ကြွေးဒုက္ခ

ခုတစ်လော ကြွေးအကြောင်း အတော်ကြားရသည်။ ပုံစံလည်း ပြောင်းသွားသည်။ ယခင်က ကြွေးမရနိုင်သည့်အကြောင်း။ လုပ်ကိုင်ရင်းနှီးဖို့ ငွေလိုနေသည့်အကြောင်း။ ခုတော့ ကြွေးပုံနေတာ၊ ကြွေးမဆပ်နိုင်တာ၊ ကြွေးနွံနစ်တာတွေအကြောင်း။

မီဒီယာတွေကလည်း ဇာတ်လမ်းဆင်လာသည်။ ချေးငွေတွေ လွယ်လွယ်ရလာချိန်တွင် လူတွေ ပိုဒုက္ခရောက်လာကြောင်း။  မမှားပါ။ လွယ်လွယ်ရငွေ လွယ်လွယ်သုံး လျှင်တော့ ကြွေးဒုက္ခကြုံမည်အမှန်။

ငွေခင်တို့လည်း တစ်သက်လုံးကြွေးကင်းနိုင်ခဲ့တာမဟုတ်။ ကိုယ်ရမည့် ကြွေးမဟုတ်လျှင် ကိုယ်ပေးရမည့် ကြွေးရှိနေတတ်မြဲ။ အပျိုဘ၀က အိမ်မှာငွေလိုတိုင်း အမေ့ကိုယ်စား ကြီးဒေါ်လှဆီပစ္စည်းသွားပေါင်ရတာ မှတ်မိနေသည်။ စစချင်းတော့ ရှက်သည်။ နောင်တော့လည်း ရိုးသွားသည်။ ငွေလိုချိန် အပေါင်ပစ္စည်းလက်ခံပြီး ငွေသားထုတ်ချေး ပေးသည်ကို ကျေးဇူးတင်ရသည်။ ကြီးဒေါ်လှက သုံးကျပ်တိုးယူသည်။အပြောင်းအလဲမရှိ။ သူယုံသူကိုသာ ချေးသည်။ ဇယားမရှုပ်။ ပစ္စည်းယူသွား၊ တန်ဖိုးဖြတ်သည်၊ ငွေထုတ်ပေးသည်။ ပြန်ဆပ်ချိန်တွင် အတိုးနှင့် အရင်း တွက်ချက်ယူသည်။ ပိုမယူ။ မဆပ်နိုင်သေးလျှင် သွားသာပြောထားလိုက်၊  ပြန်ရွေးမည်သေချာလျှင် ကိုယ့်ပစ္စည်း ဘာမှမဖြစ်စေရ။ မရွေးနိုင်လို့  နှစ်ပေါက်အောင်လည်း ထားဖူးသည်။ တစ်ခါတလေ ကြီးဒေါ်လှဆီ ပစ္စည်းသွားသိမ်းဦးမည်ဟု မောင်နှမတွေ ရယ်ပွဲဖွဲ့ကြသည်အထိ။ကြီးဒေါ်လှကိုအားကျ၍ ငွေခင်တို့ အဆင်ပြေချိန်တွင် သူငယ်ချင်း မိတ်ဆွေများအား တစ်ပြန်တစ်လှည့်ကူညီရန် ကြိုးစားဖူးသည်။ အတွေ့ အကြံတွေ၊ နောင်တတွေ တစ်လှေကြီးဖြင့် ရပ်လိုက်ရသည်။ ကြွေးကို အကြောင်းပြုကာ မိတ်ပျက်ရတာတွေ၊ မခေါ်မပြောနိုင် ဖြစ်သွားတာတွေ  အဖတ်တင်သည်။ ‘ကြွေးယူပြုံးပြုံး၊ တောင်းလျှင်မုန်း’  ဆိုသည်ကို လက်တွေ့ကြုံရသောအခါ ငွေချေးခြင်းဆိုသည် အပျော်တမ်းလုပ်လို့ မရကြောင်း သဘောပေါက်လိုက်ရသည်။ ကြီးဒေါ်လှကို ကြိတ်အလေးပြု ရပြန်သည်။

ငွေခင်တို့လောက် ကုသိုလ်ကံမကောင်းသူ များစွာရှိသည်။ တစ်ခါက သူငယ်ချင်းမမြ၏ မောင်လေးနေမကောင်းစဉ် အရေးပေါ်ဆေးဖိုးငွေ  တစ်သောင်းကို မမြအမေက အရပ်ထဲကချေးသည်။ ယူစဉ်ကလွယ်သည်။  အပေါင်ပစ္စည်းမှမလို။ အရင်းမဆပ်နိုင်မချင်း အတိုး ၅၀ဝကျပ် နေ့စဉ်သွင်းရ မည်။ တကယ်တော့ တစ်နေ့ ၅၀ဝကျပ်ဆိုသည်က မပြောပလောက်။ အရင်းကိုလည်း ကိုယ်အဆင်ပြေချိန်မှ ပြန်ဆပ်ရမည်မို့ အဆင်ပြေလှသည်။ သို့သော် ထိုငွေကို မမြတို့မှန်းသလောက် မြန်မြန်ပြန်မဆပ်နိုင်ခဲ့။ သေချာတွက်ကြည့်လျှင် တစ်လကြာသော် သွင်းလိုက်ရသည့်အတိုးချည်းပင် တစ်သောင်းခွဲရှိသည်။ ငွေရင်းတစ်သောင်းအတွက် အတိုးက ၁၅၀  ရာခိုင်နှုန်းရှိနေသည်။ မမြတို့အဖြစ်က အတိုးမှန်အောင်သွင်းသော်လည်း ငွေရင်းတစ်လုံးတစ်ခဲတည်းမသွင်းနိုင်။ ကြွေးသက်ရှည်လာသည်။  ငွေ ၁၀၀၀ သွင်းရန် ပျက်ကွက်ရသည့်ရက်များ ရှိလာသောအခါ ထိုပျက် ကွက်ငွေသည် အရင်းတွင် ထည့်ပေါင်းခံရလျက် မည်သို့တွက်လိုက်သည် မသိ နေ့စဉ်ပေးရန် အတိုးပမာဏ တက်လာသည်။ အတိုးဝန် ပိလာသည်။ ‘မဆပ်နိုင် အရင်းသို့ပေါင်း’ နှင့် ခြောက်လလောက်ကြာချိန်တွင် အကြွေး သိန်းချီသွားတော့သည်။ ငွေချေးသူက အိမ်လာတောင်းသည်။ အော်ဟစ် သောင်းကျန်းသည်။ ထိုစဉ်က သူငယ်ချင်းအိမ်တွင် ဖြစ်ပျက်နေပုံကို သွားငေးဖူးသည်။ ကြွေးရှင်ဆိုသောမိန်းမကြီးသည် ရွှေလက်ကောက်တွေ  တစ်တောင်အထိနှင့် နှုတ်ကြမ်း၊ အာကြမ်း၊ အငိုနှင့် အပြောနှင့်။ ကြီးဒေါ်လှနှင့် ကွာလိုက်တာဟု တွေးမိသေးတာမှတ်မိသည်။ သူငယ်ချင်းကား ရှက်လွန်းလှသဖြင့် တစ်ပတ်ကျောင်းမတက်။ နောင်တော့ ကျောင်းထွက် သွားသည်။  မြို့တက် အလုပ်လုပ်သည်ကြားသည်။ အကြွေးတောင်းပွဲတော့  ထပ်အဖြစ်ခံမည်မဟုတ်။ ထိုစဉ်မှစကာ မမြသတင်းမကြားရတော့သည် မှာ ဒီနေ့အထိ။ အကြောင်းတိုက်ဆိုင်ပြန်တွေးမိတော့ အဖြစ်အပျက် တွေက အမှတ်ထင်ထင်။ ခုခေတ်တွင်လည်း မမြတို့လိုကံမကောင်းသူတွေ  ဒုနဲ့ဒေးရှိနေပါသည်။

ငွေခင်ကျောင်းပြီးခါစတွင် သူငယ်ချင်းတစ်ယောက်နှင့် အထည် ဆိုင်ဖွင့်ရန် ကြိုးစားဖူးသည်။ သူငယ်ချင်းက နယ်အရပ်ရပ်ကရိုးရာယက်ကန်း များနှင့်  အဆက်အသွယ်ရှိသည်။ ငွေခင်က အဆင်သိသည်၊ ဒီဇိုင်းသိသည်။  ဈေးရောင်းချင်သည်။အစီအစဉ်ဆွဲပြီးကာမှ အမေကအရင်းအနှီးမထုတ် ပေးဟု ဆုံးဖြတ်သောအခါ အသည်းကွဲခဲ့ရသည်။ အမေ့တွင် ထုတ်ပေး စရာ ငွေပိုမရှိတာလည်းဖြစ်နိုင်သည်။ အမေထုတ်မပေးလျှင် ထုတ်ချေးမည့်  ဘဏ်လည်းမရှိ။ ထိုစဉ်ကသာငွေရင်းရှိခဲ့လျှင်ဆိုသောအတွေးသည်  တွေးမိတိုင်း အတော်ဆိုးပါသည်။

ဒီလိုနှင့်စိတ်ကူးခဲ့သလို သူဌေးဖြစ်မလာဘဲ ဝန်ထမ်းဖြစ်လာသည်။  ပြည်တွင်းပြည်ပ အဖွဲ့အစည်းများစွာတွင် ကိုယ်လုပ်သည့်အလုပ် ကိုယ့် အလုပ်ဟုသဘောထားခဲ့၍ အောင်မြင်ပါသည်။ သို့သော် ကိုယ်ပိုင်လုပ် ငန်းတစ်ခု ဖြစ်ဖြစ်မြောက်မြောက် လုပ်ချင်စိတ်က ပျောက်မသွားခဲ့။ စီးပွားရေးလုပ်ငန်းတွေအကြောင်း၊ ဘဏ္ဍာရေးနှင့် ငွေကြေးအကြောင်း ကြုံရင် ကြုံသလို ပိုနားစွင့်၊ ပိုလေ့လာဖြစ်သည်။

လွန်ခဲ့သောသုံးလေးနှစ်က အသစ်ထွက်လာသော မြန်မာ့အသေးစား ငွေရေးကြေးရေးဥပဒေနှင့်အတူ ကိုယ်စိတ်ဝင်စားသည့် လုပ်ငန်းရှင် တစ်ဦးဖြစ်ရန် အခွင့်အရေးပေါ်လာခဲ့သေးသည်။ အသေးစားငွေရေး ကြေးရေးလုပ်ငန်းတစ်ခု စပ်တူထူထောင်ရန် သူငယ်ချင်းတစ်ဦးကကမ်း လှမ်းလာခဲ့သည်။ ကျပ်ငွေသိန်းသုံးရာရှိလျှင် စလို့ရပြီ။ ရင်ခုန်ရပြန်သည်။  သို့သော် ကလေးကျောင်းစရိတ်၊ အိမ်စရိတ်၊ စားစရိတ်ဖြင့် မည်သို့  တွက်တွက် သိန်း ၁၅၀ အပိုထွက်မလာ။ ထုံစံအတိုင်း ဘယ်ကမှလည်း ချေးမရခဲ့။ အပိုရှိခဲ့သည် သို့မဟုတ် ချေးငွေရခဲ့သည်ထားဦး၊ လုပ်ငန်းမှ  အမြတ်မဝင်သေးသမျှ နိစ္စဓူဝလိုအပ်ချက်တွေကို လစဉ်ဝင်ငွေမရှိဘဲ မည်သို့ ရင်ဆိုင်ကျော်လွှားရမည်ကိုတွေးမရ။ တွေးမရသဖြင့် ကျန်ခဲ့ရသည်။ ကိုယ်တိုင်မပါနိုင်ခဲ့သော်လည်း သူငယ်ချင်းလုပ်သမျှတော့ နားစွင့် မိနေသလိုသူကလည်း ရံဖန်ရံခါဆိုသလို လာရောက်တိုင်ပင်လေ့ရှိသည်။

သို့ဖြင့် ခုတစ်လော ကြွေးတွေအကြောင်း အတော်ကြားလာရခြင်း ဖြစ်သည်။ ချေးငွေတွေ လွယ်လွယ်ရလာမှ လူတွေ ပိုဒုက္ခရောက်လာ ကြောင်း တစ်စတစ်စ ပြောလာနေကြသည်။ အစိုးရမင်းများအနေနှင့် ဥပဒေဖြင့် ခွင့်ပြုထားသော ငွေကြေးလုပ်ငန်းများကိုပဲ ရပ်လိုက်ရတော့  မလိုလို၊ ငွေခင်တို့ ကိုယ်တိုင်ဝင်မလုပ်မိတာ ခပ်ကောင်းကောင်းဆိုသလို  ဖြစ်လာသည်။ တစ်ဖက်တွင် အတိုးကြီးကြီးနှင့် အရပ်ချေးငွေတွေ အကြောင်း ဇာတ်လမ်းတွေလည်း ပုံမှန်အတိုင်းကြားနေရဆဲ။ များစွာ သော သူငယ်ချင်း မမြတွေရှိနေဆဲ။ ကြွေးတွင်းက မတက်နိုင်ကြ။ အတိုး ပေးရန် ရုန်းကန်နေကြရသည်။

ဒါတွေကြောင့် အကြွေးကိစ္စကို စဉ်းစားကြည့်တဲ့အခါ ငွေခင်  အကြောင်းအရာခြောက်ခု မြင်ပါသည်။

(၁) ချေးငွေမရနိုင်သည်ထက် ချေးငွေရနိုင်သည့် အခြေအနေ က ပိုကောင်းပါသည်။

(၂) ဥပဒေဖြင့် ကြပ်မတ်မှုမရှိသည့် အတိုးကြီးချေးငွေများထက်  ဥပဒေနှင့်အညီ ချေးငွေများက အန္တရာယ်ကင်းပါသည်။ ဥပဒေနှင့်အညီ ချေးငွေများတွင် အတိုးကိုသတ်မှတ်ပေးပြီးဖြစ်သည့်အပြင် ကြွေးတောင်း ရန်လိုလာပါက ကာယကံရှင်၏ ဂုဏ်သိက္ခာနှင့် လူမှုရေးကိုတစ်ဖက်သတ်  မထိခိုက်ရအောင် လိုက်နာရသော စည်းကမ်းများပါဝင်သည်။ မလိုက်နာ လျှင် အရေးယူမည့် စနစ်လည်းရှိသည်။

(၃) ချေးငွေရတိုင်း စီးပွားတက်နိုင်သည်မဟုတ်ပါ။ ရသည့်ငွေကို  အကျိုးရှိစွာနှင့် ထိရောက်စွာအသုံးပြုနိုင်စွမ်းအပေါ်တွင် မူတည်ပါသည်။  စီးပွားရေးလုပ်ငန်း ကြီးကြီးသေးသေးများ တိုးပွားအောင်မြင်နိုင်အောင်  နိုင်ငံတော်မှ ဖန်တီးပေးသော စီးပွားရေးရေခံမြေခံကောင်းများအပေါ် တွင်လည်း မူတည်ပါသည်။

(၄) လူတစ်ဦးချင်း၏ ထိုက်တန်သော ချေးငွေပမာဏမတူကြပါ။  လွယ်လွယ်ရသော အလွယ်ချေးငွေရှိလျှင် မိမိထိုက်တန်သည်ထက်ပိုကာ ရလျှင်ရသလောက် တောင်းဆိုချေးယူမှုများ ဖြစ်လေ့ရှိပါသည်။ အထူး သဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငွေကြေးပညာနှင့်  စီးပွားရေး စွမ်းရည် နိမ့်နေသေးသောအခြေအနေတွင် ပိုဖြစ်နိုင်သည်။

(၅) လူတစ်ဦးချင်း ချေးငွေထိုက်တန်မှုအလိုက်သာစိစစ်၍ ငွေထုတ်ချေးရန်၊ ငွေကြေးပညာ ဖြန့်ဝေပေးမှုကို တိုးမြှင့်လုပ်ဆောင် ရန် ငွေရေးကြေးရေးဆိုင်ရာလုပ်ငန်းတိုင်းတွင် တာဝန်ရှိပါသည်။ အမြတ် ရလိုဇောဖြင့် တောင်းသလောက် လွယ်လွယ်ထုတ်ချေးမိလျှင် နှစ်ဦး နှစ်ဖက် အနှေးနှင့်အမြန် ဒုက္ခရောက်ပါမည်။

(၆) အလွယ်ချေးငွေမဟုတ်၊ ထိုက်တန်မှုအတိုင်းသာစိစစ်ချေး မည်ဆိုပါက လတ်တလောချေးငွေထိုက်တန်မှု နိမ့်နေသည့်သူများ ရှိနေဦးမည်။ ထိုသူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနှင့်  စီးပွားရေးစွမ်းရည်များ တိုးတက်လာအောင် လိုအပ်ရာရာလူမှုရေးအကူ အညီများကို ငွေကြေးလုပ်ငန်းများသာမက အစိုးရမင်းများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများကပါ ဝိုင်းဝန်းအကောင်အထည်ဖော်ကြရန် လိုသည်။

ငွေခင်တို့ နေ့စဉ်ဘ၀တွင် ငွေရေးကြေးရေး အလွန်အရေးကြီးပါသည်။ ဘ၀တိုးတက်မှုအတွက်ဖြစ်စေ၊ အရေးပေါ်အတွက်ဖြစ်စေ ချေးငွေ လိုအပ်ခြင်းသည်လည်း ပုံမှန်သဘောသာဖြစ်သည်။ ဥပဒေနှင့်အညီ၊ မျှတကောင်းမွန်သော ချေးငွေဝန်ဆောင်မှုများကို လူတိုင်းအတွက်  မျှော်လင့်တောင့်တမိသဖြင့် ငွေခင်စာရေးလိုက်ပါသည်။

ငွေခင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *