တိုက်ပွဲတစ်ဝက်အောင်မြင်ခဲ့သူ

 

 

‘ပြင်ဆင်မှုရှိလျှင် တိုက်ပွဲတစ်ဝက်အောင်သည်’ ဟူ၍ နာမည်ကြီးစပိန်စာရေးဆရာ Miguel De Cervantes က ပြောခဲ့ဖူးသည်။
ပြင်ဆင်မှုသည် အောင်မြင်မှုအတွက် အခရာကျသည်။ အောင်မြင်မှုရရန် ပြင်ဆင်မှုလိုကြောင်း သမိုင်းကသက်သေပြခဲ့ပြီ။ လက်ရှိလည်း သက်သေပြဆဲ။
နောင်လည်း သက်သေပြလိမ့်ဦးမည်။

ယခုအခါ ‘ပြင်ဆင်မှုရှိလျှင် တိုက်ပွဲ တစ်ဝက်အောင်သည်’ ဆိုသည့် စကားကို သက်သေပြသူတစ်ဦး ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။ ၎င်းမှာ မောင်အောင်သန့်ကျော် ဖြစ်သည်။
မောင်အောင်သန့်ကျော်သည် ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဝိပ္ပံဘာသာတွဲ၌ မြန်မာတစ်နိုင်ငံလုံးအမှတ် အများဆုံးဖြင့် အောင်မြင်ခဲ့သူဖြစ်သည်။ အမှတ်ပေါင်း ၅၁၁ မှတ် ရရှိထားပြီး ဂုဏ်ထူးလေးဘာသာပါဝင်ခဲ့သည်။ ဝိပ္ပံဘာသာတွဲမှာမူ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဘောဂဗေဒဘာသာရပ်တို့ ဖြစ်သည်။

ကမာရွတ်မြို့နယ် အ.ထ.က(၅) မှ ကျောင်းသားဖြစ်သူ မောင်အောင် သန့်ကျော်သည် ဧရာဝတီတိုင်းဒေသကြီး ညောင်တုန်းမြို့နယ်ဇာတိဖြစ်သည်။ မိဘများမှာကုန်သည်ဖြစ်ပြီး ၎င်းတွင် တစ်နှစ်ကြီး၊ တစ်နှစ်ငယ် မွေးချင်းသုံး ယောက်ရှိသည်။ မူလတန်းမှ အလယ်တန်းအထိ အ.ထ.က(၁) ညောင်တုန်းတွင် ပညာ ဆည်းပူးခဲ့ပြီး ငယ်စဉ်ကတည်းကပင် ပညာရေးတွင် ထူးချွန်သူဖြစ်သည်။

 

“ကျွန်တော်ငယ်ငယ်ကတည်းက သူငယ်ချင်းတွေနဲ့ကစားရင် ခေါင်းဆောင်ဘက်ကနေတာများတယ်။ တစ်ခုခုလုပ်တော့မယ်ဆိုရင် ကျွန်တော်က ခေါင်းဆောင်လုပ်တယ်။ ကျွန်တော်ပြောတာ လိုက်လုပ်ကြတယ်” ဟု ၎င်းက ရယ်မောလျက်ဆိုသည်။
“သူတို့က သိပ်စိတ်ရှုပ်မခံနိုင်ကြဘူး။ ကျွန်တော်က စီစဉ်တတ်တာ”

ညောင်တုန်းတွင် အလယ်တန်းအထိ ပညာသင်ယူပြီးနောက် ရန်ကုန်တွင် အထက်တန်းပညာကို ဆက်လက်သင်ယူ သည်။ ထို့နောက်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ဇွန်လ ၁၇ ရက်တွင် ကြေညာသည်။
မောင်အောင်သန့်ကျော် တစ် ယောက် ကျောင်းသားတိုင်းလိုချင်လောက် သော အောင်မြင်မှုတစ်ခုဖြစ်သည့် တစ်နိုင်ငံလုံး အမှတ်အများဆုံးဆိုသည်ကို တက္ကသိုလ်ဝင်တန်း ဝိပ္ပံဘာသာတွဲဖြင့် ရခဲ့သည်။ ယင်းဘာသာတွဲ၌ မြန်မာ တစ်နိုင်ငံလုံး အမှတ်အများဆုံးဖြင့်အောင် မြင်ခဲ့သည်။

ဤသို့သော အောင်မြင်မှုကို လွယ် လွယ်နှင့်ရခဲ့သည်မဟုတ်ပါ ။ စွန့်လွှတ်ခဲ့ ရသည်များလည်းရှိသည်။ အရေးအကြီး ဆုံး အရည်အချင်းတစ်ရပ်မှာ ကြိုတင် ပြင်ဆင်ခြင်းပင်ဖြစ်သည်။
ကိုးတန်းမှစ၍ ကြည့်မြင်တိုင်ရှိ ဘော်ဒါတစ်ခုတွင် မောင်အောင်သန့် ကျော်နေခဲ့ရသည်။ အဆိုပါဘော်ဒါက စည်းကမ်းကြီးသကဲ့သို့ ကျောင်းသား ဖြစ်သူကိုယ်တိုင်ကလည်း လိုက်နာသည်။ ဘော်ဒါဆောင်တွင် နံနက် ၅ နာရီခွဲဆိုလျှင် အိပ်ရာမှထရပြီဖြစ်သည်။ ထို့နောက် မနက်စာစားရသည်။ ၆ နာရီခွဲမှစ၍ အတန်းတက်ရသည်။

မနက် ၇ နာရီမှ ၉ နာရီအထိ တစ်ဘာသာသင်ရသည်။ ပြီးလျှင် ၁၅ မိနစ်နားရသည်။ ပြီးလျှင် ၁၂ နာရီအထိ တစ်ချိန်ထပ်ဝင်သည်။ နေ့လယ် ၁၂ နာရီ မှ ၁ နာရီအထိသည် နေ့လယ်ထမင်း စားချိန်ဖြစ်သည်။
မွန်းလွဲချိန် ၁ နာရီမှ ၃ နာရီအထိ စာသင်ရသည်။ ထို့နောက်တွင် ဆယ့်ငါး မိနစ်နားသည်။ ထိုနောက် ညနေ ၅ နာရီ အထိ စာသင်ရပြန်သည်။ ပြီးလျှင် ၅ နာရီမှ ၆ နာရီအထိသည် ရေချိုးချိန်နှင့် ညနေစာစားချိန်ဖြစ်သည်။
ညနေပိုင်း ၆ နာရီမှ ၈ နာရီအထိ သည် ဘော်ဒါဆောင်ရှိ Guide နှင့်အတူ စာကျက်၊ စာပြန်ရသည့် အချိန်များဖြစ် သည်။ ယင်းနောက် ၁၅ မိနစ်နားပြီးလျှင် ၁၁ နာရီအထိ စာသင်ရပြန်သည်။ ထို့နောက် အိပ်ရသည်။ နံနက် ၅ နာရီ ထိုးလျှင် အိပ်ရာထပြီး နေ့သစ်ကို အထက် ပါနည်းအတိုင်း လည်ပတ်ရပြန်သည်။

တစ်နေ့လျှင် အိပ်ချိန်က ခြောက် နာရီ ။ ထမင်းစားခြင်း၊ ရေချိုးခြင်း၊ နား ခြင်းနှင့် အခြားဗာဟီရကိစ္စများအတွက် အချိန် လေးနာရီခန့် သုံးစွဲရသည်။ ကျန်ရှိ သည့် အချိန် ၁၄ နာရီကို စာလေ့လာ ခြင်းဖြင့် ကုန်ဆုံးခဲ့ရသည်။ ရေချိုးခြင်း၊ ထမင်းစားချိန် ၊ ကျောင်းစာကြည့်ခြင်းနှင့် အိပ်ခြင်းကဲ့သို့ အလုပ်များကို အစီအစဉ် တကျ ပြင်ဆင်လုပ်ကိုင်ခဲ့ခြင်း၏ အကျိုး ဆက်ကြောင့် ဤသို့သော အောင်မြင်မှုကို ရရှိခဲ့သည်ဆိုလျှင် လွန်အံ့မထင်။
ထို့ပြင် ဘော်ဒါဆောင်က ဖုန်းသုံး ခွင့်မပေးပေ။ ထို့ကြောင့် ဖေ့စ်ဘုတ်ပေါ်တွင် အချိန်ကုန်ခြင်းကဲ့သို့ ပြဿနာများ ကိုလည်း အလိုအလျောက်ပင် ရှောင်ရှား နိုင်ခဲ့သည်။

သို့သော်လည်း မောင်အောင်သန့်ကျော်တစ်ယောက် စွန့်လွှတ်ခဲ့ရသည့် အရာများရှိခဲ့သည်။ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် ပြင်ဆင်သည့်ကာလများအတွင်း ပြင်ပဗဟုသုတရရှိသည့် စာများကို မဖတ်နိုင်ခဲ့။ အားကစားကိုလည်း မလိုက် စားနိုင်ခဲ့။ မိဘနှင့်တစ်လလျှင် တစ်ကြိမ် သာတွေ့ခွင့်ရှိသည်။ဤသို့သောပုံစံဖြင့် ကိုးတန်းကတည်းက လေ့ကျင့်ခဲ့ခြင်း ဖြစ်သည်ဟု မောင်အောင်သန့်ကျော်က ဆိုသည်။
“ကိုးတန်းကတည်းက ဆယ်တန်း လိုကျင့်ထားလို့ သိပ်တော့ ပြဿနာမရှိ ဘူး။ အကျင့်ပါနေတာ။ စာတွေအပြိုင် အဆိုင်လုပ်ကြတယ်။ ဝိုင်းလုပ်ကြတယ်” ဟု မောင်အောင်သန့်ကျော်က ရယ်လျက်ဆိုသည်။

သို့သော်လည်း စာကျက်စဉ်ကာလများအတွက် ကျောင်းစာကိုအာရုံမစိုက် နိုင်သည့် အချိန်များလည်း ရှိခဲ့ဖူးသည်ဟု မောင်အောင်သန့်ကျော်က ပြောပြသည်။ မောင်အောင်သန့်ကျော်တစ်ယောက်တွင် သူများနှင့်မတူသည့် ဖိအားများရှိနေသည်။

 

“ကျွန်တော့် အစ်ကိုကလည်း ဝိပ္ပံတွဲနဲ့ပထမရထားတော့ ကျွန်တော့် အတွက် အဲဒါက စိတ်ဖိစီးမှု ဖြစ်စေတယ်။ ဆရာမတွေကလည်း တွန်းအားပေးတယ်” ဟု ၎င်းကဆိုသည်။
အစ်ကိုဖြစ်သူက ခြောက်ဘာသာ ဂုဏ်ထူးဖြင့် မြန်မာတစ်နိုင်ငံလုံး ဝိပ္ပံ တွဲတွင် ပထမရထားသူဖြစ်သောကြောင့် ဆရာများ၏ ဖိအားများအမြဲရှိကြောင်း ၎င်းကဆိုသည်။

“နင့်အစ်ကိုကို မီအောင်လုပ်လို့ ဆရာမတွေက ပြောတယ်” ဟု မောင်အောင် သန့်ကျော်က ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် မြန်မာ တစ်နိုင်ငံလုံးတွင် ဝိပ္ပံတွဲဖြင့်ပထမရသူမှာ မောင်သက်ပိုင်စိုးဖြစ်သည်။ သူသည် လည်း ကြည့်မြင်တိုင်ဘော်ဒါဆောင်တွင် တက်ရောက်ခဲ့သူဖြစ်သည်။ ထိုသူက မောင်အောင်သန့်ကျော်၏ အစ်ကိုအရင်း မောင်သက်ပိုင်စိုးပင်ဖြစ်သည်။ညီအစ်ကိုရင်းနှစ်ယောက်လုံးက တက္ကသိုလ်ဝင်စာမေးပွဲ ဝိပ္ပံတွဲတွင် မြန်မာ တစ်နိုင်ငံလုံး ပထမဖြစ်သည်။
လက်ရှိတွင် အငယ်ဆုံးညီ မောင် ကျော်လင်းပိုင်မှာလည်း ဝိပ္ပံဘာသာတွဲဖြင့် တက္ကသိုလ်ဝင်တန်းတက်ရောက်နေသည်။

“ဝိပ္ပံတွဲက ကျက်စာကို အားပြုရတယ်။ တွက်ရတာလည်းပါတယ်။ ကျက်စာက Byheart (အလွတ်) ကျက်ရတာ မဟုတ်ဘူး။ သဘောတရားပဲပါတယ်။ အဲဒီအတွက် မြန်မာစာကလည်းကျက် လို့လွယ်တယ်။ အမှတ်လည်းရလွယ်တယ်။ ဘိုင်အိုဆိုရင် ပုံဆွဲရတယ်။ ပုံလည်း သိပ်မဆွဲတတ်တာပါတယ်” ဟု မောင်အောင် သန့်ကျော်က ဝိပ္ပံတွဲယူရခြင်းအကြောင်း ရင်းကို ရှင်းပြသည်။

ဘာသာစုံစာများကို တစ်နှစ်ပတ် လုံး လေ့ကျင့်ရသည်။ သင်္ချာကို အပြန်ပြန် အလှန်လှန်တွက်ရသည်။ ရူပဗေဒပုစ္ဆာ မျိုးစုံကို တွက်ချက်ရသည်။ ဘောဂဗေဒကို နားလည်ရန်ဦးစွာလုပ်၊ ပြီးနောက် ကျက်ရသည်။ တက္ကသိုလ်ဝင်တန်းမေးခွန်း ပေါင်းချုပ်များကို ဖြေရသေးသည်။ ပုံမှန် အားဖြင့် မနက်တွင် စာသင်၊ ညနေတွင် စာကျက်ရသည်။

ယင်းကဲ့သို့ ကြိုးစားခဲ့ခြင်းကြောင့် အမှတ်စာရင်းမထွက်မီကပင် အမှတ်ပေါင်း ၅၀၀ ကျော်မည်ကိုလည်း ကြိုတင်သိရှိနေခဲ့သည်ဟု မောင်အောင်သန့်ကျော်က ဆိုသည်။ ထို့ကြောင့်ပင် ထူးခြားသည့် ဝမ်းသာပျော်ရွှင်မှုမျိုးမခံစားရဟု ၎င်းက ဆိုလိုက်သေးသည်။

ယခုအချိန်သည် တက္ကသိုလ်ဝင်တန်းအောင်စာရင်းထွက်ပြီးဖြစ်သော ကြောင့် တက္ကသိုလ်အသီးသီးတက်ရန် လူငယ်များခေါင်းချင်းဆိုင်ချိန်ဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးနောက် ဘာသာရပ်ရွေးချယ်မှုများနှင့် ပတ်သက်ပြီး လူငယ်များကြုံတွေ့ရမှုကို မြန်မာတစ်နိုင်ငံလုံး ဝိပ္ပံဘာသာတွဲဖြင့် ပထမရသူ မောင်အောင်သန့်ကျော်က ယခုကဲ့သို့ ဆိုသည်။

“ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဆို ဖလော်တက်ချင်တာ။ သူ့မိဘ တွေက ခွင့်မပြုဘူး။ မိဘတွေက စိတ် မဝင်စားကြဘူး။ ကလေးတွေက တက်ချင် ကြတယ်။ မိဘတွေကြောင့် မတက်ဖြစ်ဘူး။ မိဘတွေရဲ့ ဆုံးဖြတ်မှုအောက်မှာ ကလေးတွေ(ဝါသနာ)ဆုံးရှုံးနေတယ်”

မောင်အောင်သန့်ကျော်၏ အစ်ကို မောင်သက်ပိုင်စိုးက ရန်ကုန်နည်းပညာ တက္ကသိုလ်တက်ကာ ဗိသုကာ ဘာသာရပ် တွဲကိုယူပြီး ဗိသုကာပညာရှင်လုပ်လိုသူ ဖြစ်သည်။
“ကျွန်တော်တို့က တစ်နှစ်ပဲကွာ တော့ သူငယ်ချင်းတွေလိုဖြစ်နေတာ။ ကျွန်တော်လည်း ဗိသုကာကြိုက်လို့ တက် တယ်။သူက အိုင်တီဝါသနာပါတယ်” ဟု ၎င်းကဆိုသည်။

မောင်အောင်သန့်ကျော်တစ်ယောက်ကမူ လုံလောက်သည့် ကြိုတင်ပြင်ဆင်မှုများဖြင့် စာသင်ခန်းအတွင်းမှ တိုက်ပွဲတစ်ရပ်ကို အောင်မြင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း အပြောကျယ်သည့် လူ့ဘ၀ထဲမှ တိုက်ပွဲကိုကား ဆက်လက်ဆင်နွှဲရန် ကျန်ရှိနေပေသေးသည်။

ထို့အတွက် ၎င်း၏ အိပ်မက် အကြောင်းကို မောင်အောင်သန့်ကျော် တစ်ယောက် ယခုလိုပြောပြသည်။
“ကျွန်တော်က IT ပညာရှင် လုပ်မယ်”

ဝိပ္ပံဘာသာတွဲ မြန်မာတစ်နိုင်ငံလုံး ပထမဆုရှင်နှစ်ဦးဖြစ်သည့် မောင်သက်ပိုင်စိုး၊ မောင်အောင်သန့်ကျော်ပြီးနောက် ညီအငယ်ဆုံးဖြစ်သူ မောင်ကျော်လင်းပိုင် တစ်ယောက်ကလည်း ဝိပ္ပံဘာသာတွဲဖြင့် လက်ရှိတွင် တက္ကသိုလ်ဝင်တန်းတက်ရောက်နေပြီဖြစ်သည်။

မောင်ကျော်လင်းပိုင်တစ်ယောက် နောင်တော်နှစ်ဦး တက်ရောက်ခဲ့သည့် ကြည့်မြင်တိုင်မြို့နယ်ရှိ ဘော်ဒါဆောင်လေးသို့ရောက်ရှိနေပြီဖြစ်သည်။ သူသည် လည်းတွင် ပြင်ပစာမဖတ်၊ အားကစား မလုပ်ဘဲ တစ်နေ့ ၁၄ နာရီနီးပါး စာကျက် နေရမည်လား။

 

ဥမ္မာလွင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *