“SMEs Loan  တွေလည်းမရှိတော့  လုပ်ငန်းမရှိသလောက်ပါပဲ”

ချင်းပြည်နယ်စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း (CSCCI) ဒုတိယဥက္ကဋ္ဌဒေါက်တာရွှေဟိန်းနှင့် တွေ့ဆုံခြင်း

တိုင်းဒေသကြီးနှင့် ပြည်နယ်များအနက် ရခိုင်ပြည်နယ်ပြီးလျှင် ချင်းပြည်နယ်သည် ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်သည်။ လက်ရှိအစိုးရလက်ထက်တွင်လည်း  ထိုနည်းတူပင်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းနှင့် လျှပ်စစ်မီးရရှိရန် ခက်ခဲခြင်းများကြောင့် လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံရန် ယခုတိုင်ခက်ခဲနေဆဲဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်ကမူ ချင်းပြည်နယ်စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း (CSCCI) ကို ဖွဲ့စည်းခဲ့သည်။ ချင်းပြည်နယ်၏ လက်ရှိအခက်အခဲနှင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးအခင်းအကျင်းများကို ကိုယ်တိုင်လည်းလုပ်ငန်းရှင်ဖြစ်၊ ချင်းပြည်နယ်စက်မှုလက်မှုနှင့် ကုန်သည်ကြီးများအသင်း၏ ဒုတိယဥက္ကဋ္ဌလည်းဖြစ်သူ  ဒေါက်တာရွှေဟိန်းနှင့် The Voice  က  မေးမြန်းခဲ့မှုများကို ဖော်ပြလိုက်ရပါသည်။

The Voice – ချင်းပြည်နယ် စက်မှုလက်မှုနဲ့ ကုန်သည်ကြီးများအသင်း ဖွဲ့စည်းခဲ့တယ်လို့ သိရပါတယ်။  အသင်းကြီးရဲ့ ရည်ရွယ်ချက်နဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်ကိစ္စတွေကို သိပါရစေ။

Dr.SH – ဇွန်လ ၃ ရက်နေ့က ဖွဲ့စည်းတာပါ။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်က ချင်းပြည်နယ်မှာ  ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေခေါ်ဖို့ပါ။ SMEs  တွေကို သတင်းအချက်အလက်ပေးမယ်။ ဈေးကွက် အချက်အလက်တွေပေးမယ်။ ငွေကြေး (ချေးငွေ)  ရနိုင်မယ့် လမ်းကြောင်းတွေလည်းပါတာပေါ့။ ချင်း ပြည်နယ်မှာတော့ လုပ်ငန်းတွေက Medium တောင် အတော်ရှားတယ်။ Micro နဲ့ Small Level တွေပဲများတယ်။ ဖွံ့ဖြိုးမှုကလည်း တော်တော်နောက်ကျနေ  တာပေါ့။ ဒါတွေအတွက် အထောက်အကူဖြစ်နိုင်အောင်ဆိုပြီး CSCCI လို့ခေါ်တာပေါ့။ Chin  State Chamber of Commerce and Industry  ကို ဖွဲ့စည်းခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့ကြီးက Semi- Government ပေါ့နော်။

The Voice – ဒုတိယသမ္မတ (၁) နဲ့ လုပ်ငန်းရှင်တွေ UMFCCI မှာ တွေ့တဲ့အခါ ချင်းပြည်နယ်က SMEs တွေ ချေးငွေရဖို့ကိစ္စ တင်ပြခဲ့တယ်လို့ ကြားတယ်။  ဘာထူးလဲခင်ဗျ။

Dr.SH – ဒီလိုပါ။ ဟိုအရင် သမ္မတဦးသိန်းစိန် လက်ထက်က ချင်းပြည်နယ်အတွက်ဆိုပြီး သိန်းတစ်သောင်းပုံမှန် ခွဲတမ်းချပေးတယ်။ တကယ်တမ်းကျတော့ အစိုးရက ခွဲတမ်းပဲချတယ်။ ကျွန်တော်တို့ကို   ချေးထားတာမရှိဘဲနဲ့ အဲဒီပိုက်ဆံတွေက ပြည်မကို  ပြန်လှည့်တာပေါ့နော်။ တစ်ခါပဲ ၂၀၁၄-၂၀၁၅ မှာ ကားဝပ်ရှော့ပိုင်ရှင်တစ်ယောက် သိန်း ၂၀၀ ချေးဖူးတာပဲရှိတယ်။ လိုအပ်ချက်တွေများလွန်းလို့လည်း ဖြစ်နိုင်တယ်။ အသေးစားလုပ်ငန်းရှင်တွေကလည်း ဒီ SMEs ချေးငွေအကြောင်း လုံးဝမသိရှိကြဘူး။  ဘယ်ကနေဘယ်လိုချေးရမယ် မသိကြဘူး။ ခက်တာက (ငွေချေးတဲ့အခါ တင်ပြရတဲ့) လိုအပ်ချက်တွေကလည်း တော်တော်များတာကိုး။ ပိုင်ဆိုင်မှုပြရမယ်။  လုပ်ငန်းလည်ပတ်မှုပြရမယ်ဆိုတဲ့ ကိစ္စတွေကလည်း  တော်တော်များတော့ လူတွေကမလျှောက်နိုင်ဘူး။  ဒီတော့ ချေးငွေမရတော့ လုပ်ငန်းလည်း မတိုးချဲ့နိုင်ဘူး။ ဈေးကွက်လည်း မချဲ့နိုင်ဘူး။ အဲလိုဖြစ်နေတာ။  SMEs အတွက် ငွေကြေးဖြစ်ဖြစ်၊ နည်းပညာဖြစ်ဖြစ်၊  သတင်းအချက်အလက်ဖြစ်ဖြစ် ဒါတွေကို ပံ့ပိုးမှုက  အတော်အားနည်းတော့ SMEs က အတော်အားနည်းနေတယ်။ ဒါ့ကြောင့် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးမှုနည်းတော့  ကျွန်တော်တို့က ဆင်းရဲနွမ်းပါးမှုက မလွတ်နိုင်ဘူး။

The Voice – ခုနပြောတဲ့ သိန်းတစ်သောင်းဆိုတာ ဘယ်လိုခေါင်းစဉ်နဲ့လဲဗျ။

Dr.SH – SMEs ချေးငွေဆိုပြီး SMIDB ဘဏ်ကနေပြီး ချေးလို့ရတယ်။ အမှန်တော့ ချင်းပြည်နယ်မှာ (SMIDB ဘဏ်) မရှိဘူး။ စစ်ကိုင်းတိုင်း  မုံရွာမှာ  သွားလျှောက်ရတယ်။ ချင်းပြည်နယ်မှာတော့ SMIDB ဘဏ်မရှိဘူး။ ပုဂ္ဂလိကဘဏ်တွေကလည်း   ပိုက်ဆံမချေးဘူး။ ပုဂ္ဂလိကဘဏ်တွေက အခုမှ ဟားခါးကိုရောက်တယ်။ ဥပမာ – ကမ္ဘောဇဆိုရောက်တာ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ တခြားပြည်နယ် တွေကြတော့ JICA အကူအညီနဲ့ပေးထားတဲ့  SMEs ချေးငွေတွေရှိတာကိုး။ အတိုးငွေနည်းနည်းနဲ့  သူတို့ချေးလို့ရတယ်။ ကျွန်တော်တို့ဆီကျ အဲဒါမျိုးတွေ မရောက်နိုင်တော့ မတိုးတက်နိုင်ဘူး။ နည်းပညာလည်း အားနည်းတယ်။ ဈေးကွက်ရှာဖွေပေးတာကလည်း ပြည်မနဲ့ အချိန်အဆက်မရှိဘူး။ လုပ်ငန်းလေးတွေဆိုလည်း စိုက်ပျိုးနည်းပညာ၊ ထုပ်ပိုးနည်းပညာစသည် ဖြင့်မရှိဘူး။ ဒီတော့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းက တော်တော် လေးကို နည်းတယ်။

The Voice – JICA ချေးငွေကို ချင်းပြည်နယ်ဘက်မှာ ပေးမယ်လို့ ကြားတယ်။ ဘယ်လိုအခြေအနေရှိလဲ။

Dr.SH – ဟုတ်တယ်။ ဒုတိယသမ္မတနဲ့ပွဲမှာ အဲဒါ လေးကြားတယ်။ DICA က ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး ပြောတာ။ DICA ရုံးကို ဟားခါးမှာ  ဖွင့်ပေးမယ်။ စက်တင်ဘာလလောက် စဖွင့်မယ်။ JICA က ချေးငွေလေးရအောင် သူတို့ပေးမယ်လို့တော့ ပြောတယ်။ ဘယ်လောက်လဲဆိုတာတော့  ပြောမထားဘူး။ ဘယ်လိုပုံစံနဲ့လဲဆိုတာလည်း  ပြောမထားဘူး။ ဘယ်လုပ်ငန်းတွေ ဦးစားပေးမယ်ဆိုတာလည်း ပြောမထားဘူး။

The Voice – အသစ်ပြင်ဆင်ပြီး ထွက်လာတဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်မှာ မဖွံ့ဖြိုးတဲ့ဒေသတွေမှာ ရင်းနှီးမြှုပ်နှံကြဖို့ မက်လုံးပေးထားတာတွေကို တွေ့ရတယ်။ ကျွန်တော်သိချင်တာက ချင်းပြည်နယ်မှာ လျှပ်စစ်မီးမရှိတဲ့အတွက် ရင်းနှီးမြှုပ်နှံဖို့ အခြေအနေက  ဘယ်လိုဖြစ်လာနိုင်လဲ။ လျှပ်စစ်မီးအပြင် လုပ်ငန်းရှင်တွေမှာ တခြားအခက်အခဲတွေ ရှိသေးလားဗျ။

Dr.SH – ဟုတ်တယ်။ ခုနစ်နှစ် Tax Incentive  ပေးထားတယ်။ ဒီနေ့ဒီအချိန်အထိ ပြည်တွင်းဖြစ်ဖြစ်၊  ပြည်ပရင်းနှီးမြှုပ်နှံမှုဖြစ်ဖြစ် မဝင်လာကြဘူး။စာရင်း အရတော့ ၁၉၈၈ ခုနှစ်အထိ Zero Investment  ဖြစ်နေတယ်။ Local ရော၊ Foreign ရောပေါ့။  လျှပ်စစ်နဲ့ပတ်သက်ရင်တော့ ပရောဂျက်အသေးလေး တွေရှိတယ်။ ရင်းနှီးမြှုပ်နှံမှုအနေနဲ့ဆိုရင်တော့  Market က မရှိသလောက်ဖြစ်နေတယ်။ ရွာလေး တွေက လူဦးရေနည်းပြီး ပြန့်နေတာ။ တစ်ရွာတစ်ရွာကို  လျှပ်စစ်မီးကြိုးဆွဲဖို့က လူကနည်းပြီး ကုန်ကျစရိတ် ကများနေတယ်။ ရွာကလူတွေက မြို့ပြောင်း၊ မြို့က လူတွေက ပြည်မပြောင်းတော့ Consumption (သုံးစွဲမှု) က တော်တော်နည်းနေတာပေါ့။ ဒီတော့  Investment က တွက်ခြေတော့ သိပ်မကိုက်လောက်  ဘူး။ တကယ့် Mega Project  မျိုးဆိုရင်တော့ အိန္ဒိယဘက်ကိုရောင်းမယ်။ ပြည်ပဘက်ကိုရောင်းမယ် ဆိုရင် Mini Hydro လေးတွေ မဟုတ်ဘဲနဲ့ပေါ့နော်။  ၂၀၀ မဂ္ဂါဝပ်တို့ ၊ ၃၀၀ မဂ္ဂါဝပ်တို့ထုတ်ရင်တော့ အိန္ဒိယ ဖြစ်ဖြစ်၊ ပြည်မဖြစ်ဖြစ် ရောင်းလို့ရတာပေါ့။

The Voice – ရင်းနှီးမြှုပ်နှံမှုကို ချင်းပြည်နယ်က ဆွဲဆောင်မယ်ဆိုရင် ချင်းပြည်နယ်ရဲ့ အားသာချက်က ဘာဖြစ်မလဲ။ ဘာတွေလုပ်နိုင်လဲ။

Dr.SH – ချင်းပြည်နယ်ရဲ့ အဓိကအားသာချက်က စိုက်ပျိုးရေး၊ မွေးမြူရေး။ နောက် Eco Tourism (သဘာဝအခြေပြု ခရီးသွားလုပ်ငန်း) တွေပေါ့။  စိုက်ပျိုးလို့ကတော့ တော်တော်ကောင်းတယ်။ ဟိုအရင် ကတည်းက သဘာဝအတိုင်း ဖြစ်ထွန်းတာတွေရှိတယ်။  မုန်လာဥတို့၊ ပန်းသီးတို့၊ ဂေါ်ဖီတို့က စိုက်ပျိုးလို့ တော်တော်ကောင်းတယ်။ ရာသီဥတုအနေအထားအရ လည်း ဒါတွေက ဖြစ်ထွန်းတယ်။ ရင်းနှီးမြှုပ်နှံမှုအတွက်  အလားအလာကောင်းတဲ့ သီးနှံတွေပေါ့။

The Voice – ချင်းပြည်နယ်ရဲ့ သဘာဝရှုခင်းတွေနဲ့ ပထဝီအနေအထားက ခရီးသွားလုပ်ငန်းအတွက် ဆွဲဆောင်နိုင်ခြေရှိလားဗျ။Dr.SH – Eco Tourism ဆိုရင် ကန်ပက်လက် မှာဆိုရင် နတ်မတောင်ရှိတယ်။ Tracking ကို နှစ်ရက် သုံးရက်သွားနိုင်တဲ့ခရီးမျိုးတွေ လုပ်လို့ရတယ်။ ပြီးရင် ငှက်ကြည့်တာတို့၊ တောင်တက်တာတို့ သဘာဝအပင် တွေနဲ့ တိရစ္ဆာန်တွေကို ကြည့်လို့ရတယ်။ တချို့ Tourists က ဒါမျိုးစိတ်ဝင်စားတယ်။ ကမ္ဘာမှာ  တော်တော်ရှားပါးနေတဲ့ ငှက်မျိုးစုံလည်းရှိတယ်။ Services Industry အနေနဲ့ကတော့ နတ်မတောင် တစ်ခုတည်းမဟုတ်ဘဲ တခြားရွာလေးတွေမှာလည်း Community Base Tourism ဆိုပြီး စမ်းကြည့်သင့်တယ်။ နောက်ပြီး အသည်းနှလုံးပုံ ရိဒ်ရေကန် လည်းရှိတယ်။ ဒါလည်း တော်တော်လေးထူးဆန်း တယ်ဆိုတော့ လူတွေက တော်တော်ကြည့်မှာပါ။

The Voice – နောက်ဆုံးအနေနဲ့ အစိုးရသစ်လက်ထက် ချင်းပြည်နယ်မှာ စီးပွားရေးလုပ်ရကိုင်ရတဲ့ အခြေအနေက ဘယ်လိုရှိပါလဲ။ တခြားအကြံပြုချင်တာများ ရှိရင်လည်း ပြောပြပေးပါ။

Dr.SH – အခုကျတော့ နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းက အိန္ဒိယဘက်နဲ့ သုံးခုဖွင့်ထားတာ ရှိတယ်။ အဲဒီကုန်သွယ်ရေးဘက်မှာတော့ နည်းနည်း အဆင်ပြေတာရှိတယ်။ ကျန်တဲ့အပိုင်းမှာတော့ အဆင် မပြေသေးဘူးပေါ့။ SMEs Loan တွေလည်းမရှိတော့  လုပ်ငန်းမရှိသလောက်ပါပဲ။ ကျွန်တော်တောင် ၂၀၀၉ ခုနှစ်က ဟားခါးမှာ  ရေသန့်စက်ရုံတည်ထားတယ်။ စီးပွားရေးအတွက်  ရည်ရွယ်တာထက် ကျွန်တော်တို့ တောင်ပေါ်မှာဆိုရင်  ရေကိုကျိုချက်ပြီးမှ သောက်ကြတယ်လေ။ ထင်းမီးသွေး သုံးတာပေါ့။ ရေတစ်လီတာအတွက် အပင်တစ်ပင်လုံး ခုတ်ကြပြီလေ။ မီးသွေးက တစ်ပိဿာလောက်သုံးရတယ်။ ထင်းမီးသွေးသုံးပြီးမှ ရေကျိုသောက်နေပြီဆိုရင် တောတွေတောင်တွေပြောင်ပြီးမှ ၂၀၁၅ က  ဟားခါးမှာ တောင်ကြီးပြိုကျသလိုလေ။ ဇီဝနည်းလည်းမရှိ၊ လျှပ်စစ်လည်းမရှိတော့ ထင်းနဲ့မီးသွေးကိုပဲ  သုံးကြတယ်လေ။ အထူးသဖြင့် ရေသန့်တည်တာကလည်း အပင်ခုတ်ခြင်းကနေ ကာကွယ်ဖို့လုပ်တာပါ။ စမ်းရေဆိုပေမယ့် ပိုးသတ်ရတယ်။ ထုံးကများတော့ ကျောက်ကပ်မှာ ကျောက်တည်တာတွေဘာတွေ ရှိတယ်။ အဲဒီအန္တရာယ်အတွက်ပေါ့လေ။ SMEs  စက်ရုံလေးကို ၂၀၀၉ ခုနှစ်ကနေ ရုန်းကန်ပြီး လည်ပတ်နေတာပေါ့။ လုပ်ငန်းကို တခြားမြို့နယ်တွေမှာ အမြတ်ရအောင် တိုးချဲ့ချင်တဲ့ ဆန္ဒရှိပါသော်လည်း   မရနိုင်ဘူး။ စမ်းရေက ပေ ၇၀၀၀ လောက်ကထွက်တာ။ ဆက်သွယ်ရေးကောင်းမယ်ဆိုရင်တော့ Spring  Water လေးထုတ်ပြီး ပြည်မကို ရောင်းလို့ရတာပေါ့  လေ။ မြို့နယ်တိုင်းကို ပို့ချင်ပေမယ့်လည်း အထောက် အပံ့က မရနိုင်ဘူး။ ပြည်မကိုရောင်းဖို့ကလည်း လမ်းပန်း ဆက်သွယ်ရေးက အဆင်မပြေဘူး။ အဲလိုလိုအပ်ချက် လေးတွေက ရှိနေပါတယ်။

The Voice – ခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျ။

 

ရဲနိုင်ဦး

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *