ပါတီတည်ဆောက်ခြင်းနှင့် အပြောင်းအလဲကို ဦးဆောင်ခြင်း

 

 

ဒီရက်ပိုင်းအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဗဟိုကော်မတီ (သတ္တမအကြိမ်မြောက်) အစည်းအဝေး ပုံမှန် ကျင်းပခဲ့တာတွေ့ရပါတယ်။ ဒါဟာ ပါတီတစ်ခုအတွက် ပုံမှန်ပြုလုပ်ရ မယ့် နိုင်ငံရေးတာဝန်တစ်ရပ်ဖြစ်ပြီး အာဏာရပါတီတစ်ခုအနေနဲ့တော့ သာမန်အချိန်တွေထက် ပိုတဲ့သုံးသပ်ဝေဖန်စရာကိစ္စတွေရှိမယ့် အစည်း အဝေးမျိုးလို့ ဆိုရမှာဖြစ်ပါတယ်။

NLD ပါတီဟာ စတင်ထူထောင်တဲ့ ၁၉၈၈ နောက်ပိုင်းကာလက စတွက်ရင် သက်တမ်း ၂၈ နှစ်လောက်ရှိလာခဲ့ပါပြီ။ မြန်မာ့စစ်ပြီးခေတ် နိုင်ငံရေးသမိုင်းအရပြောမယ်ဆိုရင် သက်တမ်း ၂၈ နှစ်ရှိတဲ့ မြေပေါ်ပါတီ ဆိုတာ မရှိသလောက်ပါပဲ။ မြေအောက်ပါတီတွေအဖို့ပြောရင် ဗကပ ဟာ ၁၉၃၉ က တည်ထောင်တာဖြစ်တဲ့အတွက် အနှစ် ၈၀ လောက်ရှိ လာပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဗကပရဲ့ မြေပေါ်လှုပ်ရှားတဲ့ သမိုင်းက သုံးနှစ်လောက်ပဲရှိတာပါ။ လက်နက်ကိုင်လှုပ်ရှားမှုကလည်း ပဲခူးရိုးမ ပျက်စီးသွားတဲ့ကာလ (၁၉၇၅-၆) လောက်ကို တစ်ပိုင်း၊ တရုတ်အကူ အညီနဲ့ ပြန်လည်ပေါ်ထွက်လာတဲ့ ၁၉၆၈ ကာလနောက်ကို တစ်ပိုင်း ခွဲမယ်ဆိုရင်တော့ သူ့ရဲ့သက်တမ်းဟာ နှစ် ၃၀ မပြည့်ဘူးဆိုတာ တွေ့ရ မှာပါ။ ဒီကာလတွေအတွင်းမှာ ဗကပဟာ ပါတီကွန်ကရက်ကို လွတ်လပ် ရေးမရမီမှာ တစ်ကြိမ်နဲ့ ၁၉၈၆ ခုနှစ်မှာ တစ်ကြိမ် နှစ်ကြိမ်ပဲ ကျင်းပနိုင် ခဲ့ပြီး ဗဟိုကော်မတီစုံညီအစည်းအဝေးဆိုတာကလည်း မရှိသလောက် ရှားခဲ့တာဖြစ်တယ်။ နောက်ဆုံးပြိုကွဲသွားတဲ့ အရှေ့မြောက်စစ်ဒေသ ခေါင်းဆောင်တွေကို ၁၉၇၉ ခုနှစ်မှာရှိတဲ့ ဗဟိုကော်မတီအစည်းအဝေးက ရွေးချယ်ခဲ့တာဖြစ်ပြီး ၁၉၈၆ မှာ နောက်တစ်ကြိမ်ပဲ ကျင်းပခဲ့တာ တွေ့ရပါတယ်။

ပါလီမန်ဒီမိုကရေစီခေတ်ဟာ ၁၉၄၈ မှ ၁၉၆၂ အထိ ၁၄ နှစ် ကြာခဲ့ပေမယ့် ဖဆပလအဖို့ပြောရရင် ၁၉၅၈ မှာ နှစ်ခြမ်းကွဲခဲ့တဲ့အတွက် ပါတီသက်တမ်းဟာ ဖက်ဆစ်တော်လှန်ရေးအပြီးကာလက စတွက်ရင် သက်တမ်း ၁၀ နှစ်ကျော်ပဲရှိတာ တွေ့ရမှာပါ။ ဖဆပလအနေနဲ့ ပါတီတွင်း ကိစ္စတွေနဲ့ ပတ်သက်လို့ ဖိဖိစီးစီးပြောဆိုခဲ့တာတွေရှိခဲ့ပေမယ့် တစ်ခု တည်းသော ခေါင်းဆောင်မှုအောက်မှာ မရပ်တည်နိုင်ခဲ့တာက အဓိက အားနည်းချက်ဖြစ်ခဲ့တာပါပဲ။ ခေါင်းဆောင်မှုအတွင်း မညီညွတ်မှုက ပါတီနှစ်ခြမ်းကွဲတဲ့အဖြစ်ကို ရောက်စေခဲ့တာဖြစ်တယ်။ ဖဆပလကနေ ပထစနဲ့ ဦးဘဆွေ၊ ဦးကျော်ငြိမ်းတို့ရဲ့အုပ်စု (တည်မြဲ၊ သန့်ရှင်း) နှစ်ခြမ်း ကွဲခြင်းဟာ မြန်မာ့နိုင်ငံရေးအပေါ် ကြီးစွာဂယက်ရိုက်ခဲ့ရုံမက တစ်ဆစ်ချိုး အပြောင်းအလဲတွေ ဖြစ်စေခဲ့တယ်လို့တောင် ဆိုနိုင်တာဖြစ်ပါတယ်။ ထိုစဉ်က အဖြစ်အပျက်တွေကို ပြန်လည်သုံးသပ်ရာမှာ ၁၉၆၂ ခုနှစ် ဦးနေဝင်းအာဏာသိမ်းရခြင်းဟာ ဖက်ဒရယ်မူကြောင့်ဆိုတာက အဓိကမကျဘဲ ဖဆပလနှစ်ခြမ်းကွဲခြင်းရဲ့ အကျိုးဆက်ကြောင့်ဖြစ်တယ် လို့ ဝါရင့်နိုင်ငံရေးသမားကြီးတစ်ဦးရဲ့ သုံးသပ်ချက်က အလွန်အလေး ထားစရာဖြစ်တယ်။ အကြောင်းကတော့ ပါတီနှစ်ခြမ်းကွဲရာမှာ တပ်နဲ့ ပိုပြီး နီးစပ်တဲ့အုပ်စုက ရှုံးနိမ့်သွားတဲ့အတွက် တစ်ဖက်က တောတွင်း ဗကပရှိနေတဲ့အောက်မှာ တပ်မတော်ဟာ ကိုယ့်ထွက်ပေါက် ကိုယ်ရှာ ရတဲ့သဘောဖြစ်လာခဲ့တာပါပဲ။ ဒီနေရာမှာ တစ်ဦးချင်းခေါင်းဆောင်မှု၊ မာနတရားတွေကလည်းပါဝင်မှာ အသေအချာပဲဖြစ်ပါတယ်။ ဒါတွေကို မှန်တယ်လို့ဆိုလိုတာမဟုတ်ပါဘူး။ ဆိုလိုချင်တာကတော့ နိုင်ငံရေး အရ ဩဇာအကြီးဆုံးပါတီတစ်ခုကို နိုင်ငံရေးအရ ကျစ်ကျစ်လျစ်လျစ် မတည်ဆောက်ထားနိုင်ရင် ကွဲတတ်တယ်။ ကွဲတဲ့အခါမှာ မြန်မာနိုင်ငံလို တိုင်းပြည်ငယ်တွေအတွက် အထိနာတဲ့ သမိုင်းတစ်ခုဖြစ်လာစေတယ် ဆိုတာပါပဲ။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ NLD ပါတီကဲ့သို့ ရေရှည်အဖိနှိပ်ခံ ပြီး အတိုက်အခံဘ၀နဲ့ နေခဲ့ရတဲ့ပါတီမရှိခဲ့ဘူးလို့ပဲ ဆိုရမှာပါ။ အပေါ်မှာ တင်ပြခဲ့သလိုပါပဲ ပါတီတွေဟာ လက်နက်ကိုင်ရင် ကိုင်၊ မဟုတ်ရင်လည်း ရေရှည်မခံဘဲ ပြိုကွဲသွားခဲ့ကြတာ များပါတယ်။ NLD ပါတီဝင်တွေ အဖို့ပြောရင် အဖိနှိပ်ခံနေရတဲ့ဘ၀မှာ ထုသားပေသားကျပြီး ခံနိုင်ရည် ရှိခဲ့တယ်ဆိုတာ သေချာပါတယ်။ ဒါပေမဲ့ အာဏာရလာတဲ့အခါမှာ ခံနိုင်ရည်ရှိပါ့မလားဆိုတာ မသေချာကြောင်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စိတ်ပူပြီး ပြောခဲ့တာမှတ်သားခဲ့ရဖူးပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေမှာ အာဏာရပြီးနောက် အာဏာအပေါ် ယစ်မူးသွားခဲ့ တာတွေရှိပါတယ်။ တရုတ်ကွန်မြူနစ်ပါတီဆိုရင် ၁၉၂၄ လောက်က စပြီး လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲခဲ့ရာ ၁၉၄၉ မှာ တစ်နိုင်ငံလုံး လွတ်မြောက်အောင် စွမ်းဆောင်နိုင်ခဲ့တယ်။ သူတို့ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေက အံ့မခန်းပါပဲ။ ဒါပေမဲ့ လွတ်မြောက်ပြီးနောက်ပိုင်း လယ်သမားကလာတဲ့ တပ်မှူးတွေ၊ ကေဒါတွေထဲမှာ အာဏာယစ်မူး တာတွေ၊ နိုင်ငံရေးနိမ့်ကျမှုတွေရှိလာတာဖြစ်တယ်။ မြို့ပေါ်ကလာတဲ့ ပညာတတ်နိုင်ငံရေးသမားတွေလောက် စည်းစနစ်တကျမရှိမှုက ရေရှည်မှာ ပါတီအတွင်း အက်ကြောင်းဖြစ်လာတာပါပဲ။ ၁၉၆၄ မှာ ဖြစ်တဲ့ ယဉ်ကျေးမှုတော်လှန်ရေးရဲ့ နောက်ခံအကြောင်းရင်းက ဒီပြဿနာက စတာပဲဖြစ်ပါတယ်။

ဒီပြဿနာနဲ့ ပတ်သက်လို့ ၂၀၁၃ ခုနှစ် နိုဝင်ဘာလထဲက ]ပါတီ တစ်ခု ရှင်သန်ခြင်း} ဆိုတဲ့အမည်နဲ့ ဠသငခန ဂျာနယ်မှာ ဆောင်းပါး တစ်ပုဒ်ရေးခဲ့ဖူးပါတယ်။ အဲဒီအချိန်က NLD ရဲ့ ပထမဆုံးအကြိမ် ပါတီညီလာခံအထိမ်းအမှတ်ရေးခဲ့တာဖြစ်ပါတယ်။ ရေရှည်အဖိနှိပ်ခံပြီး မှ အာဏာရလာတဲ့ ပါတီတွေမှာ လူဟောင်းလူသစ်ပြဿနာ ပေါ်တတ် ကြောင်း၊ ဒီပြဿနာကို NLD အနေနဲ့ မှန်ကန်စွာကိုင်တွယ်နိုင်ခဲ့ တာတွေ့ရကြောင်း ရေးခဲ့တာဖြစ်တယ်။ NLD အနေနဲ့ ရေရှည်ကြံ့ကြံ့ ခံရပ်တည်နိုင်ခြင်းဟာ ဩဇာရှိတဲ့ခေါင်းဆောင်တစ်ယောက် ထိပ်ဆုံး ကနေ မားမားမတ်မတ်ရှိနေခဲ့တာကလည်း တစ်ကြောင်းလို့ ဆိုရမှာ ပါ။ အခု အာဏာရှိလာတဲ့အခါမှာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုတာနဲ့ NLD ကို ပူးတွဲပြောဆိုလာတာလည်း တွေ့ရပါတယ်။ အမှန်အတိုင်း ပြောရရင်တော့ ပုဂ္ဂိုလ်ရေးကိုးကွယ်ရေးကိုးကွယ်မှုဆိုတာကလည်း ကိုးကွယ်လောက်တဲ့ အရည်အချင်း၊ အတွေ့အကြုံ၊ ဖြတ်သန်းမှုတွေ၊ အခက်အခဲတွေနဲ့ ရင်ဆိုင်ရာမှာ မှတ်ကျောက်တင်ခံနိုင်မှုတွေရှိလို့ သာလျှင် ဖြစ်လာတာပါပဲ။ ပုဂ္ဂိုလ်ရေးအရ အလေးထားလောက်စရာ အရည်အချင်းမရှိရင် ဒီလိုအလေးထားမှုတွေ ပေါ်လာစရာအကြောင်း မရှိပါဘူး။ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဆိုတာ အတင်းလုပ်ယူလို့ရတာတော့ မဟုတ်ပါဘူး။ အမေရိကန်သမိုင်းမှာတောင် ပိုပြီးဩဇာကြီးတဲ့ ခေါင်းဆောင်နဲ့ သာမန်ခေါင်းဆောင်ဆိုပြီး ကွဲသေးတာပါပဲ။ အမေရိကန် သမ္မတတွေထဲမှာ အလေးထားခံရဆုံးခေါင်းဆောင်သုံးဦးပဲ ရှိပါတယ်။ ဂျော့ရှ်ဝါရှင်တန်၊ လင်ကွန်းနဲ့ ဖရန်ကလင်ဒီရုစဘဲ့တို့ ဖြစ်တယ်။ ဒီသုံးဦး စလုံးဟာ အမေရိကန်သမိုင်းရဲ့ ကြီးမားလှတဲ့အချိုးအကွေ့တွေမှာ မှန်ကန်စွာ ပဲ့ကိုင်ထိန်းကျောင်းနိုင်ခဲ့လို့ သူတို့ကို အခုထိအသိအမှတ် ပြုလေးစားကြတာဖြစ်တယ်။

မြန်မာသမိုင်းမှာ အခုတစ်ကြိမ်ကို ဒုတိယအကြိမ်လွတ်လပ်ရေး တိုက်ပွဲလို့ တင်စားပြောဆိုနေကြတာဟာ အကြောင်းရင်းအခိုင်အမာ ရှိပါတယ်။ ဒါကို NLD ပါတီဝင်တွေသာမက ရေရှည်ကြံ့ကြံ့ခံရပ်တည် လာတဲ့ ပြည်သူလူထုတစ်ရပ်လုံးက သိကြတာဖြစ်တယ်။ NLD ပါတီ နဲ့ ခေါင်းဆောင်မှုအကြောင်းကိုပြောရင် ပြည်သူလူထုကို ထည့်မပြော လို့မရပါဘူး။ ပြည်သူရဲ့ အဆုံးအဖြတ်က အရေးကြီးဆုံးနေရာမှာ ရှိပါ တယ်။ NLD အဖို့ပြောရင် ပြည်သူလူထုက နက်နက်ရှိုင်းရှိုင်း ယုံကြည် မှုရှိကြောင်း အကြိမ်ကြိမ်ဖော်ပြခံခဲ့ရပြီးဖြစ်ပါတယ်။ ဒါက NLD ခေါင်းဆောင်ရဲ့ ကြံ့ကြံ့ခံရပ်တည်နိုင်မှုအပြင် မြူဆွယ်လိုက်လျောမှုတွေ နောက်ကိုလည်း ပါမသွားခဲ့ဘူးဆိုတဲ့အချက်အပေါ် အများကြီးမူတည်တာ ဖြစ်တယ်။ သေချာတာကတော့ လူထုအမြင်ဟာ ဘယ်တော့မှ မမှားဘူး ဆိုတာဖြစ်တယ်။ လူထုရဲ့ရပ်တည်ချက်က အာဏာရှင်စနစ်တွေနဲ့ ပတ်သက်ရင် ပြတ်ပြတ်သားသား ရှိလှပါတယ်။ ဒါကို အမြဲနှလုံးသွင်းနိုင် တဲ့ပါတီဟာ ရေရှည်မှာ ရှင်သန်မှာပါပဲ။ ဒါကို နှလုံးမသွင်းနိုင်တဲ့နေ့မှာ ပါတီဟာ ကျဆုံးမှာပါပဲ။

အခု ဇွန်လ ၂၄ ရက်နေ့က ရွှေဂုံတိုင်ရုံးချုပ်မှာ ကျင်းပတဲ့ NLD ဗဟိုကော်မတီအစည်းအဝေးမှာ NLD ရဲ့ ဝါရင့်ခေါင်းဆောင်တစ်ဦး က N LD အနေနဲ့ သတိထားရမယ့် ဘေးသုံးဘေးကို ပြောသွားတာ တွေ့ရတယ်။ ဒါတွေကတော့ မွေးစားခံရခြင်းဘေး၊ ခုတုံးလုပ်ခံရခြင်းဘေး နဲ့ ပါတီအတွင်းပိုင်းကလာတဲ့ ထောင်လွှားခြင်းဘေးဆိုတာတွေပါပဲ။ ဒီအချက်တွေကိုခြုံပြီးပြောမယ်ဆိုရင် လူထုအမြင် သဘောထားတွေနဲ့ မကင်းကွာဖို့ဆိုတာပဲဖြစ်ပါလိမ့်မယ်။ စည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်တာဟာ မူဝါဒတွေကို ဖောက်ဖျက်တာပဲ၊ မူဝါဒတွေကို ဖောက်ဖျက်တာဟာ ပါတီရပ်တည်ချက်တွေကို ဖောက်ဖျက်တာနဲ့ အတူတူပဲ။ ဒါဟာ NLD ကို ဖျက်ဆီးပစ်နိုင်တဲ့လမ်းကြောင်းပေါ် ရောက်နေပြီလို့ စွပ်စွဲခံရမယ့် အနေအထားဖြစ်ကြောင်း ပြောသွားတာ တွေ့ရတယ်။

လူပုဂ္ဂိုလ်တစ်ဦးအတွက်ဖြစ်စေ၊ ပါတီတစ်ခုအတွက်ဖြစ်စေ အမြဲတမ်း ပြုပြင်ထိန်းသိမ်းနေရခြင်းဟာ ဓမ္မတာသဘောဖြစ်ပါတယ်။ ဒါတွေကိုပဲ ပါတီတည်ဆောက်ရေးလို့ခေါ်တာပါပဲ။ တရုတ်ပြည်လို သက်တမ်း နှစ် ၉၀ ကျော်ရှိလာတဲ့ ပါတီကြီး၊ ပါတီဝင် သန်း ၈၀ ကျော် ရှိတဲ့ ပါတီကြီးတွေမှာလည်း ဒီလိုပဲစည်းကမ်းထိန်းသိမ်းရေးနဲ့ အဂတိ လိုက်စားမှုတွေ တိုက်ဖျက်နေရတာပဲဖြစ်တယ်။ ရှီကျင်းဖျင်သမ္မတ ဖြစ်လာချိန်ကနေ ယနေ့အချိန်အထိ အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ လူပေါင်းတစ်သန်းကျော်ကို အရေးယူခဲ့ပြီး အဲဒီထဲမှာ ဗဟိုအဆင့် ကေဒါကြီး ၂၄၀ လောက်ပါဝင်တာဖြစ်တယ်။ အမှုပေါင်းသုံးသောင်းမှာ အမှု ရှစ်ထောင်ကို ကြီးလေးတဲ့ပြစ်ဒဏ်ပေးခဲ့ရတာဖြစ်တယ်။ ဒါကြောင့် တိန့်ရှောင်ဖိန်အလွန်ခေတ်မှာ ရှီကျင်းဖျင်ဟာ ဩဇာအကြီးဆုံး ခေါင်းဆောင်ဖြစ်လာပါတယ်။

အတွေ့အကြုံနဲ့ သင်ခန်းစာတွေက အိမ်နီးချင်းနိုင်ငံတွေမှာတင် အတော်များများရနိုင်ပါတယ်။ NLD ပါတီဟာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ခဲ့တဲ့အစဉ်အလာရှိတဲ့အတွက် အခက်အခဲများကို ကျော်နိုင် မယ်လို့ ယုံကြည်နေပါတယ်။ အခက်အခဲတွေထဲမှာ သူများနိုင်ငံတွေမှာ မကြုံတွေ့ခဲ့ရတဲ့အခက်အခဲတချို့လည်း ပါဝင်နိုင်တာဖြစ်ပါတယ်။ ဒုတိယအကြိမ် လွတ်လပ်ရေးလို့ ခေါ်လောက်အောင် တစ်က ပြန်စကြရ သလိုဖြစ်တဲ့အတွက် အခက်အခဲဟာ ကြီးမားတယ်လို့လည်း ဆိုနိုင်ပါ တယ်။ မည်သို့ဆိုစေ နှစ် ၃၀ နီးပါး ရရှိလာတဲ့အတွေ့အကြုံသင်ခန်းစာ များအပြင် ဩဇာကြီးမား၊ ကိုယ်ကျိုးကင်းတဲ့ခေါင်းဆောင်မှုကို ရရှိထား တဲ့ NLD အတွက် လာမယ့်နှစ်အနည်းငယ်အတွင်း ကြုံတွေ့လာရ စရာရှိတဲ့ အခက်အခဲများကို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ရပါကြောင်း တင်ပြလိုက်ရပါတယ်။ 

အေးမောင်ကျော်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *