွမ်းမရှိခဲ့ကြ။ ဆိုရလျှင် ဈေးဝယ်မှုအသိပညာ (Consumer Education) မရှိခြင်း ဖြစ်သည်။

 

အစိုးရကလည်း အသိပညာပေးရန် ပျက်ကွက်ခဲ့သည်။

 

လူတစ်ယောက်ခန္ဓာကိုယ်ကြီးထွားကြံ့ခိုင်ရန်အတွက် ကလေးဘ၀အရွယ်သည် အရေးပါဆုံးဖြစ်သည်။ မွေးစမှ အသက်သုံးနှစ်အထိသည် အခြေခံအကျဆုံးဖြစ်ပြီး ယင်းအရွယ်တွင် စားသောအစာများက အနာဂတ် ခန္ဓာကိုယ်ကို အဆုံးဖြတ်ပေးသွားကြောင်း ဆေးပညာရှင်များကဆိုသည်။

 

မွေးပြီးစကလေးငယ်များ၏ ကျန်းမာရေးသည် မိခင်များ၏ အာဟာရပြည့်ဝမှုအပေါ်တွင် မူတည်ပြီး မိခင်များ အာဟာရချို့တဲ့ပါက ကလေးများတွင်လည်း ထိခိုက်မည်ဖြစ်သည်။

 

ယခုနောက်ပိုင်းတွင် ကလေးငယ်များပုညှက်ခြင်းမှ ကင်းဝေးစေရန် နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Save the Children ၏ဘ၀အစ ရက်တစ်ထောင်ဆိုသည့် လှုပ်ရှားမှုကို မြန်မာနိုင်ငံတွင် တွေ့လာရပါသည်။

 

နောက်ထပ်အရေးပါမှုမှာ ကျောင်းနေ အရွယ်ကလေးများ၏ အာဟာရဖြစ်သည်။

 

ကျောင်းနေအရွယ်ကလေးများ၏ အာဟာရသည် ကျောင်းမုန့်ဈေးတန်းများနှင့်လည်းဆက်စပ်နေပြန်သည်။

 

ပြီးခဲ့သည့်ဖေဖော်ဝါရီလက ကျောင်းမုန့်ဈေးတန်းများတွင် ရောင်းချ နေသည့် အစားအစာများနှင့်ပတ်သက်၍ အစိုးရကစစ်ဆေးကြပ်မတ်ပေးရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့မှဆရာဝန် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူဒေါက်တာအေဇင်လတ်က အဆိုတင်သွင်းခဲ့ရာ ကိုယ်စားလှယ်၁၅ဦးက စိတ်ပါဝင်စားစွာဆွေးနွေး ခဲ့ကြပြီး အားလုံးနီးပါးကလည်း သဘောတူထောက်ခံခဲ့ကြသည်။

 

ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များထဲတွင် ကျောင်းမုန့်ဈေးတန်းများသည် အန္တရာယ်ကျရောက်နေကြောင်း တွေ့ရမည်ဖြစ်သည်။

 

ရန်ကုန်မြို့တော်၏အချက်အချာဖြစ်သည့် ကျောက်တံတားမြို့နယ်၏ လွှတ်တော်ကိုယ်စားလှယ်ဦးနေမျိုးထက် ၏ ဆွေးနွေးချက်တစ်ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

 

မြို့နယ်အတွင်းရှိ မုန့်ပဲသရေစာဆိုင်များကို လေ့လာကြည့်သည့်အခါ ငှက်ပျောသီးမှလွဲ၍ အာဟာရပြည့်ဝသည့် မုန့်ပဲသရေစာကို မတွေ့ရဘဲ အများစုသည် တရုတ်နိုင်ငံမှ ဝင်ရောက်သည့် ဂျယ်လီ (Jelly) များ၊ ဓာတုဆေးဝါးများရောနှောထားသည့်မုန့်များသာ ဖြစ်နေသည်ကိုတွေ့ရသည့်အပြင် FDA ၏ ခွင့်ပြုချက် ရရှိထားသလား၊ မထားလားဆိုသည်ကိုလည်းမသိရဟု ဆိုသည်။

 

မြန်မာနိုင်ငံတွင် ရောင်းချနေသည့် ကုန်ပစ္စည်းများအတွက် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကွဲမှုဦးစီးဌာန (Food and Drug Administration – FDA ) ၏ခွင့်ပြု ချက်ရှိထားရန်လိုမည် ဖြစ်သည်။

 

ယင်းခွင့်ပြုချက်တွင် အစားအသောက်မှသည် ဆေးဝါး၊ အလှကုန်များကအစ ဈေးကွက်အတွင်းရှိ မည်သည့် ကုန်ပစ္စည်းတွင်မဆို ယင်းနှင့်သက်ဆိုင်သည့်အချက်အလက်များကို ပြည့်စုံစွာဖော်ပြရန် တာဝန် ရှိသည်။

 

ကုန်ပစ္စည်းတစ်ခုတွင် အမှတ်တံဆိပ် (Brand Name)၊အစားအသောက် အမည်(Kind of Food)၊ပါဝင်သော ပစ္စည်းအမျိုးအမည် ဖော်ပြချက် (Ingredients)၊ ပါဝင်မှုပမာဏ(Net Weight/ Gross Weight)၊ ထုတ်လုပ် သည့် ရက်စွဲအမှတ်အသား (Date Marking) ၊ အပတ်စဉ်အမှတ်(Code No./ Batch No./Lot No.)၊ ထုတ်လုပ် ရက်စွဲ (Manufacturing Date)၊ သက်တမ်းကုန်ရက်စွဲ(Expiry Date)၊ အကောင်းဆုံး စားသုံးရန်ရက်စွဲ (Best Before Date)၊ ထုတ်လုပ်သူအမည်နှင့်လိပ်စာ (Manufacturer Name and Address)၊ ထုတ်လုပ်သည့် တိုင်းပြည် (Country of Origin) တို့အပြင် ထားသိုရန်အညွှန်း (Storage Instruction)နှင့်သုံးစွဲရန် အညွှန်း (Directions for Use) တို့ဖြစ်သည်။

 

ဈေးဆိုင်များ၏ စားသုံးကုန်အများအပြားတွင် ယင်းသို့ဖော်ပြချက်များ မပါရှိကြောင်း ဦးနေမျိုးထက်ကဆိုသည်။

 

“ကျွန်တော်တို့ နိုင်ငံကြီးတိုးတက် ဖွံ့ဖြိုးဖို့ဆိုရင် ကာယရော၊ ဉာဏရောစွမ်းအားတွေလိုပါတယ်။ ကျွန်တော်တို့ကာယရော၊ ဉာဏရောစွမ်းအားတွေကောင်းဖို့ဆိုတာ အစားအသောက်တွေက အရေးကြီး ပါတယ်”ဟု ၎င်းကဆိုသည်။

 

မြန်မာနိုင်ငံတွင် စားသုံးသူအကာကွယ်ပေးရေးဥပဒေကို ၂၀၁၄ခုနှစ်တွင် ပြဋ္ဌာန်းထားသည်။

 

ယင်းသို့ ရှင်းလင်းစွာ ဖော်ပြမထားလျှင် မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် ဖွဲ့စည်းထားသည့် စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့ထံသို့ တိုင်ကြားနိုင်သည်။ အဆိုပါအဖွဲ့သည် ယင်း ကုန်ပစ္စည်းမျိုးကို ထုတ်လုပ်သူနှင့် ရောင်းချသူများကို သတိပေးခြင်း၊ လျော်ကြေးပေးစေခြင်း၊ ကုန်ပစ္စည်းကို ဈေးကွက်မှ ပြန်လည်သိမ်းဆည်းစေခြင်း၊ ဖျက်ဆီးစေခြင်းနှင့် လုပ်ငန်းများပိတ်သိမ်းနိုင်ခြင်းများ လုပ်ဆောင် နိုင်သည်။

 

သို့သော်။

 

ဈေးကွက်တွင် တရုတ်၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့မှ ဝင်ရောက်လာသည့် အစားသောက်များက ကျယ်ပြန့်လာနေပြီး မည်သည့်အာဟာရဓာတ်များ ပါဝင်ကြောင်း ရှင်းလင်းစွာ ဖော်ပြမထားပေ။ ထို့အတူ ပြည်တွင်းထုတ်ကုန်ပစ္စည်းများလည်း ပါဝင်သည်။

 

အချို့ဆိုလျှင် မြန်မာစာပင် လုံးဝရေးမထား။

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ အခြေခံပညာမူလတန်းလွန်ကျောင်းတစ်ကျောင်းတွင် ဆရာမတစ်ဦး လက်တွေ့ ကြုံတွေ့နေရသည့် အဖြစ်အပျက်တစ်ခုသည် ဤသို့။

 

အချိုကဲ၍ အနံ့ပြင်းကာတစ်ထုပ်လျှင် ငါးဆယ်ကျပ်သာပေးရသည့် မုန့်တစ်မျိုးကို ကျောင်းရှိ ကလေးများက အထူးနှစ်ခြိုက်ကြသည်ကို တွေ့ရှိရပြီး ယင်း မုန့်ကိုစားထားသူတစ်ယောက်ရှိနေလျှင် စာသင်ခန်းထဲတွင် မခံနိုင်အောင်နံနေတတ်သဖြင့် စစ်ဆေးကြည့်ရာ တရုတ်စာများသာပါရှိသည်ကို တွေ့ရသည်ဟုဆိုသည်။

 

အမှန်စင်စစ်တွင် အဆိုပါအစားအစာများသည် စားသုံးရန်မသင့်ပေ။

 

အစားအသောက်နှင့်ပတ်သက်၍ ဂျပန်တို့၏အပြုအမူမှာ စံနမူနာပြုစရာဖြစ်သည်။

 

ဂျပန်တို့သည် အစားအစာကုန်ပစ္စည်းများတွင် မိခင်ဘာသာစကားဖြစ်သည့် ဂျပန်ဘာသာဖြင့် ရေးသားထားခြင်း မရှိလျှင် ဝယ်ယူသုံးစွဲခြင်းမပြုသည်ကို ကိုယ်တိုင်တွေ့ခဲ့ရကြောင်း ဂျပန်နိုင်ငံသို့သွားရောက်လေ့လာဖူးသည့် ကျိုက်လတ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရန်လင်းက ယခုလိုပြောဆိုသည်။

 

ဒုတိယကမ္ဘာစစ်ကာလက ဂျပန်တို့သည် အရပ်ပုရာတွင် နာမည်ကျော်သည်။ မြန်မာများကပင် ၎င်းတို့ကို ငပုများအဖြစ် သတ်မှတ်ခဲ့ကြသည်။

 

မှတ်တမ်းများအရ ၁၉၄၀ပြည့်နှစ်များအတွင်း ဂျပန်တို့၏ပျမ်းမျှအရပ်သည် ငါးပေသုံးလက်မဝန်းကျင်ဖြစ်ပြီး ယခု အခါ ငါးပေခုနစ်လက်မဝန်းကျင်သို့ ရောက်ရှိလာပြီဖြစ်သည်။

 

စစ်ရှုံးပြီးနောက်ပိုင်း အစိုးရကအစားသောက်များနှင့်ပတ်သက်၍ အပြောင်းအလဲများပြုလုပ်ခဲ့ရာ ယခင်က ငါးတစ်မျိုးကိုသာ အဓိကစားသုံးနေမှုကို အခြားအသားများနှင့် နွားနို့နှင့်နို့ထွက်ပစ္စည်း များကိုပါ စားသုံးစေခဲ့ရာ နှစ်စဉ်အရပ်ရှည်မှုနှုန်းတိုးတက်လာပြီး နှစ်ပေါင်းလေးဆယ်ခန့်အကြာတွင် လေးလက်မဝန်းကျင်မြင့်တက် လာခြင်းဖြစ်သည်။

 

ဂျာမနီအခြေစိုက် University of Tuebingen ကကောက်ယူသည့်စစ်တမ်းအရ မြန်မာတို့၏ပျမ်းမျှအရပ် သည် ၁၉၄၀ပြည့်နှစ်များက ဂျပန်တို့ထက် တစ်လက်မခန့် မြင့်မားခဲ့သော်လည်း ယခုအခါတွင် နှစ်လက်မခန့် နိမ့်ကျနေပြီး ပျမ်းမျှငါးပေငါးလက်မသာ။ ကမ္ဘာတွင် အရပ်ရှည်ဆုံးနိုင်ငံမှာ နယ်သာလန်နိုင်ငံဖြစ်ပြီး ပျမ်းမျှ ခြောက်ပေနီးပါးဖြစ်သည်။

 

အိမ်နီးချင်းလည်းဖြစ်၊ ဘောလုံးတွင် မဟာပြိုင်ဘက်လည်းဖြစ်သည့် ထိုင်းနိုင်ငံဆိုလျှင် အစားသောက်နှင့် ပတ်သက်၍ လည်းကောင်း၊ ဈေးဝယ်ယူခြင်းနှင့်ပတ်သက်၍ လည်းကောင်း ကျောင်းသင်ခန်းစာများတွင် ထည့်သွင်းသင်ကြားနေသည်မှာ ၁၅နှစ်ကျော်လာပြီဖြစ်ပြီး ကျောင်းမုန့်ဈေးတန်းများကိုလည်း ကျောင်းသားများ ကိုယ်တိုင်ပါဝင်သည့်အဖွဲ့များ ဖွဲ့စည်းပေးကာ စစ်ဆေးကြပ်မတ်လျက် ရှိသည်။

 

မြန်မာတို့အနေနှင့် နှစ်ပေါင်းများစွာမသိမှုဖြင့် အဆင်ခြင်မဲ့စွာ စားသောက်လာခြင်း၏အကျိုးသည် ယခု အခါတွင် ထင်ရှားစွာရုပ်လုံးပေါ်လာလေပြီ။

 

လက်ရှိတွင်မြန်မာနိုင်ငံသည် အာဟာရချို့တဲ့သည့်ဒဏ်ကြောင့် ကမ္ဘော ဒီယား၊ အရှေ့တီမောတို့ပြီးလျှင် တတိယအရပ်အပုညှက်ဆုံးနိုင်ငံဖြစ်နေသည်။ ကလေးငယ်များသေဆုံးမှု၏ ခုနစ်ပုံတစ်ပုံသည်လည်း အာဟာရ ချို့တဲ့မှုကြောင့်ဖြစ်သည်။

 

ကလေးငယ်သုံးပုံတစ်ပုံ အာဟာရချို့တဲ့ကာပုညှက်လာနေသည်ဆိုသော်လည်း အချို့နေရာများတွင် ကလေး ငယ်ထက်ဝက်ခန့်ဖြစ်သည်။

 

“ချင်းပြည်နယ်နဲ့ရခိုင်ပြည်နယ် တွေမှာဆိုရင်ပိုပြီးဆိုးရွားနေရပါတယ်” ဟု Save the Children ၏ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Katy Webley ကဆိုသည်။

 

အမှန်တကယ်တွင် အာဟာရပြည့်ဝစွာရရှိရန်အတွက် ငွေကြေးများစွာကုန်ကျခံစရာလည်းမလိုပေ။

 

မြန်မာ့လူနေမှုနယ်ပယ်အတွင်း လွယ်ကူစွာရရှိနိုင်ပါသည်။

 

တစ်ခါက အိမ်ရှင်မတစ်ဦးသည် ထမင်းချက်ရာတွင် ထမင်းရည်ကို မြေကြီးပေါ်သို့ငှဲ့ပစ်နေမှုကို ရှင်ဘုရင်က တွေ့မြင်ခဲ့ပြီး ဒဏ်ရိုက်ခဲ့ကာ ထမင်းရည်ကို အလဟဿ မဖြစ်စေဘဲ ကလေးများကို တိုက်ကျွေး ခြင်းသည် အကျိုးရှိစေကြောင်း ဆုံးမခဲ့သည့်သာဓကတစ်ခု မြန်မာ့သမိုင်းတွင် ရှိခဲ့ဖူးသည်။

 

ယင်းသာဓကသည် လက်ရှိအချိန်တွင် ထမင်းရည်သောက်ရန်ဟု မဆိုလိုသော်လည်း မြန်မာတို့ အနေနှင့်သူ့ခေတ်သူ့အခါအလျောက် အာဟာရတန်ဖိုးကို နားလည်သဘောပေါက်ခဲ့ကြောင်း မှန်းဆ ခံစားနိုင်မည်ဖြစ်သည်။

 

ဆေးပညာရှင်များ၏ အလိုအရ ထမင်း၊ ပဲအမျိုးမျိုး၊ အသားအမျိုးမျိုးနှင့် သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်များကို မျှတစွာ စားသုံးတတ်ရန်သာလိုအပ်သည်။

 

အကြမ်းဖျင်းအားဖြင့် ဆန်၊ ဂျုံလုပ်သောအစားအစာများသည် ခန္ဓာကိုယ်အင်အားဖြစ်စေမှုကို အထောက် အပံ့ပြုပြီး အသားနှင့်ပဲအမျိုးမျိုးက ခန္ဓာကိုယ်ကို ကြီးထွားစေကာ သစ်သီးနှင့် ဟင်းရွက်များက ရောဂါကို ကာကွယ်စေမည်ဖြစ်သည်။

 

ဆင်းရဲသည့်မြန်မာများအဖို့ ဈေးကြီးသည့် အသားဟင်းများကို မစားနိုင်စေကာမူ ပဲအမျိုးမျိုးတွင် အသား ဓာတ်များစွာပါဝင်ပါသည်။ ဈေးနှုန်းချိုသာသည့် ကြက်ဥ၊ ဘဲဥများ၊ ငါးသေးငါးနုတ်များသည်လည်း ထို့အတူပင်ဖြစ်သည်။ ယင်းအပြင် မြန်မာတို့ ကြိုက်နှစ်သက်သည့် ငါးပိသည်လည်း အာဟာရအတွက် များစွာအထောက်အပံ့ဖြစ်သည်။ ပြဿနာမှာ ဓာတုဆေးကင်းရန်နှင့် စားသုံးသည့်ဆီများကို သဘာဝဆီ စစ်စစ် ရရှိရန်သာလိုအပ်သည်။

 

အာဟာရချို့တဲ့ခြင်းသည် ပြဿနာဟုဆိုသော်လည်း အာဟာရလွန်ကဲခြင်းသည်လည်း ပြဿနာဖြစ်သည်။ အာဟာရ လွန်ကဲခြင်းကြောင့် ရောဂါဘယများဖြစ်ပွားစေသလို အဝလွန်ခြင်းလည်း ဖြစ်ပေါ်နိုင်သည်။

 

ဈေးကွက်အတွင်းရှိ ကျန်းမာရေး အာမခံချက်မရှိသည့် အစားအသောက်များကို ရှောင်ရှားရန်ဖြစ်သည်။

 

ပြီးခဲ့သည့် နှစ်များတစ်လျှောက် ဈေးကွက်အတွင်းတွင် စားသုံးရန်မသင့်သည့် အစားအသောက်များ ပေါများခဲ့ သည်။ ၂၀၁၃ခုနှစ်မှ ယခုနှစ်နှစ်ဆန်းပိုင်းကာလအတွင်း FDA က သတ်မှတ်ထားသော စားသုံးရန်မသင့်သည့် အစားအသောက်ပေါင်း၁၅၀ကျော်ပင် ရှိသည်။

 

အာဟာရပြည့်ဝမျှတစွာ စားသောက်ခြင်းသည် ကိုယ်ခန္ဓာကျန်းမာမှုကို သာမက ဉာဏ်ရည်ထက်မြက်ခြင်း ကိုပါ အထောက်အပံ့ဖြစ်စေသည်။

 

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆယ်စုနှစ်တစ်ခုစာမျှကြာအောင် လုပ်ဆောင်နေပြီး နိုင်ငံတကာ အဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် LIFT အဖွဲ့က ကောက်ယူထားသည့် စစ်တမ်းအရဆိုလျှင် အသက်သုံးနှစ် အတွင်း အာဟာရပြည့်ဝစားသောက်ခဲ့သည့် ကလေးငယ်တစ်ဦးသည် အရွယ်ရောက်လာချိန်တွင် အခြားသူများ ထက် လစာရရှိမှုမှာ ၂၁ရာခိုင်နှုန်း ပိုမိုကြောင်း ဖော်ပြထားသည်။

 

ယင်းအပြင် အသက်အန္တရာယ်ဖြစ်စေသည့် ရောဂါတို့မှ ဆယ်ဆကင်းဝေးသလို ကျောင်းပညာရေးတွင် ပုံမှန် ထက် ငါးဆပိုမိုစွမ်းရည်ထက်မြက်သည် ဟုဆိုသည်။

 

လွန်ခဲ့သည့် ဆယ်စုနှစ်ငါးခုဝန်းကျင်က မြန်မာပြည်သူတို့၏ ကိုယ်ခန္ဓာကြံ့ခိုင် ကျန်းမာမှုသည် မြင့်မားခဲ့ပါသည်။ ယင်းအချိန်များက အားကစားအဆင့်အတန်းသည် အိမ်နီးချင်းနိုင်ငံများထက်ပင် သာလွန်ခဲ့ပြီး အာရှအဆင့်၊ ကမ္ဘာ့အဆင့်များတွင်ပင် နာမည်ကောင်းရခဲ့သည်။

 

ယခုမူကမ္ဘာ့အဆင့်မဆိုထားနှင့် အာရှအဆင့်ပင်တိုး၍ မပေါက်၊ ဒေသတွင်း ဖြစ်သည့် အာဆီယံအဆင့်တွင်ပင် နေရာ မရတော့ပေ။

 

၂ နှစ်တစ်ကြိမ် ကျင်းပသည့် အရှေ့ တောင်အာရှအားကစားပွဲတော်များ၏ ဆုတံဆိပ်ရရှိမှုများကို ကြည့်ပါက မြန်မာနိုင်ငံသည် ကမ္ဘောဒီးယား၊ လာအို၊ ဘရူနိုင်းနှင့် အရှေ့တီမောတို့နှင့် အတူအောက်ဆုံး ငါးနိုင်ငံစာရင်းတွင် ပါဝင်နေသည်။ ၂၀၁၃ခုနှစ်က မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက်အားကစားပြိုင်ပွဲတွင်သာ အိမ်ရှင်အားသာချက်ဖြင့် ဒုတိယနေရာချိတ်ခဲ့သော်လည်း (၂၈) ကြိမ် မြောက်တွင် ၁၁နိုင်ငံအနက် အဆင့်၇ အထိ ထိုးကျခဲ့သည်။

 

ယင်း၏အကြောင်းရင်းသည် ဆင်းရဲပြီးဖွံ့ဖြိုးမှုနိမ့်ကျသည့် နိုင်ငံအခြေအနေကြောင့် တစ်နည်းအားဖြင့် မရှိခြင်း ကြောင့်ဟု ဆိုနိုင်မည်ဖြစ်သော်လည်း အာဟာရပြည့်ဝမျှတစွာ မစားသုံးတတ်ခြင်းကြောင့် တစ်နည်းအားဖြင့် မသိခြင်းကြောင့်ဟူ၍လည်း ကောက်ချက်ချနိုင်ပါလိမ့်မည်။

 

ကောက်ချက်ချသူများစွာလည်း ရှိပါသည်။

 

ယင်းအနက် ကျိုက်လတ်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရန်လင်းလည်း ပါဝင်သည်။

 

“အဲဒီရလဒ်ကြောင့်အရင်တုန်းက ကျွန်တော်တို့တစ်တွေ ရရှိခဲ့တဲ့ အားကစားတွေ၊ အထူးသဖြင့် ဒေသတွင်း အားကစားတွေ၊ အာရှအဆင့်အားကစားတွေမှာ ကျွန်တော်တို့တစ်တွေ အောင်ပွဲတွေ တဖြည်းဖြည်း ဝေးလာ ပါတယ်”

 

တစ်ထောင်လျှင် ၇၂ ဦး

၂၀၁၄ခုနှစ်တွင် ကောက်ယူထားသည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းအရ ငါးနှစ်အောက်ကလေးသေဆုံးမှုနှုန်းသည် တစ်ထောင်လျှင် ၇၂ဦးနှုန်းဖြစ်ပြီး တစ်နှစ်အောက်သေဆုံးမှုသည် တစ်ထောင်လျှင် ၆၂ဦး ဖြစ်သည်။

 

၆၆ နှစ်ကျော်

သန်းခေါင်စာရင်းအရ မြန်မာတို့၏သက်တမ်းသည်လည်း အာဆီယံဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျ နေသေးပြီး ပျမ်းမျှသက်တမ်းသည် ၆၆ ဒသမ ၈ နှစ်ဖြစ်သည်။ ယင်းသည် အာဆီယံနိုင်ငံများအတွင်း လာအိုနှင့် အရှေ့တီမောတို့ပြီးလျှင် အနိမ့်ဆုံးဖြစ်သည်။

 

ဂျပန်အောက် နှစ်လက်မ

ဂျာမနီအခြေစိုက် University of Tuebingen က ကောက်ယူသည့် စစ်တမ်းအရ မြန်မာတို့၏ ပျမ်းမျှအရပ်သည် ၁၉၄၀ ပြည့်နှစ်များက ဂျပန်တို့ထက် တစ်လက်မခန့် မြင့်မားခဲ့သော်လည်း ယခုအခါတွင် နှစ်လက်မခန့် နိမ့်ကျနေပြီး ပျမ်းမျှ ငါးပေ ငါးလက်မသာ။ ကမ္ဘာတွင် အရပ်ရှည်ဆုံးနိုင်ငံမှာ နယ်သာလန်နိုင်ငံဖြစ်ပြီး ပျမ်းမျှ ခြောက်ပေနီးပါးဖြစ်သည်။

 

ကမ္ဘာမှာ ဒုတိယ

မြန်မာနိုင်ငံသည် ကမ္ဘာတွင် ကင်ဆာရောဂါအဖြစ်ပွားမှု ဒုတိယအများဆုံးအဖြစ် မှတ်တမ်းဝင်ထားသည်။ လေ့လာကောက်ယူထားသည့် စစ်တမ်းများအရလည်း မိသားစုတိုင်းနီးပါးတွင် နှလုံး၊ သွေးတိုး၊ ဆီးချို၊ လေဖြတ်စသည့် ရောဂါများနှင့် တစ်ခုမဟုတ်တစ်ခု ဆက်နွှယ်နေသည်။

 

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *