အစာစားခြင်းနဲ့ပတ်သက်ပြီး မိုးရာသီမှာသတိထားရမယ့် အချက်ငါးချက်

မိုးရာသီမှာ ကျန်းမာရေးနဲ့ပတ်သက်တဲ့ ပြဿနာတွေကတော့ များလွန်းလှပါတယ်။
ဒီထဲမှာ အစားအသောက်နဲ့ပတ်သက်ပြီး သတိထားရမှာတွေလည်း ပါဝင်ပါတယ်။
စိုထိုင်းထိုင်းရာသီဥတုဖြစ်တာကြောင့် အူရောင်ငန်းဖျား၊ ဝမ်းလျှောဝမ်းပျက်၊ ရာသီတုပ်ကွေး၊
သွေးလွန်တုပ်ကွေးစတဲ့ရောဂါတွေကလည်း မိုးရာသီအကြိုက်ရောဂါတွေ ဖြစ်နေပါတယ်။ မိုးရာသီမှာ ရောဂါတွေ အလွယ်တကူမဖြစ်စေဖို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေကို စီမံစားသောက်ပြီး ကိုယ်ခံစွမ်းအားကောင်းအောင် နေထိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့ကြောင့် အစာစားခြင်းနဲ့ပတ်သက်ပြီး မိုးရာသီမှာ သတိထားရမယ့် အချက်ငါးချက်ကို ဖော်ပြပေးလိုက်ပါတယ်။

 

ရေကို ကျိုချက်သောက်ပါ

မိုးရာသီမှာ ရေကိုကျိုချက်သောက်ခြင်းကြောင့် ရေထဲမှာရှိနေတဲ့ ပိုးမွှားတွေအန္တရာယ်ကို ကာကွယ်ပြီးသားဖြစ်စေ မှာပါ။ အထူးသဖြင့် လမ်းဘေးမှာရောင်းတဲ့ အသီးဖျော်ရည်တွေကိုသောက်တဲ့အခါ အသီးကို မသန့်ရှင်းတဲ့ ရေနဲ့ ဆေးကြောတာ၊ ဖျော်စပ်တာဆိုရင် ရေနဲ့ဆက်စပ်ပြီးဖြစ်တတ်တဲ့ ဝမ်းရောဂါ၊ ပျို့အန်တာလို ရောဂါတွေဖြစ်နိုင်ပါတယ်။ စိုထိုင်းတဲ့ရာသီလည်း ဖြစ်တာကြောင့် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ပြန်ဖြည့်ပေးဖို့လည်း အရေးကြီး ပါတယ်။ ဒါ့အပြင် ဟင်းသီးဟင်းရွက်တွေစားမယ်ဆိုရင် ရေနဲ့ သေချာဆေးကြောပြီးမှ ချက်ပြုတ်စားသောက်ပါ။

 

အစာမကြေ ဖြစ်တတ်ပါတယ်

ရာသီဥတုကအေးတဲ့အခါ ခန္ဓာကိုယ်ရဲ့အစာချေနိုင်တဲ့ စွမ်းအင်လည်းကျတဲ့အတွက် အစာမကြေတာတွေ ဖြစ်တတ် ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို အစိမ်းစားတာကိုလည်း ရှောင်ရမယ့်အပြင် ကြော်လှော်ထားတဲ့ အစားအစာတွေ ကို ရှောင်သင့်ပါတယ်။ အစားအစာတွေကို ပြုတ်ထားတာ၊ ပေါင်းတာ၊ ကင်တာတွေက ဒီရာသီမှာ အကောင်းဆုံးပါ။

 

ရာသီပေါ်သီးနှံတွေစားပါ

မိုးရာသီမှာဖြစ်တတ်တဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့ ရာသီပေါ် သစ်သီး သစ်နှံတွေကို စားပေးပါ။ ကိုယ်ခံအား ကောင်းဖို့ စားသောက်ခြင်းဖြစ်တာကြောင့် လတ်ဆတ်တာကိုရွေးချယ်ပါ။ အမှည့်လွန်သီးနှံတွေကို စွန့်ပစ်ဖို့ မနှမြောပါနဲ့။

 

Antioxidant ကြွယ်ဝတဲ့ အစားအစာတွေစားပါ

Antioxidant  ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ ရာသီပေါ်သီးနှံ၊ ရွှေဖရုံသီး၊ ကြက်ဟင်းခါးသီး၊ တမာရွက်၊ ချောကလက်အနက်ရောင်တို့ကို စားသင့်ပါတယ်။ ကိုယ်ခံစွမ်းအားမြင့်တဲ့အခါမှ ရောဂါတွေ အလွယ်မဝင်တော့ဘဲ ကျန်းမာနေမှာဖြစ်ပါတယ်။

 

မကျက်တကျက် ချက်စားတာရှောင်ပါ

ရာသီဥတုကအေးတာကြောင့် ပူပူလောင်လောင်ဟော့ပေါ့၊ အကင်တို့ အစားများတဲ့သူတွေအနေနဲ့ သတိထားသင့် ပါတယ်။ ပင်လယ်စာ၊ သားငါးတွေ၊ ဥတွေကို မကျက်တကျက် ချက်ပြုတ်စားသောက်တာတွေဟာ အစာကြေညက်ဖို့ ခက်ခဲပါတယ်။ ချဉ်စပ်အရသာရှိတဲ့ အစားအစာတွေဟာလည်း မိုးရာသီအကြိုက် အစားအစာတွေဖြစ်တာကြောင့် သတိထားစားသောက်ရပါမယ်။ ဓာတ်မတည့် ခြင်း၊ အရေပြားယားယံခြင်း၊ ဝက်ခြံထွက်ခြင်း၊ အနီပြင်တွေထွက်ခြင်းတွေ လည်း ဖြစ်တတ်တာကြောင့် အစားအစာကို သတိထားစားသောက်ရမယ့် ရာသီဖြစ်ပါတယ်။

ရလေး

Ref: hppt://food.ndtv.com

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *