သွေးလွန်တုပ်ကွေးမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ၊

ရောဂါဖြစ်ရင် ဘာတွေလုပ်မလဲ

ကလေးတွေမှာ အများဆုံးဖြစ်ပွားပြီး နှစ်စဉ်သတိထားရတဲ့ သွေးလွန်တုပ်ကွေးရောဂါဟာ ယခုနှစ်အတွင်း ဖြစ်ပွားမှုနှုန်းအလွန်များပြားနေတာမို့ မိဘတွေအနေနဲ့ ကလေးကို သေချာဂရုစိုက်နိုင်ဖို့အတွက် ရောဂါ မဖြစ်အောင် သတိပြုကာကွယ်ရမယ့် နည်းလမ်းတွေ၊ ရောဂါဖြစ်တဲ့အခါ ဘာလုပ်သင့်တယ်ဆိုတာတွေကို ဆေးတက္ကသိုလ် (၁) ရန်ကုန်၊ ကလေးကျန်းမာပညာဌာန ပါမောက္ခ၊ ဌာနမှူး (ငြိမ်း)၊ ပါရမီဆေးရုံမှ ကလေး အထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးစောဝင်းက လမ်းညွှန်ပြောကြားပေးထားပါတယ်။

ကျောင်းဖွင့်ရာသီတွင် သတိပြုရန်

– ကလေးများကျောင်းသွားစဉ်တွင် မိဘများက အင်္ကျီ၊ ဘောင်းဘီ အရှည်ဝတ်ပေးလိုက်သင့်သည်။

-ကလေးဖျားပါက သွေးလွန်တုပ်ကွေးဖြစ်နေသည်ဟု သံသယထား၍ အိမ်တွင်သာ ဂရုတစိုက် စောင့်ရှောက် သင့်သည်။

-မိုးရာသီတွင် အဖျားကြီးသော ကလေးတိုင်းကို သွေးလွန်တုပ်ကွေး စစ်ဆေးမှုပြုလုပ်သင့်သည်။ အခြား အကြောင်းအရာမရှိမချင်း အဖျားကြီးသော ကလေးများကို သွေးလွန်တုပ်ကွေးဟုမှတ်ယူပြီး အချိန်အခါမလပ် စောင့်ကြပ် ကြည့်ရှုရန်လိုသည်။

သွေးလွန်တုပ်ကွေးဟု သံသယဖြစ်နိုင်သည့် သတိထားရမည့် လက္ခဏာများ

အော့အန်ခြင်း၊ အရေပြားပေါ်တွင် အနီစက်၊ အနီကွက်ထွက်ခြင်း၊ ကိုယ်လက် နာကျင်ကိုက်ခဲခြင်း၊ Hess Test Positive ဖြစ်ခြင်း ( သွေးပေါင် ချိန်တိုင်းကိရိယာဖြင့် လက်မောင်းပတ်၊ ညှစ်ပြီး အနီစက်ထွက်၊ မထွက်ကြည့် ပါက တစ်လက်မပတ်လည်တွင် အစက် ၂၀ ခန့်ပေါ်သည့်လက္ခဏာ ပြခြင်း) သွေးဖြူဥနည်းခြင်း၊ အန္တရာယ် လက္ခဏာရှိခြင်း (အန္တရာယ်လက္ခဏာများ- ကလေးမှာဖျားပြီး ၃ ရက်မှ ၅ ရက်အတွင်း အဖျားကျပြီး သွေးလန့် သည့် လက္ခဏာပေါ်ခြင်း၊ အဖျားကျသော်လည်း ပိုမလန်း ဆန်းလာဘဲ အလွန်အမင်းမှိန်းခြင်း၊ ကယောင် ကတမ်း ဖြစ်ခြင်း၊ အီခြင်း၊ မစားမသောက်၊ ကော်ဖီနှစ်ရောင် ပျို့အန်ခြင်း၊ ကတ္တရာစေးရောင် ဝမ်းသွားခြင်း၊ ဂနာ မငြိမ်ခြင်း)။ အန္တရာယ်လက္ခဏာပေါ်က မြန်ဆန်စွာ ကုပါ။

စမ်းသပ်နိုင်သည့်နည်းလမ်းများ

– ဗိုက်နာခြင်း (သို့) ဗိုက်ကိုဖိ၍ စမ်းသပ်လျှင် နာသည်။

– အဆုတ်၊ နှလုံးတို့၏ ပတ်ဝန်းကျင်နှင့်ဝမ်းဗိုက် အတွင်း အရည်စုခြင်း (ဆရာဝန်စမ်းသပ်မှု (သို့) ဓာတ်မှန်၊ အာလ်ထရာဆောင်းတို့ဖြင့် စစ်ဆေး ခြင်းဖြင့် သိနိုင်သည်။)

– အသည်း ၂ စင်တီမီတာထက်ပိုကြီးခြင်း။ ဓာတ်ခွဲစမ်းသပ်မှုတွင် သွေးဥမွှားကျလာခြင်း၊ သွေးပျစ်နှုန်း (PCV) များလာခြင်း။

-Hess Test စစ်ဆေးခြင်း။ (Hess Test Positive လက္ခဏာမရှိလျှင်လည်း သွေးလွန်တုပ်ကွေးဖြစ်နိုင်သည်။ )

– သွေးစစ်ဆေး၍လည်း သိနိုင်သည်။

ဆေးဝါး

– ပါရာစီတမောတိုက်ပါ။

ပါရာစီတမောမဟုတ်သည့် အခြားကိုက်ခဲပျောက်ဆေးများသောက်ခြင်း၊ စအိုမှသွင်းခြင်းများ မလုပ်ရ။
ယင်းသို့ပြုလုပ်ပါက သွေးယိုစီးပြီး အသက် အန္တရာယ်ရှိသည်။

– စပ်ဆေးကဲ့သို့သော ဆေးမြီးတိုဖြင့် မကုပါနှင့်။

– ဆေးရုံအချိန်မီတင်၍ ဆားရည်၊ သွေးရည်ကြည်စသည့်တို့ဖြင့် စနစ်တကျ ဖြည့်တင်းကုသရန် လိုအပ်သည်။
ဓာတ်ဆားရည်တိုက်ပါ။ ရေ၊ ဆား၊ သကြားကို ဖျော်ထားသည့် အရည်များများတိုက်ပါ။ ရေပတ် တိုက်ပေးပါ။

ဆေးရုံတင်ရမယ့်အချိန်

အန္တရာယ်လက္ခဏာရှိသော ကလေး၊ ဆေးရုံနှင့် ဝေး၍ သွားလာရခက်ခဲသော လူနာများ၊ တစ်နှစ် အောက် လသားကလေးများ၊ အဝလွန်သောလူနာနှင့်သာလာဆီးမီးယား သွေးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဆီးချိုရောဂါကဲ့သို့ အခြားရောဂါရှိသူများကို ဆေးရုံတင်ထားသင့်သည်။

ဘယ်ဆေးရုံမှာတင်မလဲ

ဆရာဝန်၊ ဆရာမများက ၂၄ နာရီ ဂရုတစိုက် စောင့်ကြည့်ကုသရန်လိုသည့်အပြင် သွေးပျစ်၊ သွေးကျဲနှုန်း(PCV) တိုင်းသည့်စက်ရှိသင့်သည်။ လိုအပ်သလို သွေးရည်ကြည်၊ သွေးစသည်တို့ပေး နိုင်သည့် ဆေးရုံဖြစ်သင့်သဖြင့် အစိုးရဆေးရုံကြီးများ၊ ကလေးအထူးကုဆေးရုံကြီးများတွင် ဆေးရုံတင်သင့်သည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *