ညဈေးတန်း အော်ပရာ

မန္တလေးမြို့တော်၏ ညဈေးတန်းအော်ပရာတွင် ကန့်လန့်ကာအသစ် ဖွင့်လှစ်လိုက်ပြန်ပါပြီ။

မန်းဂုဏ်ဆောင် ဈေးချိုတော် ညဈေးတန်း၊ ၃၄ လမ်း ဒိုင်းမွန်းပလာဇာအနီးရှိ တရုတ်ညဈေးတန်း၊ မင်္ဂလာ မန္တလေးရှိ လမ်းလျှောက်ညဈေးတန်းတို့အပြင် မန္တလေးတောင်ခြေတွင် ဖွင့်လှစ်မည့် ရတနာပုံညဈေးတန်း စသည်တို့ဖြင့် အလွှာစုံတို့အတွက် ညဈေးတန်းမျိုးစုံ တည်ရှိနေပါသည်။

ယင်းတို့အနက် သက်တမ်းအရင့်ဆုံးနှင့် လူသိအများဆုံးကား နှစ်ပေါင်း ၆၀ နီးပါးရှိလာပြီဖြစ်သည့် ကမ္ဘာကျော် ဈေးချိုတော် ညဈေးတန်းဖြစ်သည်။ လွတ်လပ်ရေးရပြီး ၁၁ နှစ်အကြာ ၁၉၅၉ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဗိုလ်ချုပ် အောင်ဆန်းလမ်းဟုခေါ်သည့် ၈၄ လမ်းမ ကြီးပေါ်တွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

နေ့ခင်းဘက်တွင် ပျားပန်းခတ်မျှ ရောင်းသူဝယ်သူတို့ဖြင့် စည်ကားရှုပ်ထွေး လှသည့် ဈေးချိုတော်ကြီး၏ နောက်ဆက် တွဲအဖြစ် နေဝင်ရိုးရီအချိန် နေ့ဈေးသည်များ အိမ်ပြန်ချိန်တွင် ဗိုလ်ချုပ်အောင်ဆန်း လမ်းမကြီးပေါ်သို့ ညဈေးသည်များရောက်ရှိခင်းကျင်းလာကြတော့သည်။

ဆိုင်ခန်းတစ်ခန်းစီ၏ အကျယ်အဝန်းမှာ ရှစ်ပေအထိရှိကြပြီး အစားအသောက်၊ အဝတ်အထည်နှင့် လူသုံးကုန် ပစ္စည်းမျိုးစုံတို့ကို ဝယ်ယူနိုင်သည့် ဈေးကြီး လည်းဖြစ်သည်။ စတင်ဖွင့်လှစ်ခဲ့သည့်နှစ် တွင် ဈေးဆိုင်ပေါင်း ၅၃၄ ဆိုင်ရှိပြီး ယင်းအနက် အိန္ဒိယလူမျိုးတို့၏ စားသောက် ဆိုင် ၃၁ ဆိုင်၊ တရုတ်လူမျိုးတို့၏ စားသောက်ဆိုင် ၃၁ ဆိုင်၊ ဂေါ်ရင်ဂျီလူမျိုး တို့၏ စားသောက်ဆိုင်နှစ်ဆိုင်နှင့် မြန်မာ လူမျိုးတို့၏ စားသောက်ဆိုင် ၈၅ ဆိုင် ရှိကြောင်း အမျိုးသားစာပေဆုရ စာရေး ဆရာဆူးငှက်၏ ‘ဈေးချိုတော် ညဈေးတန်း’ ဆောင်းပါးတွင် ဖော်ပြထားသည်။

“ကျွန်တော်ရောင်းလာတာ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီ။ လက်ရှိရောင်းနေတဲ့သူတွေထဲမှာ ကျွန်တော့်လောက်ဝါရင့်တဲ့သူ မရှိဘူး” ဟု ဂုဏ်ယူဟန်ဖြင့် ပြောဆိုလာသူက ဈေးချိုတော်ညဈေးတန်းတွင် လေဘေးအထည်ဟုခေါ်သည့် အဝတ်အစားရောင်းချသည့် ဦးအောင်နိုင်ဝင်း ဖြစ်သည်။

ဈေးချို၏ အပြောင်းအလဲကို သိမီသူလည်းဖြစ်ပြီး လက်ရှိဈေးချိုညဈေးမှာ လှုပ်လီလှုပ်လဲ့ဖြင့် အသက်ဆက်နေရသည် ဟု ၎င်းကဆိုသည်။

“ဒီမှာပဲ ရောင်းချင်တယ်။ တောင်ခြေဘက်က ဈေးအသစ်ကို သွားရောင်းဖို့ကြ တော့ အဆင်မပြေဘူး။ ဒီမှာက အလုပ် သမား ရှာရတာလည်း လွယ်တယ်။ ပစ္စည်း တွေ သယ်ရပြုရတာလည်း အဆင်ပြေတယ်” ဟု ၎င်းကပြောသည်။

မန္တလေးရောက် ပြည်တွင်းပြည်ပ ဧည့်သည်တော်များ၏ မဖြစ်မနေ သွားရောက်လည်ပတ်လေ့လာသည့် ညဈေးတန်းအဖြစ် ဆယ်စုနှစ်များစွာ ရပ်တည်လာခဲ့ရာမှ စိတ်ဝင်စားမှု လျော့ကြလာသည်မှာ ဆယ်နှစ်ဝန်းကျင်ရှိပြီဟု ဆိုကြသည်။

 

ထိုသို့ ဖြစ်လာသည်ကလည်း အကြောင်းများစွာရှိသည်။ ၁၉၈၁ ခုနှစ် နှင့် ၁၉၈၄ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် မီးဘေးသင့်မှုများအပြီး မီးသတ်ကားအဝင် အထွက်လမ်းကြောင်း ကောင်းမွန်စေရန်အတွက် ဈေးချိုညဈေးတန်းကို ၇၉ လမ်း၊ ၂၉ × ၃၄ လမ်းကြားသို့ ပြောင်းရွှေ့ခဲ့သည်။ ထိုအချိန်ကတည်းကစ၍ ဈေးချိုညဈေးတန်း၏ ဟန်ချက်ပျက်သွားသလို အနှစ် သာရ ပျက်ပြားခဲ့ခြင်းလည်းဖြစ်သည်ဟု ဆိုသည်။

၁၉၉၀ ပြည့်နှစ်ကျော်တွင် မူလ နေရာ ၈၄ လမ်းဘက်သို့ ပြန်လည်ရွှေ့ ပြောင်းပေးခဲ့သော်လည်း ဟိုယခင်က ဈေးချိုတော်ညဈေးတန်း၏ အသွင်သဏ္ဌာန် မျိုး ပြန်မရတော့။ ဟန်ပြမျှသာ ဖြစ်တော့ သည်ဟု ဆိုသည်။

“အရင်တုန်းကနဲ့စာရင် ရောင်းအား တအားကျသွားတယ်။ ဈေးဦးမပေါက်တဲ့ နေ့တွေလည်း ရှိလာတယ်” ဟု ဈေးချို ညဈေးတန်းတွင် ခေတ်ပေါ်ဦးထုပ်ဒီဇိုင်း မျိုးစုံ ရောင်းချသည့် အမျိုးသမီးတစ်ဦးက ပြောပြသည်။

ပို၍ဆိုးသည်က ဈေးတန်းအတွက် မလုံခြုံမှုဖြစ်သည်။ ဈေးဝယ်ဟန်ဆောင်ကာ လုယက်သူများကိုလည်း ကြုံလာကြရသည်။ အသက် ၁၈၊ ၁၉ နှစ်ဝန်းကျင် လူငယ်လေးများဖြစ်ပြီး အင်္ကျီ၊ ဦးထုပ် စသည့် ရရာပစ္စည်းတို့ကို လုယူကာ ဆိုင်ကယ်ဖြင့် ထွက်ပြေးတတ်ကြသည်ဟု ဆိုသည်။

နဂိုကမှ အရောင်းအဝယ် မကောင်းသဖြင့် ပျင်းရိငြီးငွေ့ဖွယ် ကောင်းနေသည့် ညဈေးတန်းမှ ဈေးသည်များအတွက် ဆိုင်အနီး ဖြတ်လျှောက်သွားသူကို ဈေးဝယ်သူ မဖြစ်လျှင်တောင်မှ လုယက်သူ မဖြစ်စေရန် ဆုတောင်းနေကြရသည့် အနေအထား။

“ဆိုင်ခန်းအတွက် မီးချောင်းတွေကို ကိုယ့်ဘာသာကိုယ်ဆင်ပြီး အလင်းပေးထားရတယ်။ လမ်းမီးတိုင်တွေက မလင်းတာများတယ်” ဟု ညဈေးတန်းတွင် တရုတ်မှဝင်သည့် ရေဒီယို၊ နာရီ၊ ဖန်စီ ပစ္စည်းများ ရောင်းချသည့် ဈေးသည်တစ်ဦးက ညည်းတွားသည်။

ဈေးချိုတော်ညဈေးတန်းသို့ လာရောက်သူအများစုမှာ အစားအသောက် အတွက်သက်သက်လို ဖြစ်လာတော့သည်။ ရှမ်းခေါက်ဆွဲ၊ မုန့်တီ၊ မုန့်ဟင်းခါး၊ ထမင်း ဆီဆမ်း၊ ဝက်သားတုတ်ထိုး စသည့်အစား အစာတို့အကြား ထိုးမုန့်၊ ကရေကရာ ဆိုင်တန်းများက မျက်နှာငယ်နေကြရသည်။

ဆောင်းရာသီလိုအချိန်မျိုးတွင်တော့ ညဈေးတန်းတွင်ရောင်းသည့် အနွေးထည်၊ ဘွတ်ဖိနပ် စသည်တို့မှာ ဒီဇိုင်းဆန်းသဖြင့် ဝယ်ယူသူတို့ ပြည့်နေတတ်သည်။

ဈေးချိုတော်ညဈေးတန်း၏ အသက်တစ်ခုမှာ စာအုပ်တန်း ဖြစ်သည်။ စာအုပ်အဟောင်းအသစ်မျိုးစုံကို စိတ်ကြိုက် ရှာဖွေနိုင်ပြီးမဝယ်ဘဲ ထိုင်ဖတ်လျှင်လည်း စိတ်မဆိုးသည်က စာအုပ်တန်း၏ အလှတရားတစ်ခု ဖြစ်သည်။ ထိုးမုန့်တန်းဈေးသည်တို့၏ မုန့်အမြည်းကျွေးသလို လာရောက်သည်ကို စိတ်ကျေနပ်စေသည့် စာအုပ်တန်းဖြစ်သည်။ ယခုမူ စာအုပ်တန်းကလည်း ချောက်တိချောက်ချက်။

တရုတ်တန်းဟု အမည်တွင်သည့် ၃၄ လမ်း ညဈေးတန်းကတော့ တရုတ် အစားအစာ၊ တရုတ်အသုံးအဆောင် မျိုးစုံကို ဝယ်ယူနိုင်သည့် နောက်ပေါ် ညဈေးတန်းတစ်ခု။

တရုတ်တန်းညဈေးကတော့ ဆယ်စုနှစ်တစ်ခု မပြည့်သေးသော်လည်း မန္တလေးတွင် နေထိုင်သူတို့အကြား ညနေခင်း စားသောက်ဖွယ်ရာနေရာတစ်ခုအဖြစ် ရေပန်းစားနေသည်။

တရုတ်စာအပြင် တရုတ်အသုံး အဆောင်မျိုးစုံ ရရှိသည်။ တရုတ်ပရဆေးများပင် ရသေးသည်။ ဈေးချိုတော် ညဈေးတန်းတွင်မရသည့် ရောင်းကုန်အချို့ ရသည်က တရုတ်တန်းဈေး၏ အားသာချက်ဖြစ်သည်။

ညနေ ၃-၄ နာရီအချိန်ခန့်မှ စတင်၍ပင် ထိုဈေးက စည်ကားလွန်းနေပြီ။ ရှမ်းခေါက်ဆွဲ၊ မြီးရှည် စသည့်အစားအစာ တို့ဖြင့် အသားကျနေပြီဖြစ်သည့် မန္တလေးတွင် နေထိုင်သူတို့အတွက် ညနေခင်း အားထားရာ ဈေးတစ်ခုအဖြစ် အသက်ဝင်လျက်ရှိသည်။

သုံးနှစ်ခန့်ရှိပြီဖြစ်သည့် မင်္ဂလာမန္တလေးက လမ်းလျှောက်ညဈေးကလည်း မန္တလေးညဈေးအော်ပရာတွင် တစ်ထောင့် တစ်နေရာမှ ကပြလျက်ရှိသည်။

မင်္ဂလာမန္တလေး၏ ပရိုမိုးရှင်းဧရိယာ အနီးတွင် ချစ်စဖွယ် လက်တွန်းလှည်း ကလေးများဖြင့် ရောင်းချကြပြီး အစား အသောက်မှာ မြို့တွင်းဆိုင်များနှင့် သိပ်မ ကွာခြားလှ၊ ဈေးနှုန်းကလည်း သိပ်မကြီး သဖြင့် မင်္ဂလာမန္တလေးသို့ လာရောက် လည်ပတ်သူတို့အတွက် ဆာလောင်မှုကို ချက်ချင်းဖြေဖျောက်ပေးနိုင်သည့် နေရာ တစ်ခုဖြစ်သည်။

မီးရောင်စုံများဖြင့် အလှဆင်ထား သည့် မင်္ဂလာမန္တလေးတွင် ရောင်းချသည့် ညဈေးတန်းဖြစ်သဖြင့် ဈေးချိုတော် ညဈေးတန်း၊ တရုတ်ညဈေးတန်းတို့ထက် ပို၍အမြင်လှပြီး လူရှုပ်ထွေးနေခြင်း မရှိသောကြောင့် သက်သောင့်သက်သာ ရွေးချယ်စားသောက်နိုင်သည်က ထိုလမ်းလျှောက် ညဈေး၏ အားသာချက်တစ်ခု ဖြစ်သည်။

 

အထက်ဖော်ပြပါ ညဈေးတန်း သုံးခုစလုံး စုပြုံထည့်သွင်းလိုက်သလို ခံစားရမည့် ညဈေးအသစ်တစ်ခုက ဇူလိုင် လကုန်ပိုင်းတွင် ဖွင့်လှစ်တော့မည်ဖြစ်သည်။ မန္တလေးတောင်ခြေအနီး ရတနာပုံ ရေကူးကန် နေရာဟောင်းကို ပြင်ဆင်ဖွင့် လှစ်ခြင်းဖြစ်ပြီး မန္တလေး၏ လိုအပ်ချက် တစ်ခုကို ဖြည့်ဆည်းပေးခြင်းဖြစ်သည်ဟု စီစဉ်သူတို့က ဆိုထားသည်။

အဆိုပါမြေနေရာကို တစ်နှစ်လျှင် ကျပ်သိန်းသုံးထောင်နှုန်းဖြင့် ခုနစ်နှစ် ငှားရမ်းခွင့်ရရှိထားပြီး တစ်နှစ်ချင်းစီ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ အဆိုပါ ဈေးအတွက် ရင်းနှီးမြှုပ်နှံထားမှုသည် ကျပ်သိန်းတစ်သောင်းတစ်ထောင်ရှိ သည်ဟု လုပ်ကိုင်ခွင့်ရ Myanmar Da Yi ကုမ္ပဏီက ဆိုထားသည်။

အစားအသောက်၊ အဝတ်အထည်၊ လက်ဝတ်ရတနာများကို အဓိကရောင်းချ သွားမည်ဖြစ်ပြီး ပေ ၂၀ × ၄၀ ဆိုင်ခန်း ခြောက်ခန်း၊ ပေ ၁၀ × ၂၀ ဆိုင်ခန်း ၁၆ ခန်း၊ ရှစ်ပေပတ်လည် ဆိုင်ခန်း ၂၀၀ တို့ ပါဝင် သွားမည်ဖြစ်သည့်အပြင် ရုပ်သေးဖျော်ဖြေ ပွဲများ၊ ကစားကွင်း၊ ရေကူးကန်များပါ ပါဝင်မည်ဟု ဆိုသည်။

ရတနာပုံ ညဈေး မိတ်ဆက်အဖြစ် ဇွန်လ ၂၃ မှ ၂၅ ရက်ထိ သုံးရက်ကြာ BKK Night Market ကို ပြုလုပ်ပေး ခဲ့ပြီး ဈေးနှုန်းကြီးမြင့်ခြင်း၊ ဆိုင်ခန်းများအကြား လူသွားလမ်း ကျဉ်းလွန်းခြင်းတို့ ရှိခဲ့ကာ ရောင်းချသည့်ပစ္စည်းများ ဈေးနှုန်း ကြီးမြင့်သည်ကိုရည်ညွှန်း၍ ဂျင်းဈေးဟု ပင် အမည်တွင်ခဲ့သေးသည်။

မန္တလေးမြို့နေပြည်သူများ အနားယူ အပန်းဖြေနိုင်ရန်အတွက် ညဈေးတန်း တည်ဆောက်ရန် စီစဉ်ထားသော်လည်း မြေနေရာအခက်အခဲနှင့် ဘတ်ဂျက်ငွေ အခက်အခဲကြောင့် တည်ဆောက်ခြင်း မပြုနိုင်သေးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခု ၏ အစီအစဉ်ကို သဘောတူလက်ခံခဲ့ခြင်း ဖြစ်သည်ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ထွန်းက မီဒီယာများသို့ ပြောဆိုထားသည်။

ယင်းအပြင် မန္တလေးသို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသားများကို ဆွဲဆောင်နိုင်ရန်အတွက် ညဈေးတန်း အသစ်တစ်ခု ဖွင့်လှစ်ခြင်းလည်းဖြစ် ကြောင်း မန်းစည်ပင်ကော်မတီဝင် ဦးကျော်ဇေယျက ဆိုသည်။

“ကျွန်တော်တို့က မြေနေရာပဲ ငှားတာ။ ကျန်တာ ဘာမှဝင်မစွက်ဖက်ဘူး” ဟု ၎င်းကဆိုသည်။

ယင်းအပြင် မန်းစည်ပင်အနေဖြင့် ညဈေးဖွင့်လှစ်ရန် မြေနေရာ ရှာဖွေလျက်ရှိပြီး လက်ရှိတွင် မသေချာသေးသဖြင့် မပြောလိုသေးကြောင်း မန္တလေးမြို့တော် ဝန် ဒေါက်တာရဲလွင်က ပြောသည်။

အသစ်ဖွင့်လှစ်မည့် ရတနာပုံ ညဈေးတန်းကို မန္တလေး၏ မြောက်ဘက် ခြမ်း ညဈေးဟု သတ်မှတ်လျှင် ၇၆×၃၄ ရှိ တရုတ်ညဈေးတန်းကို တောင်ဘက်ခြမ်း ညဈေးဟု ခေါ်ဆိုနိုင်ပါသည်။ အလားတူ ဈေးချိုတော် ညဈေးတန်းကိုလည်း မန္တလေး၏ အနောက်ဘက်ခြမ်းရှိ ညဈေး ဟု ခေါ်ဆိုနိုင်သဖြင့် ညဈေးအသစ်များ ဖွင့်လှစ်ဦးမည်ဆိုလျှင် မန္တလေးသူမန္တလေး သားများ အများစုရှိသည့် မြို့သစ်ခေါ်သော အရပ်တွင် အရှေ့ဘက်ခြမ်း ညဈေးဖွင့်လှစ် သင့်ပါသည်။

ဤတွင် ညဈေး အဘယ့်ကြောင့် လိုအပ်သနည်းဟု မေးဖွယ်ရာ ဖြစ်လာ သည်။ ဟိုးယခင် ဈေးချိုတော် ညဈေးတန်း ကြီးကိုမူ အပန်းဖြေရန်နှင့် စားသောက်ရန် အတွက် ရည်ရွယ်ဖွင့်လှစ်ခဲ့သည်။ ဈေးချို တော်ကို အမှီပြုသည့် ကုန်ပွဲရုံများသို့ အနယ်နယ်အရပ်ရပ်မှ လာရောက်သူတို့ အနေနှင့် ညပိုင်းတွင် ဝယ်ယူလည်ပတ်ရန် အတွက် တစ်နေရာတည်းတွင် အဆင်ပြေ စေသည့် ဈေးတန်းလည်း ဖြစ်ခဲ့သည်။

လက်ရှိအနေအထားတွင်လည်း ဟိုးယခင်ကလောက် ဝယ်ယူစရာ ပစ္စည်း ပစ္စယ မစုံလင်တော့သော်လည်း လည်ပတ် စားသောက်ရန်အတွက်မူ မန္တလေးရှိ ညဈေးတန်းများက ဖြည့်ဆည်းပေးနေ သေးသည်။

တစ်နေကုန် လုပ်ငန်းခွင်အတွင်း လှုပ်ရှားရုန်းကန်ရင်း ညခင်းပိုင်းတွင် အေးအေးသက်သာ လည်ပတ်ကာ စားသောက်တတ်ကြသည့် ဓလေ့ကလည်း မန္တလေးတွင် အမြစ်စွဲနေပြီဖြစ်သည်။ နေအိမ်တွင် ချက်ပြုတ်စားသောက်ခြင်း ထက် အပင်ပန်းလည်း သက်သာ၊ အလုပ် လည်း မရှုပ်၊ ငွေကြေးကုန်ကျလည်း မပို သည့် ပြင်ပအစားအစာများကို ခုံမင်လာ သည့် မန္တလေးအတွက် ညဈေးများက မရှိမဖြစ် လိုအပ်နေဦးမည် ဖြစ်သည်။

တစ်ခုတော့ ရှိသည်။ ညဈေးတန်း များစွာ ဖွင့်လှစ်ပေးမည့်အစား ပြယုဂ်တစ်ခုအဖြစ်သာ ကျန်ရှိနေတော့သည့် ဈေးချိုတော် ညဈေးတန်းကို အဆင့်မြှင့် တင်မှုများ ပြုလုပ်လျှင် မန္တလေး၏ မည်သည့် နေရာတွင်ပဲ နေထိုင်သည့်ဖြစ်စေ သွားခင်း လာခင်း သာသည့်အတွက် လာရောက်ကြ မည်ဖြစ်သည်။ အစိုးရ၏ ရည်ရွယ်ချက် ဖြစ်သည့် နိုင်ငံခြားသားဈေးကွက်ကို လည်း အထူးတလည် ရှာဖွေနေရန် မလို အပ်တော့။

“အရင်တုန်းကဆိုရင် ရုပ်သေးရုပ် တို့လို မြန်မာမှုပစ္စည်းတွေ ရောင်းချတာ ရှိခဲ့တယ်။ အခုကျတော့ ဈေးပျက်ပြီး နောက်ပိုင်း မရှိတော့ဘူး၊ ဒါပေမဲ့ နိုင်ငံ ခြားသားတွေက ညဈေးကို စိတ်ဝင်စားမှု တော့ မလျော့ဘူးဗျ။ ကျွန်တော့်ဆီက အင်္ကျီတွေဆို ဈေးသက်သာလို့ဆိုပြီး ဝယ်တတ်ကြတယ်” ဟု ဈေးချိုတော် ညဈေးတန်း ဈေးသည်ကြီး ဦးအောင်နိုင်ဝင်း က ပြောသည်။

မန္တလေးမြို့တော်၏ ညဈေးတန်း အော်ပရာတွင် ကန့်လန့်ကာအသစ် ဖွင့်လှစ်လိုက်ပြန်ပါပြီ။ မန္တလေး၏ လိုအပ် ချက်ကို မည်မျှထိ ဖြည့်ဆည်းနိုင်ကြပါ မည်နည်း။ 

 

မြတ် (ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *