“အစီးလိုက်သွင်းလာတာမျိုးဆို မဖြစ်ဘူး”

မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနာယကနှင့် တွေ့ဆုံခြင်း

နိုင်လင်းအောင်

မြန်မာနိုင်ငံတွင် ဘတ်စ်ကားထုတ်လုပ်ရန် MTC ( Myanmar Trade Center) ကုမ္ပဏီနှင့် Daewoo Bus Corporation စင်ကာပူအခြေစိုက် SC Auto ဘတ်စ်ကားထုတ်လုပ်ရေးကုမ္ပဏီတို့က ပြင်ဆင်နေသည့်အပေါ် အမှတ် (၂) စက်မှုဝန်ကြီးဌာနတွင်၂၀၀၀ ပြည့်နှစ်မှ ၂၀၁၁ ခုနှစ်အထိ ဒုတိယဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ လက်ရှိ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်း၏ နာယက၊ Technician Division (Automobile) ဥက္ကဋ္ဌ ဦးခင်မောင်ကျော်နှင့် တွေ့ဆုံမေးမြန်းထားပါသည်။

The Voice – ပြည်တွင်းမှာ ဘတ်စ်ကားတွေထုတ်ဖို့ ဆိုပြီးတော့MTC (Myanmar Trade Center ကုမ္ပဏီ) နဲ့ ဒေဝူးဘတ်စ်ကော်ပိုရေးရှင်း၊ စင်ကာပူက SC Auto ကုမ္ပဏီနှစ်ခုက ပြင်ဆင်နေတဲ့အပေါ် ဘယ်လိုမြင်ပါ သလဲ။

UKMK – (MTC နှင့် ဒေဝူးကုမ္ပဏီက) စက်မှုဝန်ကြီးဌာနမြေပေါ့။ အရင်ကလည်း ဂျပန်နဲ့ ဘတ်စ်ကား တွေ ထုတ်ခဲ့ဖူးတဲ့နေရာပါပဲ။ ဒီနေရာထုတ်မယ်ဆိုရင်ခေတ်နဲ့အညီ Equipment (ပစ္စည်းကိရိယာ) တွေ ထည့်ဖို့လိုတယ်။ မော်တော်ကားနဲ့ ပတ်သက်လို့ ဒီမှာကတင်သွင်း၊ ထုတ်လုပ်တာ၊ ရောင်းချတာ လုပ်ကြတယ်။ များသောအားဖြင့်က တင်သွင်းတာက များတယ်။ ထုတ်လုပ်တယ်ဆိုတာ သိပ်မရှိဘူး။ ထုတ်လုပ်တဲ့အပိုင်း မှာဆို အသင်းအဖွဲ့တွေက ပေါ်လစီခိုင်ခိုင်မာမာ လိုချင်ကြတယ်။ ဒါကြောင့်မို့လို့လည်း အန်ကယ်တို့ အင်ဂျင်နီယာအသင်းနဲ့ UMFCCI တို့ပေါင်းပြီး Automobile Policy (မော်တော်ယာဉ်မူဝါဒ)ကို ပေါင်းဆွဲ ကြတယ်။ အန်ကယ်တို့ ဆွဲတုန်းက ငါးလလောက် ဆွဲလိုက်ရတယ်။ ၂၀၁၅မေလ လောက်က စက်တင်ဘာလ လောက်မှာ ပြီးတယ်။ ဒီပေါ်လစီဆွဲတဲ့နေရာမှာ ဂျပန်ကလည်း အကြံဉာဏ်တွေပေးတယ်။ သူတို့နိုင်ငံက အခြေအနေတွေ။ အထူးသဖြင့် အာဆီယံနိုင်ငံတွေက မော်တော်ယာဉ်နဲ့ ပတ်သက်လို့ ဘယ်လိုလုပ်နေတယ်။ ဘယ်နိုင်ငံက တက်လာတာ (မော်တော်ယာဉ်ထုတ်လုပ်မှု) တွေအကြံပေးတယ်။မော်တော်ယာဉ်နဲ့ ပတ်သက်လို့ ပြောမယ်ဆိုရင် အာဆီယံမှာ ယိုးဒယားတက် (တိုးတက်) လာတယ်။ နံပါတ်နှစ်က မလေးရှား။ တတိယ ကတော့ အင်ဒိုနီးရှားလည်း တက်တယ်။ အန်ကယ်တို့လည်း ဖတ်လိုက်ရတယ်။ စင်ကာပူက (မြန်မာနိုင်ငံမှာ) ဘတ်စ်ကားထုတ်မယ် ဆိုတော့။ စင်ကာပူက ဘာဝင်လုပ်မှာလဲပေါ့။ စင်ကာပူမှာ ဒီ Industry ကသိပ်မှ မကြီးတာ။ သူတို့က တခြားက ပစ္စည်းတွေယူပြီးမှ Invest လုပ်ပြီး ကောက်လုပ်မလားမသိဘူး။ သူ့ Interest ကိုတော့မသိဘူး။ ဂျပန်၊ ကိုးရီယားကလုပ်တယ်ဆိုရင် တရုတ်ကလုပ်တယ် ဆိုရင်လည်း မဆိုးဘူး။ သူတို့က တကယ်ထုတ်နေကြတယ်။ သူတို့မှာ Component (ကားပစ္စည်း အစိတ်အပိုင်း)ထုတ်တဲ့ Industry လည်းရှိတယ်။ ကားဆိုတာ အမျိုးမျိုးရှိတယ်။ ဘတ်စ်ကားရှိတယ်။ Truck (ကုန်တင်ယာဉ်) ရှိတယ်။ Commercial (စီးပွားဖြစ်အုပ်စု) တွေပေါ့။ အိမ်စီးတွေ ရှိတယ်။ ဘတ်စ်ကားက Commercial ထဲမှာပါတယ်။ ဒါတွေထုတ်မယ်ဆိုရင် နံပါတ်တစ်က အန်ကယ်သဘောပေါက်တာက ပေါ်လစီဆိုတာလိုတယ်။ ပေါ်လစီမရှိဘဲ နဲ့ လာရင်းနှီးမြှုပ်နှံတဲ့သူက ခဏကောင်းရင် ကောင်းမယ်။ ပေါ်လစီပြောင်းလိုက်ရင် သူ့အတွက် Cover လုပ်ပေးထားတာမရှိရင် မသေချာဘူး။ ဆက်သွားဖို့ ကိစ္စပေါ့။ ဘတ်စ်ကားက Demand (လိုအပ်ချက်) ရှိတယ်။ ပြည်သူလူထုအတွက်က တစ်ပိုင်းပေါ့။ အစိုးရဌာနတွေ အများကြီးရှိတယ်။ ဖယ်ရီကားတွေဆိုရင် ဌာနတွေမှာ Truck ကားတွေနဲ့ ရုံးတက်ရုံးဆင်း လုပ်သွားနေရတယ်။ တကယ်ဆိုရင် ဘတ်စ်ကားတွေ စီးသင့်တယ်။ Demand ရှိတယ်။ ထုတ်လုပ်မှုလုပ်သင့်တယ်။ ဒါပေမဲ့ဒီလုပ်ငန်းတွေကို သင့်တင့်တဲ့ ကာလတစ်ခုအထိ Production လုပ်နိုင်အောင် အချိန်ပေးဖို့တော့ လိုမယ်လို့ထင်တယ်။ ထုတ်လုပ်မှုကို ကြိုဆိုရမှာပါ။

The Voice – အရင်ကလည်း ဘတ်စ်ကားတွေ ထုတ်ခဲ့ဖူးတယ်။ ဘာကြောင့် ရေရှည်မအောင်မြင်လဲ။ လက်ရှိ ထုတ်မယ့်သူတွေကရော ဘာတွေသင်ခန်းစာယူနိုင်မလဲ။

UKMK – ၂၀၁၅တုန်းက ပုဂ္ဂလိကထုတ်တာတွေ ရှိတယ်။တော်တော်လေးကို ရင်းနှီးမြှုပ်နှံခဲ့တယ်။ Electro Deposition ဆိုတာက အမေရိကန်ဒေါ်လာသန်းချီတယ်။ ၂နှစ်လောက် Run (လည်ပတ်) လာပြီးတဲ့ နောက်ပိုင်းမှာတော့ ကားအဟောင်းသွင်းတာတွေ Tax နည်းနည်းနဲ့ခွင့်ပြုလာတော့ သူမယှဉ် နိုင်ဘူး။ သူရောင်းတဲ့ဈေးက သွင်းလာတဲ့ကားတွေ ဈေးယှဉ်ပြီး မရောင်းနိုင်ဘူး။ Market Prices (ဈေးနှုန်း)ကြောင့် ဖြစ်သွားတာပေါ့။

The Voice – စက်မှု ၂ ကလည်း ဘတ်စ်ကားထုတ်ခဲ့ဖူးတယ်။ ဘာကြောင့်ရပ်သွားတာလဲ။

UKMK – ၁၉၇၀ပြည့်နှစ်လောက်က ထုတ်တယ်။ အဲ့ဒီတုန်းက ဆိုရှယ်လစ်နိုင်ငံပေါ့။ အဲ့တုန်းကအရည် အသွေး ကောင်းတယ်။ ဂျပန် Standard (စံချိန်စံညွှန်း)နဲ့ ထုတ်တာကို။ မာစတာဂျစ်တို့၊ ဟီးနိုးတို့ ဆိုရင် တစ်စီးလုံးရဲ့ ၈၀ရာခိုင်နှုန်းကို မြန်မာနိုင်ငံမှာ ထုတ်တာ။ ဂျပန်စက်တွေနဲ့။ ကုမ္ပဏီကလည်း ဂျပန်နဲ့။ ထွက်လာတဲ့ ကားကလည်း ဂျပန် Quality ပဲ။ အောင်မြင်တယ်။ ကားတွေလည်း အများကြီးသုံးခဲ့တယ်။ သုံးတဲ့သူလည်း ကျေနပ်တယ်။ အဲ့ဒီအချိန်တုန်းကလုပ်တဲ့အခါမှာ တခြားပတ်ဝန်းကျင်နိုင်ငံတွေက မလုပ် သေးဘူး။ ယိုးဒယားလည်း မလုပ်သေးဘူး။ အိန္ဒိယထက်တောင် ဒီကစောတယ်။ ရပ်သွားတာက ၈၈ခုနှစ် အရေးအခင်းကြောင့်မို့လို့။ တိုင်းပြည်က နိုင်ငံရေးအရပျက်သွားတယ်။ အဲ့ဒီနောက် ဂျပန်ကလည်း ပြန်မလာတော့ဘူး။ အဲ့ဒီအရှိန်လေးသာရခဲ့မယ်ဆိုရင် နိုင်ငံက ရှေ့ရောက်နေပြီ။ လက်ရှိတော့ ကိစ္စမရှိဘူး။ ပြန်စတော့မယ်ဆိုတော့။

The Voice – ဘတ်စ်ကားက Demand ရှိတယ်လို့ ပြောတယ်။ အများပြည်သူသယ်ယူ ပို့ဆောင်ရေးကဏ္ဍမှာ ဘတ်စ်ကားလိုအပ်ချက်က ဘယ်လောက်အထိ ရှိလဲ

UKMK – အပြတ်တော့ မပြောနိုင်ဘူး။ Research Paper (သုတေသနစာတမ်း)တွေမှာ ရှိတယ်။ စီးပွားရေး တိုးတက်မှုနှုန်းနဲ့လည်း ဆက်စပ်တယ်။ ဒီအပေါ်မှာ အခြေခံပြီး တွက်ချက်ကြတယ်။ လိုတာတော့ လိုနေဦးမယ်။

The Voice – ရန်ကုန်မှာ ဘတ်စ်ကားအစီးရေ သုံးသောင်းနီးပါးလောက် ရှိတယ်လို့ပြောတယ်။ ဘတ်စ်ကား တွေ ထပ်လိုမယ်လို့ထင်လား။

UKMK – လိုနေဦးမှာပါပဲ။ရန်ကုန်မှာလိုသလို နယ်တွေမှာလည်း ဘတ်စ်ကားလိုမှာပါပဲ။
The Voice – ကျွန်တော်တို့က ဘတ်စ်ကားဆိုရင် ပြည်ပက ဝယ်ပြီးတော့ပဲ သုံးနေကြတယ်။ ပြည်တွင်းမှာ ထုတ်လုပ်မှုတွေလုပ်လာပြီဆိုရင် ဒီဝယ်သုံးရတဲ့ အနေအထားကိုရော လျှော့ချနိုင်မလား။ ဘယ်လိုမြင်ပါသလဲ။
UKMK – ဒီမှာဆင်လိုက်တယ်။ ကားတွေထွက်လာပြီ။ သူရဲ့Cost (ကုန်ကျစရိတ်)ရှိတယ်။ Transport (သယ်ယူပို့ဆောင်) စရိတ်ရှိတယ်။ Logistics Cost (သယ်ယူပို့ဆောင်ထောက်ပံ့ရေး ကုန်ကျစရိတ်)လို့ ခေါ်တာပေါ့။ ပစ္စည်းတွေချတာ၊ သယ်တာ၊ ထုပ်ပိုးတာတွေရှိတယ်။ Factory ရဲ့ Cost ကတော့ အလုပ်သမား စရိတ်သိပ်မများလောက်ဘူး။ သယ်ယူပို့ဆောင်ရေးစရိတ်တွေရှိတယ်။ Assembly (ပစ္စည်းတပ်ဆင်တာ)က ကားတစ်စီးကို အဆင့်၁၁ဆင့်လောက် ဆင်ရတယ်ဆိုပါတော့။ ဒီမှာစနစ်တကျလုပ်နိုင်အောင်၊ အရည်အသွေးမီ အောင်လုပ်ရတာတွေက တန်ဖိုးရှိတယ်။ နောက်ပြီး စမ်းသပ်ရတယ်။ ဒါတွေက ကုန်ကျစရိတ်တွေပဲ။ ဒါတွေ ပေါင်းလိုက်မယ်။ သူက တစ်နှစ်ကို အစီးရေ ဘယ်လောက်ထုတ်မလဲ။ တစ်နှစ်ကို အစီးရေတစ်ထောင်ထုတ်ရင် တစ်စီးချင်းပေါ်မှာ စောစောက အရင်းအနှီးတွေနဲ့ ရာခိုင်နှုန်းတွက်ချက်ပြီး Market Prices ဖြစ်လာတယ်။ ဈေးကွက်ဆိုတာက တစ်ပြိုင်တည်း တစ်ချိန်တည်း အများကြီးထုတ်ဖို့က မသေချာဘူး။ အဲဒီတော့ပျိုးပင်လေးနဲ့ တူတယ်။ စထုတ်တဲ့အချိန်မှာ သူ့ကို အများကြီး မျှော်မှန်းလို့မရဘူး။ သူ့ကို သုံးနှစ် လေးနှစ်ငါးနှစ် အချိန်ပေးရမယ်။ အများကြီးထုတ်မယ်ဆိုလည်း ဈေးကွက်က ပြောလို့မရဘူး။

The Voice – ကနဦး စထုတ်မယ်ဆိုရင် ဘယ်လိုပုံစံ ထုတ်လုပ်မှုက အဆင်ပြေမလဲ။

UKMK – ထုတ်တယ်ဆိုတာက Assembly (တပ်ဆင်ထုတ်လုပ်ခြင်း) လိုင်းပါပဲ။ SKD (Semi Knock Down) နဲ့ CKD(Complete Knock Down) ပါပဲ။ SKD ပဲစရမှာပေါ့။ SKD အဓိပ္ပာယ်ကိုလည်း စက်မှုဝန်ကြီး ဝန်ကြီးဌာနက ပြဋ္ဌာန်းထားတယ်။ ဒီအတိုင်းလုပ်ရမယ်။ဘတ်စ်ကားကဘော်ဒီ တည်ဆောက်တာတွေ ဒီမှာ လုပ်မယ်ဆိုရင် ဒီမှာအလုပ်လည်းရမယ်။ ပထမတော့ ဒီမှာဆင်တဲ့ အဆင့်ပဲရှိမှာပဲ။ ထုတ်တယ်ဆိုတာက Assembly လုပ်တဲ့ သဘောပဲ။ အထဲက အင်ဂျင်တို့၊ ဂီယာဘောက်တို့၊ မီးလုံးတို့ အကြမ်းဖျင်းကားတစ်စီးမှာ အစိတ်အပိုင်းပေါင်း သုံးသောင်းကျော်လောက်ရှိတယ်။ အုပ်စုနဲ့တွက်ရင် ကိုးခုလောက်ရှိတယ်။ ကာအစီးရေ တစ်သိန်းလောက်ထုတ်မှ တပ်ဆင်တဲ့ ပစ္စည်းအစိတ်အပိုင်းထုတ်တဲ့ စက်ရုံတွေက လာကြတာ။ ငါးထောင်၊ တစ်သောင်း လောက်ပဲထုတ်မယ်ဆိုရင် ဆင်တဲ့စက်ရုံပဲဖြစ်မယ်။ အဲ့ဒီထဲက အစိတ်အပိုင်းထုတ်တဲ့ စက်ရုံ တွေတော့ ဒီမှာလာဖို့ မဖြစ်နိုင်သေးဘူး။ မဖြစ်နိုင်တာက စီးပွားရေးမကိုက်လို့။

The Voice – ကားထုတ်လုပ်တာနဲ့ပတ်သက်ပြီး တပ်ဆင်ထုတ်လုပ်တဲ့ SKDပဲ လုပ်မယ်ဆိုရင် နည်းပညာ မရဘူးလို့ ပြောတယ်။ ဒီအပေါ်မှာရော ဘယ်လိုသုံးသပ်ပါသလဲ။

UKMK – နည်းပညာဆိုတာက ဘယ်သူမှ နည်းပညာမပေးဘူး။ နည်းပညာက သူတို့ကိုယ်တိုင် ဒီမှာ Investment ကို ၁၀၀ရာခိုင်နှုန်းပေးမလား။ အဲလိုနေရာ ထိုင်ခင်းပေးပြီး ၁၀၀ရာခိုင်နှုန်းပေးမယ် ဆိုရင် သူတို့က အော(စွမ်းအားပြည့်လုပ်ငန်း လုပ်ဆောင်ခြင်း)ပြီ။ သူများနိုင်ငံက လုပ်သားတွေကိုလည်း ပိုက်ဆံ အများကြီးပေးပြီး မခေါ်နိုင်ဘူး။ မြန်မာနိုင်ငံက လူတွေကို Training (သင်တန်း)တွေ၊ ကျောင်းတွေ ဖွင့်ပေးထားမယ်။ ဖွင့်ပေးပြီးမှ လုပ်ငန်းတွေ လုပ်နိုင်အောင် သင်တန်းပေးတယ်။ သူတို့က နိုင်ငံခြားက ပြန်ပို့နိုင်အောင် လုပ်တော့မယ်။ သူတို့ရဲ့စီးပွားရေး ဖြစ်သွားပြီ။ ဒီလိုလုပ်မှ နည်းပညာရတယ်။ Technology Transfer ကတောင်းတိုင်းမရဘူး။ ကားပစ္စည်းအစိတ်အပိုင်း ထုတ်တဲ့စက်ရုံတွေကမှ သောင်းနဲ့သိန်းနဲ့ ချီပြီးအလုပ်ရတာ။ ကားဆင်တဲ့ စက်ရုံက အလွန်ကြီး ရင်တောင် လူ၅၀၀၊ ၁၀၀၀ထက်မများဘူး။ ဒါပေမဲ့ အရေအတွက်များလာပြီဆိုရင် သူ့ကားတွေက နိုင်ငံခြားက ဈေးကွက်လည်း ကောင်းလာပြီဆိုရင် ပိုက်ဆံ ပေးဖို့ ဝန်မလေးသလို နည်းပညာလည်းရမယ်။ မယူလို့လည်း မရဘူး။ ပေးမှာပဲ။

The Voice – ပြည်တွင်းထုတ်တဲ့ ဘတ်စ်ကားတွေက နိုင်ငံခြားဈေးကွက်အနေနဲ့ရော တင်ပို့နိုင်ဖို့ အလားအလာရှိနိုင်သလား။

UKMK – ရှိတယ်။ မလေးရှားနိုင်ငံကလည်း မင်္ဂလာဒုံမြို့နယ်ဘက်မှာ ဘတ်စ်ကားဆင်ဖို့လုပ်တာ ရှိတယ်။ သူ့ကားတွေက Brand တွေ။ အဲ့ဒါတွေက မလေးရှားက အင်ဂျင်နီယာတွေ ကိုယ်တိုင်လာဒီမှာ ဆင်ပြီးတော့ မလေးရှားကိုတောင် ပြန်ပို့နေတာ။ ဒါပေမဲ့ ဒါက Limited တော့ရှိတယ်။ လုပ်လို့ ရတယ်။ ကိုယ့် Market ကိုရှာရမှာပေါ့။ ဒီမှာကလည်း ရပိုင်ခွင့်တွေ ဖန်တီးပေးရမယ်။

The Voice – အိမ်နီးချင်းနိုင်ငံတွေထဲမှာ ဘတ်စ်ကား ထုတ်လုပ်မှုအခြေအနေက ဘယ်လိုရှိလဲ။

UKMK – ရှိတယ်။ ထိုင်းကတော့ ဘတ်စ်ကားရော၊ Truck ကားရော ထုတ်တယ်။ အများဆုံးကတော့ တရုတ်နိုင်ငံပေါ့။

The Voice – လက်ရှိ ကျွန်တော်တို့ဆီမှာ ဘတ်စ်ကားထုတ်ဖို့တော့ ဖြစ်လာပြီ။ မော်တော်ယာဉ်မူဝါဒက မရှိသေးဘူးဆိုတော့ ထုတ်လုပ်ရေးလုပ်ငန်းတွေက ဘယ်လိုပုံစံနဲ့ ရှေ့ဆက်သွားကြမလဲ။

UKMK – လက်ရှိအတိုင်းပေါ်လစီမရှိတာ သိပေမယ့် လာရင်းနှီးမြှုပ်နှံကြတာပဲ။ စွန့်စားနိုင်ရင် လုပ် ပေါ့။ ထုတ်တာက အစပျိုးတာက ကောင်းပါတယ်။ လုပ်ကြည့်လိုက်ပေါ့။ ဒီကိစ္စမှာလည်း ပြန်ပြီး Review လုပ်နေကြတာတွေ ရှိတယ်။ အထူးသဖြင့် တင်သွင်း ရောင်းချချင်တဲ့သူတွေကတော့ မကြိုက်ဘူး။ ကောင်းပြီ သူတို့က ဘယ်လောက်မြတ်မှာလဲ။ သူတို့ လက်တစ် ဆုပ်စာပဲရှိမှာပဲ။ ကိုယ့်နိုင်ငံနဲ့ကိုယ့်လူတွေအတွက် အလုပ်ရဖို့ အမြင်ကျယ်ဖို့ နောက်တစ်ခါ ဒီကနေပြီးမှ ကြီးထွားတဲ့အလုပ်တွေ ဖြစ်လာဖို့က သေးသေးလေးက စလုပ်ဖို့လိုတာပေါ့။ အန်ကယ်ကိုယ်တိုင် အင်ဂျင်နီယာဖြစ်လို့ ပြောတာမဟုတ်ဘူး။ စီးပွားရေးအမြင်နဲ့ ပေါင်း ပြီးပြောတာ။

The Voice – Automobile Policy (မော်တော်ယာဉ်မူဝါဒ) ကရော လက်ရှိမှာ ဘယ်အဆင့်ရောက် နေပြီလဲ။

UKMK – Automobile Policy ပြုစုတဲ့ အထဲမှာ အန်ကယ်က ဥက္ကဋ္ဌလုပ်ခဲ့တယ်။ အခုစက်မှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ချိုလည်း ဒါပြုစုတဲ့အထဲမှာ ပါခဲ့တယ်။ အခုအစိုးရအနေနဲ့ ဒီ မူဝါဒကို စက်မှုဝန်ကြီးက သူ့အဖွဲ့တွေနဲ့ အရင်လုပ် ထားတဲ့ မူဝါဒကို အခြေခံပြီး ဆွဲနေတယ်။ မူကြမ်းက ၆၀ရာခိုင်နှုန်း၊ ၈၀ရာခိုင်နှုန်းယူမလား။ ပိုကောင်းအောင် လုပ်မလား။ အန်ကယ်တို့ကတော့ ဝန်ကြီးဌာနကို Support လုပ်ပေးမယ်။ အင်ဂျင်နီယာအသင်းအနေနဲ့ မူကြမ်းဆွဲထားသလို ဒီအစိုးရလက်ထက်မှာလည်း တင်ပြ ထားတယ်။ အမျိုးသားလွှတ်တော်ကို တင်ထားတယ်။ နောက်ပြီး သူရဦးရွှေမန်းအဖွဲ့နဲ့လည်း ဒါလုပ်ဖို့ စီစဉ် နေတာလည်းရှိတယ်။ Automobile Industry Policy လို့ခေါ်တယ်။ မော်တော်ယာဉ် လုပ်ငန်းနဲ့ ပတ်သက်တဲ့ လုပ်ငန်းအကုန်လုံးကို ပြောတာ။ Import ၊ Export လည်းပါတယ်။ လိုင်စင် ပေးတာလည်း ပါတယ်။ ထုတ်လုပ်တာ၊ ရောင်းချတာလည်းပါတယ်။ ဝန်ဆောင်မှုလည်း ပါတယ်။ လူတွေရဲ့ Education နဲ့ ပတ်သက် တာလည်း ပါတယ်။ မျိုးစုံပေါ့။ ဒါကို ခြုံဆွဲလိုက်တာပေါ့။ အဓိကကတော့ ပြည်သူလူထုက သူများနိုင်ငံနဲ့ယှဉ်ရင် စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတွေမှာ သုံးနိုင်တဲ့ ပစ္စည်းမျိုး ဖောဖောသီသီနဲ့ စနစ်တကျနဲ့ ကုန်သင့်တာတွေ ကုန်၊ မကုန်သင့်တာတွေ မကုန်အောင်ရဖို့ပေါ့။ ဥပမာ -အခွန်ဆောင်ရတာတွေနဲ့ ပတ်သက်လို့ပေါ့။ အခု ကားတင်သွင်းရင်အခွန်တွေက အရမ်းများတယ်။ ကား သိန်း ၁၀၀ တန်ရင် ၂၀၀ကျော်လောက်ပေးစီးရတယ်။ နင့်ခနဲနေအောင် အခွန်ယူလိုက်တယ်။ ဒါကကားသုံးစွဲမှုအရှိန်ကို နှေးသွားမယ်။

The Voice – Automobile Policy မော်တော် ယာဉ်ထုတ်လုပ်မှုကဏ္ဍနဲ့ ပတ်သက်လို့ ဘယ်လိုအကြံပြု ထားပါသလဲ။

UKMK – ထုတ်လုပ်မှုနဲ့ပတ်သက်လို့ မက်လုံးတွေကို ကာလတစ်ခုအထိ Protection (အကာအကွယ် ပေးခြင်း)ပေးပြီးတော့လုပ်သွားဖို့။ သိပ်အကြာကြီး ပေးလို့မရဘူး။ သူက အများကြီးထုတ်လာပြီး သူ့ကိုပဲ အကြာကြီး Protection ပေးရင် World Trade Organization (WTO) ကကြည့်နေတယ်။ အဲလိုဆိုရင် WTO ကန့်ကွက်မယ်။ ကန့်ကွက်ရင် ဒီကကားကို နိုင်ငံခြားကို ပို့လို့မရဘူး။ ပြည်တွင်း ထုတ်လုပ်မှုကို သိပ်ပြီး Protect (ကာကွယ်) လုပ်ထားလို့ မရဘူး။

The Voice – ပေါ်လစီကလည်း မရှိသေးတော့ ထုတ်လုပ်တဲ့လုပ်ငန်းတွေကရော တကယ်အောင်မြင် နိုင်ပါ့မလား။

UKMK – ဒါကြောင့်မို့လို့ စွန့်စားတဲ့ သူပဲလုပ်မယ်။ သူလည်း Investment အများကြီးမလုပ်ဘူး။ ဥပမာ -သန်း၃၀၀လုပ်မယ်ဆိုရင် သန်း၂၀၊ ၃၀လောက်နဲ့ စရင်စမှာပေါ့။ ရပ်သွားရင်လည်း ဆုံးရှုံးမှု နည်းအောင်ပေါ့။ ‘ပုံအော’(စွမ်းအားပြည့်ရင်းနှီးမြှုပ်နှံခြင်း)မှာတော့မဟုတ်ဘူး။ တစ်ခုရှိတာက ဗီယက်နမ်မှာ အစိုးရကို ယုံခဲ့လို့ တကယ့်နိုင်ငံအကြီးကြီးက ဂျပန်၊ အမေရိကန်ပါတယ်။ ကားစက်ရုံအကြီးကြီးတွေ ရှိတယ်။ သူတို့ကပေါ်လစီတွေက Import Policy တွေက လျှောက်လုပ်လိုက်တော့ ကားတွေက တစ်သိန်း၊ နှစ်သိန်း၊ သုံးသိန်းထုတ်နိုင်တယ်။ တစ်သောင်းတောင် မရောင်းရဘူး။ စက်ရုံကြီးတွေက’ အ’နေတယ်။ ထုတ်လို့ကို မရဘူး။ Market မရှိတော့ အဲဒီမှာ မြုပ်ကုန်၊ ကွဲကုန်တာ။ ဟိုနေ့က ဆူဇူကီးက ပြောတယ်။ သူတို့ဗီယက်နမ်ကို မသွားဘူး။ တရုတ်လည်း မကြိုက်ဘူး။ ဖိလစ်ပိုင်လည်း မကြိုက်ဘူး။ မြန်မာနဲ့အိန္ဒိယကို ရွေးမယ်ပြောတယ်။ ဒါပေမဲ့အချိန်ဆိုတာ ရှိတယ်။ Chance(အခွင့်အရေး)က ရှိတယ်ဆိုပေမယ့် အခွင့်အရေးဆိုတာ အမြဲမရှိဘူး။

The Voice – အရည်အသွေးပိုင်းမှာ အခုလက်ရှိ ပြည်တွင်းမှာ ပထမဆုံးထုတ်မယ့် ဘတ်စ်ကားတွေက ဥရောပဒီဇိုင်းထုတ်မယ်လို့ ပြောထားတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ထုတ်လိုက်ရင် အရည်အသွေးပိုင်း ဆိုင်ရာ ယုံကြည်ဖို့အားနည်းတယ်။ ဒါကိုရော ဘယ်လို ထိန်းသိမ်းသင့်လဲ။

UKMK- အရည်အသွေးကောင်းဖို့က အစကနေအဆုံးထိပဲ။ ပစ္စည်းတစ်ခုထုတ်တယ်ဆိုတာက အဆင့်၁၀ဆင့် ထားဦး။ ကုန်ကြမ်းက စစစ်ရမယ်။ ကုန်ကြမ်းက နံပါတ်တစ် သတ်မှတ်တဲ့ ကွာလတီရှိရမယ်။ ကားတွေ ထွက်လာပြီးမှ မကောင်းရင် အဆင့်ဆင့်ပြန် လိုက်ရင် သေပြီသာမှတ်ပေတော့။ အဆင့်တိုင်းမှာ ထုတ်လုပ်တဲ့ အရည်အသွေးမီလား ကြည့်ရမယ်။ မမီရင် ပယ်ဖျက်ရမယ်။ဆယ်ခုထုတ်ရမှာမို့ ဆယ်ခုပြီးရမှာ မပြီးမှာဆိုးလို့ ရှစ်ခုပဲကောင်းပြီး နှစ်ခုမကောင်းဘဲ ညှပ်ထည့်လို့မရဘူး။ အဆင့်တိုင်းမှာ သေချာစစ်ဆေးတဲ့ System နဲ့လုပ်ရင် နောက်ဆုံးမကောင်းစရာမရှိဘူး။

The Voice – ပြည်တွင်း ဘတ်စ်ကားထုတ်လုပ်မှု အောင်မြင်ဖို့ဆိုရင် အစိုးရရဲ့အခန်းကဏ္ဍကရော ဘယ်လို ပံ့ပိုးဖို့လိုမလဲ။

UKMK – အစိုးရကဏ္ဍက ဘတ်စ်ကားထုတ်တာက ကားလေးတွေထက်စာရင် အရေအတွက်နည်းမှာပဲ။ ဒါကို အတင်းကြီး အများကြီးလုပ်ခိုင်းပြီး ရပ်တည်ခိုင်းရင်တော့ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး။ လုပ်ကြည့် ပါစေ။ တရားသဖြင့်ပေါ့။ မလိမ်ညာစေနဲ့ ပေးသင့်တာကို ပေးလိုက်ပေါ့။ ဒါကအမြစ်တွယ်အောင်လို့ လုပ်ချင် တဲ့သဘောပဲ။ ဒီကနေပြီးတော့တက်မှရမယ်။

The Voice – အနာဂတ်မော်တော်ယာဉ် ထုတ်လုပ် မှုကိုရော ဘယ်လိုမြင်ပါသလဲ။

UKMK – နံပါတ်တစ်က သေးသေးလေးက စဖို့ကိုအစိုးရအဖွဲ့က နားလည်ပေးမှရမယ်။ နားလည် နိုင်ရင် လုပ်ကြည့်ပါစေဦး။ လွှတ်ထားဖို့တော့မဟုတ် ဘူး။ မဟုတ်တာ မလုပ်ဖို့ကိုတော့ ထိန်းထားရမှာပေါ့။ မဟုတ်ဘဲ အစီးလိုက်သွင်းလာတာမျိုးဆို မဖြစ်ဘူး။ အဲ့ဒါကို သေချာစိစစ်ပေါ့။ ဒါဆို ဘယ်လိုအရေးယူမယ် ဆိုတာ သေချာကြပ်မတ်ပေါ့။ ရှင်သန်ဖို့အတွက် စနစ်တကျတော့ ခွင့်ပြုပေးရမယ်။ ဒါနဲ့စရမယ်။ ဒီနေ့လုပ် နောက်နေ့ဘယ်လောက်ဖြစ်ရမယ်လို့တော့ ပြောလို့မရဘူး။ ထုတ်တဲ့သူလည်း လုပ်နိုင်မှ သုံးတဲ့သူလည်း လက်ခံမှ အဆင်ပြေမှာ။

The Voice – ကျေးဇူးတင်ပါတယ်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *