ဆင်းတုတော်အတွက် စံ

ကွန်ပျူတာသုံးမြန်မာစာစနစ်အပါအဝင် နေရာများစွာတွင် စံသတ်မှတ်ချက်များ လိုအပ်သည့်နည်းတူ ဗုဒ္ဓ မြတ်စွာဘုရားရှင်၏ ရုပ်ပွားတော်များအတွက်လည်း စံ တစ်ခုလိုအပ်ပြီလားဆိုသည့် မေးခွန်းများ ယခုရက်ပိုင်း တွင် ကြားလာရပြီ ဖြစ်သည်။

လွန်ခဲ့သောနှစ်ပေါင်း ၂၆၀၀က မွေးဖွားတော်မူခဲ့ပြီးလောက၏ အထွတ်အထိပ်သို့ရောက်ရှိခဲ့ကာ လောကကို ဆုံးမလမ်းညွှန်ခဲ့သည့် ဂေါတမဘုရားရှင်ကို မျက်မြင်ကိုယ်တွေ့ဖူးတွေ့လိုက်ရသူ မည်သူမျှသက်ရှိ ထင်ရှား မရှိတော့သလို ယခင်အချိန်က မှတ်တမ်းတင်ခဲ့သည့် ဓာတ်ပုံနှင့်ပန်းချီကားလည်း မကျန်ရစ်ခဲ့ပေ။

သို့သော် ဗုဒ္ဓကို ကြည်ညိုသူနှောင်းလူတို့က အာရုံဖြင့်မှန်းဆ၍ ရုပ်တုများထုလုပ်ကာ ပူဇော်ကိုးကွယ် ခဲ့ကြသည်မှာ ခေတ်အဆက်ဆက် ကြာခဲ့တိုင်ခဲ့ပြီ ဖြစ်သည်။

ခေတ်အခြေအနေအလိုက်အသုံး ပြုသည့်ပစ္စည်းများလည်း မတူညီကြ။ အချို့က အုတ်၊ အင်္ဂတေတို့ဖြင့်၊ အချို့က သစ်သား၊ သံ၊ ကြေးစသည့်သတ္တုများ၊ ကျောက်သားကျောက်တုံးများလည်း ရှိသည်။ နှီးဖြင့် သွန်းလုပ်သည်လည်း ရှိသည်။ သဘာဝရွှံ့စေးမြေဖြင့် ထုလုပ်သည်လည်းရှိ၏။

ရုပ်တုဆရာတစ်ဦးဖြစ်သူ ဦးအောင်ကျော်ထွန်းကမူ သူ၏ပထမဆုံး ဗုဒ္ဓဆင်းတုတော်တစ်ဆူကို ၂၁ရာစုတွင် တွင်ကျယ်လာသော နည်းပညာပစ္စည်းတစ်ခုဖြစ်သည့် ဆီလီကွန်ဓာတ်ပစ္စည်းဖြင့် သွန်းလုပ်ခဲ့လေသည်။

သူအားသန်သည့် ဆီလီကွန်နည်းပညာဖြင့် ဗုဒ္ဓဆင်းတုတော်ကို အောင်မြင်စွာသွန်းလုပ်အပြီးတွင် လူမှု ကွန်ရက်မှ တစ်ဆင့် အများပြည်သူကို ချပြခဲ့သေးသည်။

ယင်းကနေပင် လူအများမေ့လျော့ထားနေသည့် အငြင်းပွားဖွယ်ရာပြဿနာတို့ ပေါ်ပေါက်လာခြင်းဖြစ်သည်။

ဆီလီကွန်နှင့် ထုလုပ်သည့် ဆင်းတုတော်သည် ပြင်ပသက်ရှိလူသားတစ်ဦးဦး နှင့်တူနေသယောင်။ ရုပ်ရှင်မင်းသားတစ်ဦးနှင့် တူသည်ဟူသည့်မှတ်ချက်အချို့ ကိုလည်းတွေ့ရသည်။

သေချာသည်ကတော့ ယင်းဆင်းတု ကိုသွန်းလုပ်ခဲ့သည့် ဦးအောင်ကျော်ထွန်းအနေနှင့် ရှေးအစဉ်အဆက် ကျင့်သုံးလိုက်နာခဲ့သည်တို့မှ ခွဲထွက်ကာလမ်းကြောင်းသစ်ကို စတင်ခဲ့ခြင်းဖြစ်သည်။

ဗုဒ္ဓသည်လူသားတစ်ယောက်ပင်ဖြစ်ရာ ဆင်းတုတော်ကို လူသားတစ်ယောက်နှင့်တူအောင်သာ အားထုတ် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

ဦးအောင်ကျော်ထွန်းသည် ပုံတသွန်းလုပ်သည့်ပညာရှင်တစ်ဦးဖြစ်ပြီး ၂၀၁၅ခုနှစ်တွင် ဆီလီကွန်ဖြင့် ဖန်တီးသည့် ဗိုလ်ချုပ်ရုပ်တုဖြင့် နာမည်ကျော်ကြားလာသူဖြစ်သည်။ လက်ရှိအချိန်အထိ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တုများ၊ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ထင်ရှားကျော်ကြားသူများ၏ ဆီလီကွန်ပုံတူရုပ်ထုများနှင့် ကြေးသွန်းရုပ်တုများကို သွန်းလုပ်နေသူ ဖြစ်သည်။

ဗုဒ္ဓဆင်းတုကိုမူ အထက်ပါဆင်းတုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

ယင်းဆီလီကွန်ဆင်းတုတော်ကို ဝေဖန်သူများရှိသလို ထောက်ခံကြိုက်နှစ်သက်သူများကလည်း ရှိသည်။ ထိုအထဲတွင် ဗုဒ္ဓ၏သားတော်များဖြစ်သည့် ရဟန်းသံဃာများလည်းပါဝင်ပြီး နောက်ထပ်ဆင်းတုတော်များကို ထပ်မံသွန်းလုပ်ရန်လာရောက်အပ်နှံထားသည့် အရေအတွက်ငါးခုပင် ရှိနေသည်။

သူ၏ရုပ်တုကို လူတစ်ယောက်နှင့် တူနေသည်ဟု ဝေဖန်မှုများကို လက်ခံသည်ဟုဆိုသည်။

“လူနဲ့တူအောင်ထုရင်လူတစ်ယောက် ယောက်နဲ့တူနေမှာဖြစ်နေမှာတော့အမှန်ပဲ။ ခပ်ရှင်းရှင်း ပြောရရင်တော့ ချောတယ်၊ Handsome ဖြစ်တဲ့ (တည်ကြည်ခန့်ညားတဲ့) သူတစ်ယောက်နဲ့ တူကောင်းတူနေနိုင်တယ်။ ဒါကလည်း ကျွန်တော်ကတော့လုပ်ရဲတယ်”ဟု ဆိုသည်။

ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ခြင်းသည် ဗုဒ္ဓပရိနိဗ္ဗာန်စံလွန်တော်မူ(သေဆုံး)ပြီးနောက် နှစ်ပေါင်း လေးငါးရာကြာမှ ပေါ်ပေါက်လာခြင်းဖြစ်သည်။ (သို့သော်အငြင်းပွားဖွယ်ရာအဖြစ် ဗုဒ္ဓသက်တော်ထင်ရှား ရှိစဉ်ကပင် ကိုယ်ပွားတော်ရုပ်တုများ သွန်းလုပ်ပူဇော်ကြောင်း လက်ခံသူများလည်းရှိသည်။)

သမိုင်းမှတ်တမ်း အထင်အရှားကျန်ရှိသည့် မြန်မာနိုင်ငံ ပုဂံခေတ်မှစ၍ အစဉ်အဆက်ဆင်းတုတော်များ ထုလုပ် (သွန်းလုပ်)ခဲ့ကြရာတွင် ရုပ်ပွားတော်သည် ပြင်ပသက်ရှိလူသားတစ်ယောက်နှင့်မတူဘဲ ရုပ်တုတစ်ခု အနေအထားသာ ရှိခဲ့သည်။

ရုပ်တုကိုထုလုပ်ရာတွင် အချို့သောသူတို့မှတစ်ပါး အများအားဖြင့် အခြေခံအချက်များကိုတော့ လိုက်နာကြလေ့ ရှိသည်။

ဗုဒ္ဓကိုယ်တော်တိုင်ဟောကြားတော်မူသည့်လက္ခဏသုတ္တန်ကို အခြေပြုကြခြင်းဖြစ်ပြီး ယင်းတရားတော်ထဲတွင် ဘုရားလောင်းတို့၏ သွင်ပြင်လက္ခဏာတော် ၃၂ရပ် ပါရှိသည်။

ဘုရားလောင်းတိုင်းတွင် ခြေဖဝါးမှစ၍ ဦးခေါင်းတော်အထိ ကိုယ်အင်္ဂါအစိတ်အပိုင်းများတွင် သာမန်လူတို့နှင့် မတူသည့် သွင်ပြင်များရှိနေကြောင်း အဆိုပါသုတ္တန်တွင် ပါရှိသည်။

ဥပမာအားဖြင့်ခြေဖဝါးတော်သည်ပြည့်ဖြိုးခြင်း၊ကိုယ်ခန္ဓာသည်အရပ် အမောင်းနှင့်လိုက်ဖက်သည့်လုံးဝန်းသော သဏ္ဌာန်ရှိခြင်း၊ဦးခေါင်းတော်သည်လည်းလုံးဝန်းခြင်း၊ခြေနှစ်ဖက်၊လက်နှစ်ဖက်၊ပခုံးနှစ်ဖက်နှင့်ဂုတ်ပိုးသည်ပြည့်ဖြိုးခြင်း၊ မျက်လုံးအိမ်သည် နွားငယ်တစ်ကောင်၏ မျက်လုံးအိမ်ကဲ့သို့ရှိခြင်း၊ မေးတော်သည် ခြင်္သေ့မင်း၏ မေးကဲ့သို့ လုံးဝန်းခြင်း စသည်တို့ဖြစ်သည်။

နောက်ထပ်ထူးခြားချက်အချို့မှာ ဗုဒ္ဓ၏ခြေသလုံးအရိုးတော်သည် သာမန် လူများကဲ့သို့ ရှေ့ပိုင်းတွင် ရှိမနေဘဲ အလယ်တည့်တည့်တွင် ရှိနေကာ ပတ်လည်တွင် ကြွက်သားများအညီအမျှ ဝန်းရံနေခြင်းနှင့် လက်တော် များသည် မကုန်းမကွရဘဲ ဒူးဆစ်အထိ လှမ်းဆုပ်နိုင်သည်အထိ ရှည်လျားသည်။

သို့သော်အဆိုပါလက္ခဏာရပ်များကို အခြေခံသည်ဆိုသော်လည်း ပြင်ပရှိဆင်းတုတော်များ၏ လက်ရာမှာ တစ်ခုနှင့် တစ်ခု မတူညီကြပါ။ ခေတ်အလိုက်၊ ဒေသ အလိုက်ကွဲပြားလေ့ရှိသည်။ ပုဂံခေတ်တွင် ထုလုပ်သည့် ပုံသဏ္ဌာန်နှင့် အင်းဝခေတ်တွင် ထုလုပ်သည့် ပုံသဏ္ဌာန်တို့ ကွဲပြားကြသည်။ ယင်းအပြင် နိုင်ငံအလိုက်လည်း ကွဲပြားကြသေးသည်။

ဗုဒ္ဓသည် အိန္ဒိယတိုင်းသားတစ်ဦးဖြစ်သော်လည်း မြန်မာ့လက်ရာသည် မြန်မာနှင့်တူလေ့ရှိပြီး တရုတ်၊ ဂျပန်တို့ တွင် ထုလုပ်သည့် ဗုဒ္ဓဆင်းတုတော်သည် တစ်မျိုးဖြစ်သည်။ မြန်မာနှင့် အိမ်နီးချင်း ဖြစ်သည့် ထိုင်းနိုင်ငံတွင် ထုလုပ်သည့် ရုပ်ပွားတော်သည်လည်း တစ်မျိုးတစ်ဘာသာဖြစ်သည်။

“ဘုရားပုံတော်မှာ ဘယ်နေရာကြည့်ကြည့် ပြည့်ဖြိုးရမယ်လို့ဆိုပါတယ်၊ ဒီလိုပြည့်ဖြိုးဖို့ပဓာနထားပြီး ထုလုပ်နေကြတယ် ဆိုပေမယ့်လည်း အခြေခံခြားနားချက်ကို ပုံစံ(Type)နဲ့ ဟန်(Style) မှာတွေ့ကြလို့ ခေတ်အခါအလိုက်၊ ဒေသအလိုက် ကွဲတတ်တယ်လို့ သိနိုင်ကြပါတယ်”ဟု ထင်ရှားသည့်သမိုင်းသုတေသီ ကြီးဖြစ်သူဒေါက်တာသန်းထွန်းက သူ၏ ‘နယ်လှည့်ရာဇဝင်’စာအုပ်တွင် ရေးသားခဲ့သည်။

တစ်ခါတစ်ရံတွင် ထုလုပ်သည့် ခေတ်ချင်းတူသော်လည်း ထုလုပ်သည့် ရည်ရွယ်ချက်များမတူသဖြင့် ပုံစံများ လည်းကွဲပြားကြောင်း ၎င်းစာအုပ်တွင် ထည့်သွင်းရေးသားထားသည်။

ဦးအောင်ကျော်ထွန်းကမူ ဗုဒ္ဓ၏လက္ခဏာတော်၃၂ရပ်တွင် သဘာဝနှင့် မညီဘဲ လွန်ကျွံစွာ ဖွဲ့ဆိုထားသည်ကို တွေ့ရပြီး လက္ခဏာတော်အင်္ဂါရပ်များနှင့် အညီထုလုပ်ပါက သဘာဝအရှိတရားနှင့် ကိုက်ညီတော့မည် မဟုတ်ဟု ဆိုသည်။

ဆင်းတုအများအပြားတွင် လက်ချောင်းတော်များသည် လက်မမှလွဲ၍ ကျန်လေး ချောင်းသည် တစ်ညီတည်း ဖြစ်နေလေ့ရှိကြသည်။ မျက်ခုံးတော်သည်လည်း ဂငယ်ကဲ့သို့ ကွေးညွှတ်နေပြီး နားရွက် တော်များသည် ပုခုံးအထိ ရှည်လျားနေကြသည်။

ယင်းအပြင် အငြင်းပွားမှုများက လည်းရှိနေသေးသည်။ ဗုဒ္ဓသည် ရဟန်းပြုစဉ်တွင် ဆံတော်များကို ပယ်ဖြတ်ခဲ့ သေးပြီး လက်လေးသစ်ခန့်သာ ကျန်ရှိသည်ဆိုသည့် မှတ်တမ်းများလည်း ရှိနေသော်လည်း ဆင်းတုတော် အများအပြားသည် ဆံထုံးတော်များ ကြီးမားစွာရှိနေခြင်း၊ အချို့ဆိုလျှင် ဦးခေါင်းတော်တွင် အချွန်းသဏ္ဌာန်များ ပြုလုပ်ပေးခြင်းများရှိသည်။

ရှေးအစဉ်အဆက်က အဆိုပါ လက္ခဏာတော်၃၂ချက်နှင့်အညီ ထုလုပ် သည်ဟု ထုလုပ်သူနှင့် ကိုးကွယ်သူ ပြည်သူအပေါင်းက ယုံကြည်ကြမည်ဖြစ်သော်လည်း ဆင်းတုတော်များတွင် တစ်ခု နှင့်တစ်ခု ကွဲလွဲချက်များ ရှိနေခဲ့သည်ဟု ဒေါက်တာသန်းထွန်းကဆိုသည်။

သို့သော် ယင်းသို့ ကွဲလွဲနေသော်လည်း တူညီသည့်အချက်မှာ ဆင်းတုတော်များသည် လူယောက်ျား အသွင်မရှိသည့်အချက်ဖြစ်ကြောင်း ၎င်းက အထက်ပါစာအုပ်တွင် ထည့်သွင်းရေးသားခဲ့သည်။

“ယောက်ျားတစ်ယောက်ရဲ့ လုံးရပ်သဏ္ဌာန်ဆိုရင် အနည်းဆုံးလက်မောင်း ကြွက်သားအဖုအထစ် ရှိရမယ်၊ အကြောပြိုင်းပြိုင်းထတဲ့ နေရာရှိရမယ်။ ဗုဒ္ဓရုပ်ထုမှာတော့ အားလုံးပြေပြစ် ချောမောပြည့်ဖြိုး ရမယ်လို့ ကြိုးစားပြီးထုလုပ်ကြလို့ တည့်တည့်ပြောရရင် ယောက်ျားရုပ် မဟုတ်တော့ဘူးလို့ ဆိုနိုင်ပါတယ်”ဟု ရေးသား ထားသည်။

ဗုဒ္ဓဘာသာတိုင်းပြည်ပီပီ ဗုဒ္ဓဆင်းတုတော်များကို မြန်မာပြည်အနှံ့အပြား နေရာတကာတွင် တွေ့နိုင်ပါသည်။ ယင်းတို့အထဲတွင် အချိုးအစားမကျနစွာထုလုပ်ထားခြင်းများလည်း ရှိနေသလို ကြည်ညိဖွယ်ရာ မဖြစ်သည့် ဆင်းတုများလည်း ရှိနေသည်။

နယ်ကျေးလက်တစ်ခုတွင် ဆင်းတု ထုလုပ်သူ ပန်းရန်ဆရာများနှင့် ရွာသားများအကြား မကျေလည်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အကြောင်းမှာ ဆင်းတုတော်သည် ဘုရားကဲ့သို့ ကြည်ညိုဖွယ်ရာမရှိနေခြင်းကြောင့်ဖြစ်သည်။ ယင်းနောက် အဆိုပါ ပန်းရန်ဆရာများကို လုပ်ငန်းရပ်ဆိုင်းလိုက်ပြီး နောက်ထပ်အဖွဲ့တစ်ခုကို ထပ်မံ ခေါ်ယူကာ ဘုရားဆင်းတုတော်ကို ပြင်ဆင်ထုလုပ်စေရသည်။

“နံပါတ်တစ်ကဘုရားဟာယောက်ျားဖြစ်တဲ့အတွက် ယောက်ျားပီသဖို့လိုတယ်။ ပုံကိုကြည့်လိုက်ရင် အခုဟာက ပန်းရန်ဆရာတော်တော်များများက မျက်တောင်တုတွေတပ်တယ်၊ ကာချယ်တွေဆွဲတယ်၊ မျက်နှာတော်ကို မိတ်ကပ်လိုအရောင်တွေ ရေးတယ်။ အဲဒါကြည့်လိုက်ရင် မိန်းမတစ်ယောက်ရဲ့ အလှလိုဖြစ်နေတယ်” ဟု နာမည်ကျော်ကြေးသွန်းပညာရှင်တစ်ဦးဖြစ်သူ တမ္ပ၀တီဦးဝင်းမောင်က ဆိုသည်။

မြတ်စွာဘုရားသည် လူသားအားလုံးအတွက် မရိုးနိုင်၊မဟောင်းနိုင်သည့်တရားတော်များကို ဟောကြားခဲ့သူ ဖြစ်သည့်အပြင် ဒုက္ခမှလွတ်မြောက်ရာကို လမ်းညွှန်ပြသခဲ့သူဖြစ်သဖြင့် ရုပ်တုများထုလုပ်သည့်အခါ အလေး ထားသင့်ကြောင်း ၎င်းကဆိုသည်။

ဆင်းတုတော်ထုရာတွင် မဖြစ်မနေ လိုက်နာသင့်သည့် နောက်တစ်ချက်မှာ လက္ခဏာတော်၃၂ချက် ဖြစ်သည်ဟု ဦးဝင်းမောင်က ဆိုသည်။

မြန်မာတို့အနေနှင့် ဗုဒ္ဓနှင့် ပတ်သက်၍ ယင်းလက္ခဏာတော်များကို ရှေးကလွန်စွာအလေးထားကြောင်း ပေါ်လွင်ပါသည်။

ဗုဒ္ဓသည် သာမန်လူသားပင်ဖြစ်သော်လည်း သွင်ပြင်လက္ခဏာသည် သာမန် လူနှင့်မတူဆိုသည့်အချက် ဖြစ်သည်။

မြန်မာတွင် ရုပ်ရှင်နှင့်ဗီဒီယိုများ၌ ဗုဒ္ဓဝင်ဆိုင်ရာဇာတ်လမ်းများရိုက်ကူးသည့်အခါ ဗုဒ္ဓနေရာတွင် မည်သည့် လူ ပုဂ္ဂိုလ်ကိုမှ အစားမထိုးခဲ့ကြပေ။ ဗုဒ္ဓနေရာတွင် ပုံတော်များဖြင့်သာ နောက်ခံစကားပြောဖြင့် (ဤသည်လည်း မဖြစ်မနေ ထည့်သွင်းရန် လိုအပ်သည့် အခြေအနေမျိုးတွင်သာ)ရိုက်ကူးခဲ့ကြသည်။

ဗုဒ္ဓဆင်းတုတော်များကို နန်းမြို့ဟောင်းများဖြစ်သည့် အမရပူရ၊ မန္တလေး တို့တွင် အဓိကသွန်းလုပ်လေ့ရှိပြီး နာမည်ကြီးရှေးဟောင်းဘုရားစေတီများ၏ စောင်းတန်းများတွင် အလွယ်တကူ ဝယ်ယူနိုင်သည်။ ရန်ကုန် မြို့တော်၊ ရွှေတိဂုံစေတီတော်ခြေရင်းတွင်လည်း ဆင်းတုတော်များထုလုပ်သူနှင့် ရောင်းချနေမှုများကို ပေါများစွာတွေ့မြင်နိုင်သည်။

အများစုသည် ဆင်းတုထုလုပ်ခြင်းတွင် ကျင်လည်ကျွမ်းကျင်နေကြပြီး လွယ်ကူ စွာပင် ထုလုပ်နိုင်ကြသည်။ သို့သော် ကျမ်းဂန်လာလက္ခဏာတော်များကို လိုက်နာခြင်းထက် အရေအတွက်များများကို မြန်မြန်ပြီးစီးရေး ကိုသာ အဓိကထားနိုင်တော့ကြောင်း ရွှေတိဂုံစေတီအရှေ့ဘက်စောင်းတန်းတွင် သစ်သား ဆင်းတုတော်များကို ထုလုပ်သည့် အသက်၅၀အရွယ်အမျိုးသားတစ်ဦးက ဆိုသည်။

ခြောက်လက်မခန့်အမြင့်ရှိပြီး သပိတ်ကိုပိုက်လျက် ဆွမ်းခံကြွချီတော်မူသည့် ဘုရားဆင်းတုတော်တစ်ခု အတွက် အချိန်တစ်နာရီခန့်သာကြာမြင့်သည်။

သူထုလုပ်သည်က သစ်သားတုံးတစ်ခုမှ လိုအပ်သည့်အရွယ်ပမာဏကို ဖြတ်ထုတ်မည်၊ ပြီးလျှင် ဆောက်သွားတို့ဖြင့် တစ်တောက်တောက်ထုနှက်ကာ ပုံဖော်မည်။ မည်သည်က ဦးခေါင်း၊ မည်သည်က ခြေထောက်၊ မည်သည်က သပိတ်စသည်တို့ကို ခဲတံဖြင့်ပင် လျှာရန်မလို။ သည်အတိုင်းပင် အလွတ်ထုခြင်းဖြစ်သည်။

ဘုရားရှင်မှန်းသိသာစေရန် ဦးခေါင်း အလယ်ဆံထုံးနေရာတွင် မိုမောက်မည်၊ နားရွက်တော်ကို ပုခုံးအထိရှည်လျားမည်။ ပြီးလျှင် အချောသပ်ကာ မျက်လုံး၊ မျက်ခုံး နှင့်နှုတ်ခမ်းတော်များကို ဆေးချယ်မည်။ ထိုမျှလောက်သာ။

“လက္ခာဏာတော်တွေနဲ့အညီ ထုနေရင်ပန်းပုဆရာတွေ ထမင်းငတ်မယ်”ဟုသူကဆိုသည်။

ဘုရားဆင်းတုတော်များ ထုလုပ်ခြင်းနှင့် ပတ်သက်၍ စံသတ်မှတ်ချက်များ ၊ လိုက်နာရန်စည်းမျဉ်းစည်းကမ်းများ တရားဝင်သတ်မှတ်မထားပါ။ ထုလုပ်သည့် သူ၏စိတ်ခံစားမှုနှင့် ဗုဒ္ဓနှင့်ပတ်သက်၍ နားလည်သဘောပေါက်မှု များတွင်သာ မူတည်သည်။ သို့မဟုတ် ထုလုပ်ရန် စေခိုင်းသူ၏သဘောထားသာဖြစ်သည်။

ဘုရားဆင်းတုများထုလုပ်သည်ဖြစ်ဖြစ်၊ ပန်းချီရေးဆွဲသည်ဖြစ်ဖြစ် အဓိကလိုအပ်ချက်သည် ဘုရား၏ ဂုဏ်တော်ကို ပေါ်လွင်စေရန်ဖြစ်ကြောင်း မြန်မာနိုင်ငံ၊ ပန်းချီပန်းပုပညာရှင်များအသင်း၏ အတွင်း ရေးမှူးဖြစ်သူ ဦးထွန်းနိုင် (တြိဂံထွန်းနိုင်)ကဆိုသည်။

“သူက လောဘ၊ ဒေါသ၊ မောဟကင်းတယ်ဗျာ၊ အားလုံးကို သည်းခံခွင့် လွှတ်ပြီးတော့ သတ္တဝါတွေအပေါ်မှာ မေတ္တာထားတဲ့အရုပ်၊ အဓိကတော့ အဲဒါကိုအခြေခံရတယ်ပေါ့”ဟု၎င်းကဆိုသည်။

ရှေးအခါက ဆင်းတုတော်များထုလုပ်ရာတွင် ထုလုပ်သူသည် သီလဆောက် တည်ခြင်း၊ အဓိဋ္ဌာန်ဝင်ခြင်းစသည် တို့ပြုလုပ်သည်များရှိသော်လည်း ယခုအခါတွင် အလုပ်သဘောဆန်မှုသာ ပင်မဖြစ်သည်။ ဆင်းတုထုရင်း ညနေရောက်လျှင် အရက်သောက်မည့်အကြောင်း ပြောချင်ပြောမည်။

ဆင်းတုတော်များထုလုပ်ရာတွင် အခြေခံလိုက်နာသင့်သည့် စည်းကမ်းသတ်မှတ်ချက်များကို သံဃာတော်များ၊ အစိုးရဝန်ကြီးဌာနနှင့် ပညာရှင်များပါဝင်သည့် အဖွဲ့အစည်းများက တစ်ညီတစ်ညွတ်တည်း သတ်မှတ် ပြဋ္ဌာန်းနိုင်လျှင်မူ တစ်ကြောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း အမျိုးမျိုးကွဲပြားနေမှုများမှ ကာကွယ်နိုင်မည်ဟု တမ္ပ၀တီဦးဝင်းမောင်က ဆိုသည်။

ရှေးမြန်မာမင်းများလက်ထက်က ယင်းကဲ့သို့ ရှိခဲ့ဖူးသည်ဟု ဆိုသည်။ ဦးဝင်းမောင်၏မျိုးရိုးအစဉ်အဆက်သည် ရှေးမြန်မာမင်းများလက်ထက်ကတည်းက ကြေးသွန်းပညာရှင်များဖြစ်သည်။

“အရေးကြီးတာများသောအားဖြင့် သက်တော်၄၀လောက်မှာရှိတဲ့ ရုပ်ရည်ဟာ ပရိနိဗ္ဗာန်စံတဲ့ သက်တော် ၈၀လောက် အထိ ဒီရုပ်ရည်ဟာ မပြောင်းလဲဘူးလို့ တချို့အဋ္ဌကထာတွေက ပြောတဲ့အတွက် မြတ်စွာဘုရားကို သိပ်ပြီးတော့ ငယ်ငယ်လေးလိုထုလို့မရဘူး၊ အဘိုးကြီးလိုအိုပြီး တော့ထုလို့လည်း မရဘူး”ဟု၎င်းကဆိုသည်။

လတ်တလောတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ မည်သူကမျှ တင်ပြလာခြင်းမရှိသေးကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ဆိုသည်။

ဗုဒ္ဓလက်တော်များ၏ လက်အထားအသို၊ ဟန် (မုဒြာ)များနှင့် ပတ်သက်၍မူ လိုက်နာရန်အချက်များရှိသည်။ ဥပမာ- ဘုရားဖြစ်တော်မူပြီးစ ပဉ္စဝဂ္ဂီငါးဦးကိုတရားဦး ဟောကြားသည့် ပုံတော်ဆိုပါက လက်တော်များကို မည်ကဲ့သို့ထားရှိရမည်ဆိုသည်မျိုးဖြစ်သည်။

အနှစ်ချုပ်ရလျှင် ဗုဒ္ဓဆင်းတုတော်တစ်ဆူကို ထုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းအပေါ် မူတည်၍ လက်ရာ မျာကွဲပြားမည်၊ ထုလုပ်သူ၏ အတတ်ပညာ၊ အနုပညာအင်အားစိုက်ထုတ်နိုင်မှုအပေါ် မူတည်၍ လက်ရာကွဲပြားမည်ဖြစ်သည်။

ဗုဒ္ဓဘာသာတို့အလိုအရ ပူဇော်စရာ၊ ကိုးကွယ်ဝတ်ပြုစရာစေတီလေးမျိုးရှိပါသည်။ ဘုရားရှင်၏ ကြွင်းကျန် ရစ်သည့် ဓာတ်တော်များ(ဓာတုစေတီ)၊ ဘုရားရှင်၏ အဆုံးအမတရားတော်များ(ဓမ္မ စေတီ)၊ ဘုရားရှင်၏ အသုံးအဆောင်ပစ္စည်းများ (ပရိဘောဂစေတီ)နှင့် ဘုရားရှင်အမှတ်ဖြင့် ရည်စူးဖန်တီးထားသည့် ပစ္စည်းများ (ဥဒ္ဒိဿစေတီ)တို့ဖြစ်သည်။ ဆင်းတုတော်သည် ဥဒ္ဒိဿစေတီထဲတွင် ပါဝင်သည်။

ရှေးကဗောဓိညောင်ပင်၊ ကျောက်တုံးကျောက်ခဲစသည့် အထိမ်းအမှတ်တစ်ခုခု တို့ကိုလည်း ဘုရားရှင်အဖြစ် ရည်မှန်းကာ ပူဇော်ခဲ့ကြသည်။

ဆီလီကွန်ပုံတူရုပ်တုပညာရှင်ဖြစ်သူ ဦးအောင်ကျော်ထွန်းကမူ ဗုဒ္ဓကို လူသားတစ်ယောက်အဖြစ် ထုလုပ်ကာ ရည်မှန်းပူဇော်သည်။

ယင်းသည်ပင် ဗုဒ္ဓဟောကြားတော်မူသည့် ကာလာမသုတ်တော်လာ ကိုယ်အမှန်တကယ် ယုံကြည်ရာကိုသာ ဆောင်ရွက်ခြင်းဖြစ်သည်ဟုဆိုသည်။

ဆင်းတုတော်သည် မည်ကဲ့သို့ဖြစ်ရမည်ဟု အစဉ်အဆက်လက်ခံလာသူများနှင့် ဆင်းတုတော်ဆိုလျှင် မည်သို့သာဖြစ်သည်ဟု နှစ်ပေါင်းများစွာ စွဲမြဲမှတ်ယူလာသူများအတွက် လူနှင့်တူနေသည့် ဆင်းတုတော်ကို မြင်တွေ့ရသည့်အခါ အငြင်းပွားဖွယ်ရာဖြစ်ကြမည်မှာ ဓမ္မတာပင်ဖြစ်သည် ဟုဆိုသည်။

၎င်းသွန်းလုပ်သည့် လူအရွယ်အစားမျှရှိသော ဆီလီကွန်ဆင်းတုတော်တွင် မျက်နှာတော်ကို ချောမောလှပခြင်း ထက် တည်ကြည်ခန့်ညား၍ ကြည်ညိုဖွယ်ရာဖြစ်မှုကို အလေးပေးထားသည်။ လက်ချောင်းတော်များကို တစ်ညီတည်း ဖန်တီးမထား၊ မျက်ခုံးတော်ကိုလည်း လုံးလုံးလျားလျား ဂငယ်သဏ္ဌာန်အထိ ကွေးညွှတ် မထားပေ။

“သေချာတာကတော့ပုဂံခေတ်မှာ ပုဂံအနုပညာရှင်တွေရဲ့ပုဂံဟန်ဆိုတာရှိခဲ့ရမယ်၊ အင်းဝခေတ်မှာ အင်းဝအနု ပညာရှင်တွေရဲ့ အင်းဝဟန်ဆိုတာ ရှိခဲ့ရမယ်။ ရတနာပုံခေတ်မှာ ရတနာပုံခေတ်ရဲ့ အနုပညာရှင်တွေရဲ့ အနုပညာဟန်ရှိသလို တရုတ်လည်း တရုတ်၊ ဂျပန်လည်း ဂျပန် ရှိရမယ်” ဟု၎င်းကဆိုသည်။

ပြီးတော့ယခုလိုဆိုသည်။

“ကျွန်တော့်ဆီလီကွန်ခေတ်မှာဆီလီကွန်ဟန်ရှိခဲ့ရမယ်။ဒါပါပဲ”

အောင်မျိုးထက်

 

 

 

 

 

 

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *