မြန်မာ့ဒီမိုကရေစီ ဘယ်အဆင့် ရောက်ပြီလဲ

 

 

အလွန်ဖြေရခက်သည့် မေးခွန်းဖြစ်သည်။ ပညာရှင်များအကြားပင် သဘောတူညီချက်မရနိုင်သည့် မေးခွန်းဖြစ်ရာ    မြန်မာကဲ့သို့         နိုင်ငံရေးခံယူချက်များ အကဲဆတ်လှသည့်နိုင်ငံတွင် ထိုမေးခွန်းကိုဖြေခြင်း ကိုယ်တိုင်က နိုင်ငံရေးအရ အကဲဆတ်သည်။

ဒီမိုကရေစီကို တိုင်းတာသည့်ပေတံမျိုးစုံရှိသော်လည်း အားလုံးထည့်ရေးနေလျှင် ကျမ်းစာအုပ်တစ်အုပ်ပင် လောက်ချင်မှလောက်မည့်အတွက် အလွယ်မြင်နိုင်သည့် ပေတံအချို့နှင့် တိုင်းတာကြည့်ပါမည်။

 

အခြေခံဥပဒေ

အခြေခံဥပဒေရှိရမည်။ အခြေခံဥပဒေရှိရုံမျှဖြင့် ဒီမိုကရေစီဖြစ် သွားရောလား မဟုတ်ပါ။ သို့သော် ဘုရင်များခေတ်က ‘တရေးနိုးသော် အကြံပေါ်’ ပြီး တိုင်းပြည်မူဝါဒချမှတ်ခဲ့သည်များ၊ သူ ကြိုက်လျှင် ပြီးစတမ်း မူဝါဒချမှတ်ခဲ့သည်များသည် အခြေခံဥပဒေရှိလာသည့်အခါ နိုင်ငံသည် ဒီမိုကရေစီပိုဆန်လာခဲ့သည်။ မြန်မာနိုင်ငံကိုကြည့်လျှင် လွတ်လပ်ပြီးခေတ် တွင် အခြေခံဥပဒေမရှိသည့်နှစ်များသည် ရှည်လျားလှသည်။ ၁၉၆၂- ၁၉၇၄၊ ၁၉၈၈-၂၀၁၁ ၃၄ နှစ်လောက် အခြေခံဥပဒေဖြင့် အုပ်ချုပ်ရေး ကင်းဝေးသည်။

အခြေခံဥပဒေများ၏ ဒီမိုကရေစီစံနှုန်း၊ လူအများလက်ခံနိုင်သည့် စံနှုန်းတို့ကို မေးခွန်းထုတ်စရာ (ဥပမာ – ၁၉၇၄အခြေခံဥပဒေသည် တစ်ပါတီစနစ်ကိုသွားသည့် အခြေခံဥပဒေဖြစ်ခြင်း၊ ၂၀၀၈ အခြေခံဥပဒေ တွင် ရေးဆွဲသူ Who ၏ တရားဝင်မှုကိုမေးခွန်းထုတ်ကြခြင်း၊ ၂၅ ရာခိုင်နှုန်းကိစ္စ) ရှိသော်လည်း အခြေခံဥပဒေနှင့်အုပ်ချုပ်ခြင်းသည် အခြေခံဥပဒေမဲ့ လက်တန်းအုပ်ချုပ်ခြင်းထက် ဒီမိုကရေစီဆန်သည်။

 

ရွေးကောက်ပွဲ

 

ရွေးကောက်ပွဲရှိသော နိုင်ငံတိုင်းဒီမိုကရေစီနိုင်ငံ ဖြစ်ချင်မှဖြစ်မည်။ သို့သော် ဒီမိုကရေစီနိုင်ငံတိုင်းတွင် ရွေးကောက်ပွဲရှိသည်။ ရွေးကောက်ပွဲ များသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်လျှင် တက်လာသောအစိုးရသည် ဒီမိုကရေစီအစိုးရဖြစ်သည်ဟု ယေဘုယျပြော နိုင်သည်။ ‘လွတ်လပ်၍တရားမျှတသောရွေးကောက်ပွဲ’ ၏ စံနှုန်းများ များပြားနိုင်သော်လည်း ရွေးကောက်ပွဲ တာဝန်ယူကျင်းပသော အစိုးရ နှင့် မနီးစပ်သည့် ပါတီကအနိုင်ရသော ရွေးကောက်ပွဲသည် လွတ်လပ် တရားမျှတခြင်းမရှိဟု ပြောရန်အလွန်ခက်ခဲမည်။ ၂၀၁၅ ရွေးကောက်ပွဲ တွင် ဦးသိန်းစိန်အစိုးရက ရွေးကောက်ပွဲကျင်းပပေးပြီး ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်သည့်ပါတီက အနိုင်ရသွားရာ ‘လွတ်လပ်ပြီးတရားမျှ တသည့်’ ရွေးကောက်ပွဲဖြစ်သည်။

နောက်တစ်ချက်။ ဒီမိုကရေစီနိုင်ငံဆိုသည်မှာအစိုးရသည် ရွေးကောက်ပွဲ အနိုင်ရကာတက်လာပြီး ရွေးကောက်ပွဲရှုံးလျှင်လည်း အစိုးရသည် အသာတကြည်ဆင်းသွားသည့်နိုင်ငံဟုလည်းပြောကြသည်။ ရွေးကောက်ပွဲအပြီး၂၀၁၆ တွင် ယခင်အစိုးရဆင်းသွားပြီး ယခု အစိုးရတက်လာခြင်းနှင့် ချိန်ထိုးနိုင်သည်။

 

လွတ်လပ်ခွင့်

ဒီမိုကရေစီသည် လွတ်လပ်ခြင်းနှင့်လည်းဆိုင်သည်။ အချို့က ဆိုလျှင် ဒီမိုကရေစီဆိုသည်မှာ လွတ်လပ်ခြင်းဟုပင် ဆိုကြသည်။ မည်သို့ဆိုစေ ဒီမိုကရေစီမှန်လျှင် လွတ်လပ်ခွင့် Right to Freedom မြင့်မားကြသည်။ အာဏာရှင်စနစ်တွင် လွတ်လပ်ခွင့် အားနည်းကြသည်။

လွတ်လပ်ခွင့်ဆိုသည်မှာ ကြိုက်သလိုလုပ်ခွင့်ရခြင်းဟု အချို့က အဓိပ္ပာယ်ကောက်ကြသည်။ အမှန်မှာ ကိုယ့်အခွင့်အရေးကို ကိုယ်ကြိုက်သလို ခံစားခွင့်ရသော်လည်း အခြားသူ၏အခွင့်အရေးကို ကျော်လွန်စော်ကား မရပါ။ ကိုယ့်အခွင့်အရေးသည် သူတစ်ပါးအခွင့်အရေးနှင့် ထိသည့်အခါ ရပ်သွားသည်။ ကိုယ့်လက်ကို ကြိုက်သလိုဝှေ့ရမ်းနိုင်သော်လည်း သူတစ်ပါးမျက်နှာကို သွားထိမရပါ။ ကိုယ်ကြိုက်သည့်သီချင်းကို ဖွင့်နား ထောင်နိုင်သော်လည်း အိမ်တွင်နေမကောင်း၍ အိပ်နေသည့် အဘွား လန့်မနိုးစေရပါ။ ကိုယ်ကြိုက်တာပြောခွင့်ရှိသော်လည်း အိမ်နီးချင်းအိမ်ရှေ့ သွားဆဲမရ။

လွတ်လပ်ခြင်းတွင် လွတ်လပ်ခြင်းများစွာရှိသော်လည်း Freedom of expression ခေါ် လွတ်လပ်စွာရေးသားပြောဆိုခွင့် ဆန္ဒထုတ်ဖော်ခွင့် သည် ဒီမိုကရေစီတွင် အရေးကြီးသည်။ စင်စစ် ယင်းသည် ဒီမိုကရေစီ နှင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ နိုင်ငံတစ်နိုင်ငံ ချောမွေ့စွာလည်ပတ် ရေးအတွက်လည်း အရေးကြီးသည်။ လွတ်လပ်စွာရေးသားပြောဆိုနိုင်မှ အတွေးအမြင်များ၊ အသိပညာများစီးဆင်းပြီး ဆုံးဖြတ်ချက်များ မှန်မှန် ကန်ကန်ချနိုင်မည်။ အာဏာကို အလွဲသုံးသည်များရှိလျှင်၊ အာဏာရှိသူ များ စွမ်းဆောင်ရည်မကောင်းလျှင် လူအများသိရှိပြီး၊ အကြီးအကဲများ သိရှိပြီး ဖြေရှင်းနိုင်မည်။

 

 

 

Freedom of Thought လွတ်လပ်စွာ တွေးခေါ်ခွင့်သည်လည်း Freedom of expression နှင့်ဆက်စပ်နေသည်။ စင်ကာပူနိုင်ငံသည် ဒီမိုကရေစီစံနှုန်းအချို့နှင့် ကိုက်ညီချင်မှ ညီမည်ဖြစ်သော်လည်း ယင်း၏ တက္ကသိုလ်များတွင် လွတ်လပ်စွာစဉ်းစားသင်ကြားနိုင်ရန် အားပေးထား သည်မှာ Freedom of Thought အရေးကြီးပုံကို သဘောပေါက်သော ကြောင့်။ လွတ်လပ်စွာမတွေးခေါ်နိုင်လျှင် လွတ်လပ်စွာပညာရှိမည်မဟုတ်။ ဒီမိုကရေစီသည် အများဆန္ဒဖြင့်အုပ်ချုပ်သည်ဖြစ်ရာ နိုင်ငံ့ပညာရေး အားနည်းလျှင် လူအများသည် ပညာမဲ့ကြမည်။ ပညာမဲ့အများ၏ ဆန္ဒ ဖြင့်အုပ်ချုပ်သောနိုင်ငံသည် ၁၀၀ ရာခိုင်နှုန်း ဒီမိုကရေစီဖြစ်ချင်ဖြစ်မည်၊ အခြားနိုင်ငံများ၏ နောက်တွင်သာနေရမည်။

သတင်းမီဒီယာအားကောင်းခြင်း၊ ပညာရေးကောင်းမွန်ခြင်း တို့သည် Freedom of Thought နှင့် Freedom of expression တို့အတွက် ရေခံမြေခံကောင်းဖြစ်သည်။ မြန်မာသတင်းမီဒီယာတို့သည် တစ်ခေတ်ဆန်း မွေးဖွားလာရခြင်း၊ နိုင်ငံ့ပညာရေးစနစ် ယိုယွင်းခဲ့ခြင်းတို့ ကြောင့် Freedom of expression နှင့် Freedom of Thought တို့သည် ရုန်းကန်နေရသေးသည်။

အာဏာခွဲဝေမှု

တစ်ဦးတစ်ယောက်တည်း သို့မဟုတ် အစုအဖွဲ့ငယ်ငယ်လေးက နိုင်ငံ့အာဏာကို ချုပ်ကိုင်ထားခြင်းမဟုတ်ဘဲအာဏာကို Democratic Institutions များအကြား ခွဲဝေကျင့်သုံးခြင်း၊ အပြန်အလှန်ထိန်းညှိခြင်းသည် ဒီမိုကရေစီကျင့်စဉ်နှင့် လမ်းကြောင်းဖြစ်သည်။ ဒီမိုကရေစီ၏ ဖွားဘက်တော်သဖွယ်ဖြစ်သည့် ‘လွတ်လပ်ခွင့်’ ကို အာမခံနိုင်ရန် အာဏာခွဲဝေမှု အားကောင်းရသည်။ အာဏာခွဲဝေမှုအားမကောင်းလျှင် အာဏာကို အလွဲသုံးမှုများ မလွဲမသွေပေါ်ပေါက်ကာ အာဏာရှင်စနစ်သို့ ပြန်သွားတတ်သည်။ အာဏာရှင်စနစ်သို့ ပေါ်ပေါ်တင်တင် ပြန်မသွားလျှင် ပင် ဒီမိုကရေစီစနစ်တွင်းမှ အာဏာရှင်ဆန်လာတတ်သည်။ ထိုသို့ အာဏာခွဲဝေမှုမှန်ကန်ရေးသည် အခြေခံဥပဒေနှင့်ဆိုင်သလို နိုင်ငံ၏ အစဉ်အလာ၊ ယဉ်ကျေးမှု၊ စိတ်အခံ၊ ယခင်နှင့် လက်ရှိအခြေအနေတို့ပေါ် တည်မှီသည်။

ယခင်က ဘုရင်ကသာ အာဏာကို ချုပ်ကိုင်ထားရာမှ အုပ်ချုပ်ရေး မဏ္ဍိုင် အစိုးရ၊ ဥပဒေပြုမဏ္ဍိုင် လွှတ်တော်၊ တရားစီရင်ရေးမဏ္ဍိုင် ဟု ခွဲဝေကျင့်သုံးခြင်းသည် ဥပမာတစ်ရပ်ဖြစ်သည်။ အထက်ပါကဲ့သို့ အာဏာကို အလျားလိုက်ခွဲဝေကျင့်သုံးသလို ပြည်ထောင်စုစနစ်တွင်မူ ဒေသအဆင့်၊ ပြည်နယ်^တိုင်းအဆင့်၊ တစ်နိုင်ငံလုံးအဆင့်စသည်ဖြင့် ဒေါင်လိုက်လည်း ခွဲဝေကျင့်သုံးတတ်ကြသည်။ အနှစ်သာရမှာ အာဏာ ခွဲဝေခြင်း၊ အပြန်အလှန်ထိန်းညှိခြင်း။ လက်ရှိအခြေခံဥပဒေအရအာဏာကို မဏ္ဍိုင်ကြီးသုံးရပ် ခွဲဝေကျင့်သုံးပြီးအပြန်အလှန်ထိန်းညှိမှုများ ပြုလုပ် နေပြီဖြစ်သော်လည်း အပြည့်အဝလည်ပတ်ရန် အချိန်ယူနေရသေးသည်။ လက်ရှိအခြေခံဥပဒေအရ ပေးထားသော ဒေါင်လိုက်အာဏာခွဲဝေကျင့် သုံးမှုများကိုလည်း အပြည့်အဝကျင့်သုံးရန် အားယူနေရသည်။

နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီကိုခပ်မြန်မြန်အကဲဖြတ်လိုလျှင် လွှတ်တော် ကို ကြည့်ကြသည်။ လွှတ်တော်သည် အစိုးရကိုအပြန်အလှန် ထိန်းညှိ သည်။ ပဒေသရာဇ်ခေတ်က ယနေ့ကဲ့သို့ လွှတ်တော်မျိုးမရှိ။ တစ်ပါတီစနစ် နိုင်ငံများတွင် လွှတ်တော်သည် အမည်ခံသာဖြစ်သည်။
မြန်မာ့လွှတ်တော်သည် သက်တမ်းနုနယ်သေးသည်။ သက်တမ်း နှင့်ယှဉ်လျှင် ယခင်အစိုးရလက်ထက်က အသံကျယ်သေးသော်လည်း ယနေ့အခါတွင်မူ တိတ်ဆိတ်သည့်အတွက် လွှတ်တော်၏ အပြန်အလှန် ထိန်းညှိခြင်းကဏ္ဍလျော့သွားသည်။ လောလောဆယ်တွင် အစိုးရကို ထိန်းညှိခြင်းကို အာဏာရပါတီကသာ အဓိကလုပ်ဆောင်နေပုံရသည်။

တရားစီရင်ရေးမဏ္ဍိုင်သည် တရားဥပဒေစိုးမိုးရေးအတွက် အရေး ကြီးရုံသာမက ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်တို့ကိုလည်း ထိန်းညှိ ရသည်။ မြန်မာပြည်၏ တရားစီရင်ရေးမဏ္ဍိုင်သည် ကိုလိုနီခေတ်မှစတင်ပြီး အားနည်းချက်များစွာရှိခဲ့ပြီးအာဏာရှင်စနစ်အောက်တွင်လည်း နှစ်လေး ငါးဆယ်နေခဲ့ရရာလွတ်လပ်စွာရပ်တည်နိုင်ရန် များစွာ ကြိုးစားနေရသည်။ ယင်းမဏ္ဍိုင်တောင့်တင်းမှသာ မြန်မာ့ဒီမိုကရေစီတောင့်တင်းခိုင်မာ မည်ဖြစ်သည်။

 

စီးပွားရေး

ဒီမိုကရေစီနိုင်ငံဖြစ်ရန် ချမ်းသာဖို့မလို၊ ချမ်းသာတိုင်းဒီမိုကရေစီ ဖြစ်ချင်မှဖြစ်သော်လည်း စီးပွားရေးကောင်းလျှင် ဒီမိုကရေစီနိုင်ငံအဖြစ် ရေရှည်ခံသည်။ တစ်ဦးချင်းဝင်ငွေ တစ်နှစ်လျှင် ဒေါ်လာ ၆၀၀၀ ရှိလျှင် ဒီမိုကရေစီတည်တံ့သည်ဟုဆိုကြသည်။ မြန်မာ့တစ်ဦးချင်းဝင်ငွေကို ယခုတစ်လောမကြည့်မိသော်လည်း ၆၀၀၀ အမှတ်နှင့်မူ တော်တော်ကြီး ကွာနေပါလိမ့်မည်။ စီးပွားရေးသည် ‘လွတ်လပ်ခွင့်’ နှင့်လည်းဆက်စပ်သည်။ နိုင်ငံသားတိုင်းစီးပွားရေးတွင် တန်းတူညီမျှ လွတ်လပ်ခွင့်ရှိမှသာ စီးပွားရေးလုပ်ချင်ကိုင်ချင်စိတ် ဖြစ်ပေါ်လာမည်။ ‘လွတ်လပ်စွာရေးသား ပြောဆိုခွင့်’ ရှိမှသာ သတင်းအချက်အလက်များ၊ အတွေးအမြင်များကို လူအများရယူနိုင်ပြီး စီးပွားရေးအရ မှန်ကန်သောဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်။

မြန်မာ့ဒီမိုကရေစီအဆင့်အကြောင်း လွန်ခဲ့သောဆယ်နှစ်ခန့်က ဆိုလျှင် ရေးရန်ဝေးစွ၊ ရေးဖို့ စဉ်းပင်စဉ်းစားဝံ့မည်မဟုတ်ပါ။ ထိုအချိန်ကနှင့်ဆိုလျှင် မြန်မာပြည်သည် ခရီးပေါက်သင့်သလောက် ပေါက်ခဲ့ပါပြီ။ သို့သော် ဆက်လျှောက်ရန်လည်း ခရီးများစွာကျန်ပါသေးသည်။အထူးသဖြင့် ဒီမိုကရေစီခရီးလမ်းသည် အတက်အကျ တောင်ဆင်း တောင်တက် ရှိသည့်အတွက် သတိထားပြီးဇွဲနှင့် လျှောက်လှမ်းရမည်သာ။

မြန်မာ့ဒီမိုကရေစီ ဘယ်လမ်း ဘယ်ခရီးရောက်နေပြီလဲ။

 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *