REGIONAL ROUNDUP

မကွေး

ထန်းလုပ်သား ရှားပါးသည်

မြန်မာ့ချောကလက်ဟု တင်စားရသော ရိုးရာထန်းလျက်လုပ်ငန်းတွင် အရေးပါလှသည့် ထန်းလုပ်သား များ ရှားပါးနေပြီဖြစ်သည်။ မကွေးတိုင်းဒေသကြီး မကွေး၊ ရေနံချောင်း၊ နတ်မောက်နှင့် ချောက်မြို့နယ် တို့ရှိ ထန်းတောများတွင် ထန်းလုပ်သားရှားပါးမှုကို ကြုံတွေ့နေရသည်။
ထန်းလုပ်သားရှားရခြင်းမှာ ထန်းလျက်ဈေးမငြိမ်ခြင်း၊ ထန်းတောင်သူများထက် ပွဲစားများက ပိုမို အကျိုးအမြတ်ရနေခြင်းတို့ကြောင့် ထန်းလုပ်သားတို့ ပြည်ပထွက်ကာ ရွှေ့ပြောင်းလုပ်ကိုင်ခြင်းများ များပြားလာ၍ ဖြစ်သည်။
ထန်းလုပ်ငန်းဖြင့် ဘ၀ဝမ်းရေး အာမခံချက်ရှိစေရန်ဆိုလျှင် ခိုင်မာသည့်ဈေးကွက်ရှိရမည်ဖြစ်သည်။ သစ်ဈေးမြင့်လာ၍ အဆောက်အအုံများတွင်သုံးရန် ထန်းပင်ခုတ်လှဲမှုများပြားလာခြင်းကလည်း ထန်းလုပ်ငန်းအတွက် စိန်ခေါ်မှု ဖြစ်နေသည်။

 

မွန်

လွှတ်တော်အလုပ်လည်း ငွေပေးရ

လွှတ်တော်တွင် အငယ်တန်းစာရေး အလုပ်လျှောက်သူများထံမှ ငွေကြေးတောင်းခံမှု စိစစ်တော့မည် ဖြစ်သည်။
လစ်လပ်အငယ်တန်းစာရေး ကိုးနေရာအတွက် ဝန်ထမ်းသစ်ခန့်အပ်ရာ၌ တစ်ဦးလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ဦးစီးအရာရှိတစ်ဦးက တောင်းခံမှုနှင့်ပတ်သက်၍ အမှုမှန်ပေါ်ပေါက်အောင် စုံစမ်း ဖော်ထုတ်နေကြောင်း မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ပြောဆိုသည်။
“စစ်ဆေးပေါ်ပေါက်တာကိုလည်း အသိပေးသင့်သလို အသိပေးသွားမယ်။ ဒီအတိုင်းတော့ အငြိမ်မနေ ဘူး” ဟု ၎င်းကဆိုသည်။

 

ပဲခူး

အုပ်စုဖွဲ့ ဓားစွမ်းပြသူများ

ပြည်မြို့တွင် ဇွန်လ ၂၈ ရက်နေ့မှစ၍ ခြောက်ရက်ဆက်တိုက် အုပ်စုဖွဲ့ ဓားချင်းယှဉ်ခုတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ယင်းဖြစ်စဉ်များကြောင့် တစ်ဦးသေ၊ ငါးဦးဒဏ်ရာ ရပြီး ဆေးကုသမှုခံယူနေရသည်။ အုပ်စုဖွဲ့ ဓားစွမ်းပြသူများတွင် လူငယ်အများစု ပါဝင်ကြပြီး အရက်သောက်၍ လူမိုက်ပုံစံမျိုးကို အားကျလျက် ရှိသည်ဟု ပြည်မြို့ ရဲတပ် ဖွဲ့မှူးကဆိုသည်။ ထို့ကြောင့် ဒေသလုံခြုံရေးအတွက် ရဲတပ်ဖွဲ့နှင့် မြို့မိ၊ မြို့ဖများပေါင်း၍ လုံခြုံရေးဆောင်ရွက်လျက်ရှိသည်။

 

မန္တလေး

တပ်ကိုယ်စားလှယ် အစားထိုး

ဒုတိယအကြိမ် မန္တလေးတိုင်း ဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေးတွင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအပါအဝင် တပ်မတော်သားကိုယ်စားလှယ် သုံးဦး အစားထိုးပြောင်းလဲခဲ့သည်။
ယခင် လုံ/နယ်ဝန်ကြီး ဗိုလ် မှူးကြီးမျိုးမင်းအောင် အစား ဗိုလ်မှူး ကြီးကျော်ကျော်မင်း၊ ဒုဗိုလ်မှူးကြီး ကျော်ကျော်အောင် အစား ဗိုလ်ကြီးတိုးအောင်မြင့်၊ ဒုဗိုလ်မှူးကြီးအောင်စည်မျိုး အစား ဗိုလ်ကြီးစိုးနိုင် တို့သုံးဦးကို အစားထိုးပြောင်းလဲခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်ငါးဦးကို အစားထိုးပြောင်းလဲခဲ့ပြီးဖြစ်သည်။
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော်တွင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၅၇ ဦး၊ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ၁၉ ဦးစုစုပေါင်း ၇၆ ဦးရှိသည်။

 

ရန်ကုန်၊ မန္တလေး

သစ်ကားဖမ်းသူများ ပြန်လည်တိုက်ခိုက်ခံရ

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် သစ်ကားဖမ်းသည့် သစ်တောဝန်ထမ်းအဖွဲ့ကို သစ်ကားပိုင်ရှင် အဖွဲ့က ပြန်လည်တိုက်ခိုက်မှု ဇူလိုင် ၁ ရက်က ဖြစ်ပွားခဲ့သည်။
အမြန်လမ်း ၁၅၄ မိုင်တွင် သတင်းအရ သစ်ကားဖမ်းဆီးသူများကို သစ်ကားပိုင်ရှင်နှင့်အဖွဲ့က လေးခွ တွင် သံဂေါ်လီထည့်၍ ပြန်လည်တိုက်ခိုက်ထွက်ပြေးခဲ့သည်။
သစ်တောဝန်ထမ်းများက နောက်မှလိုက်ဖမ်းရာ သစ်တင်ယာဉ်နှင့် လိုက်ဖမ်းသည့် ယာဉ်အကြားသို့ အခြား မော်တော်ယာဉ်တစ်စီးက ဖြတ်ဝင်လာပြီး သံပိုက်လုံးများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သည်။ အမြန်လမ်း ၁၁၆ မိုင် အနီးတွင် အဆိုပါကားကို ဖမ်းဆီးရမိခဲ့ပြီး ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းမှာ လွတ်မြောက်ဆဲဖြစ်သည်။

 

ရခိုင်

INGO ဝန်ထမ်းအသတ်ခံရ

အရပ်သားများ သတ်ဖြတ်ခံရမှု ဆက်တိုက်ဖြစ်ပွား နေသည့် မောင်တောဒေသတွင် INGO ဝန်ထမ်းတစ်ဦး သတ်ဖြတ်ခံလိုက်ရသည်။ ဖိလစ်ပိုင်အခြေစိုက် CFSI အမည်ရှိ INGO ဝန်ထမ်း နုရ်အီစ္စလာမ်ဆိုသူ အသတ် ခံရခြင်းဖြစ်သည်။ ဇွန်လ ၂၉ ရက်နေ့ညတွင် နေအိမ်၌ အိပ်နေစဉ် အနက်ရောင် မျက်နှာဖုံစွပ်ကာ ရဲဒင်း၊ ဓားများ ကိုင်ဆောင်ထားသည့် အကြမ်းဖက်သမား ၁၀ ဦးခန့်ဝင် ရောက် သတ်ဖြတ်ခဲ့ကြောင်း အစိုးရကထုတ်ပြန်ထားသည်။
မောင်တောတွင် အရပ်သား ၄၃ ဦးအသတ်ခံရပြီး ၂၆ ဦးမှာလည်း ပျောက်ဆုံးနေသည်။

 

ကချင်

သွေးလွန်တုပ်ကွေး သုံးရာကျော်ပြီ

ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်ကိုးခုတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စုစုပေါင်းသုံးရာကျော်သွားပြီ ဖြစ်သည်။ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ စုစုပေါင်း ၃၀၅ ဦး ဖြစ်ပြီး ယင်းမှာ ဇန်နဝါရီမှ ဇူလိုင်လဆန်း အထိ စာရင်း ဖြစ်သည်။
ယခုနှစ် သွေးလွန်တုပ်ကွေး ဖြစ်ပွားချိန်မှာ ယမန်နှစ်ကထက် အချိန်ပိုစောပြီး သွေးလွန်တုပ်ကွေး ကြောင့် သေဆုံးသူနှစ်ဦးရှိပြီဖြစ်သည်။ ရောဂါဖြစ်ပွားသည့် အဓိကအကြောင်းအရင်းမှာ နေ့အချိန်တွင် ကိုက်သည့် ခြင်ကျားမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ကြောင်း ကချင်ပြည်နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနထံမှ သိရသည်။
ကချင်ပြည်နယ်အတွင်းရှိ ဗန်းမော်၊ မံစီ၊ မိုးကောင်း၊ မိုးမောက်၊ ဖားကန့်၊ ရွှေကူ၊ တနိုင်း၊ ဝိုင်းမော်နှင့် မြစ်ကြီးနားမြို့နယ်တို့တွင် ရောဂါဖြစ်ပွားနေခြင်းဖြစ်ပြီး ပြည်နယ်မြို့တော် မြစ်ကြီးနားတွင် ရောဂါ ဖြစ်ပွားအရေအတွက် အများဆုံးဖြစ်သည်။

 

ကချင်

ငေါ့ချမ်းခကို ကန့်ကွက်သည်

ကချင်ပြည်နယ် ချီဖွေမြို့နယ်နှင့် ဆော့လော်မြို့နယ်တို့တွင် တည်ဆောက်မည့် ငေါ့ချမ်းခ ရေအားလျှပ်စစ်စီမံကိန်းကို ဒေသခံများက ကန့်ကွက်လိုက်သည်။ ငေါ့ချမ်းခမြစ်အတွင်း ရေအား လျှပ်စစ်စီမံကိန်းလေးခု တည်ဆောက်ရန် တရုတ်နှင့် မြန်မာကုမ္ပဏီတို့ ပူးပေါင်းစီစဉ်နေခြင်း ဖြစ်သည်။
ချီဖွေနှင့် ဆော့လော်မြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ဆုံ၏ မြစ်ညာမြစ်ဝှမ်းဘက်အခြမ်း မေခမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သော ငေါ့ချမ်းခမြစ်အတွင်း ရေအားလျှပ်စစ် စီမံကိန်းတည်ဆောက်မည် ဆိုပါက ကျေးရွာ ၆၈ ရွာနှင့် လူဦးရေသုံးသောင်းကျော် ပြောင်းရွှေ့ရမည်ဖြစ်သည်။
စီမံကိန်းအကောင်အထည်ဖော်မည်ဆိုလျှင် လူမှုရေးပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာ၊ သဘာဝအမွေအနှစ် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုများကြုံလာရမည်ဖြစ်ကြောင်း ဒေသခံတို့က ဆို သည်။ ချီဖွေနှင့် ဆော့လော်တွင် လာချိဒ်၊ လော်ဝေါ်၊ ငေါ့ချမ်းနှင့် လီဆီမျိုးနွယ်စုများနေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေး အဓိကလုပ်ကိုင်သည်။ 

 

ဧရာဝတီ

အိုးအခက်

ပုသိမ်တွင် မြန်မာ့ရိုးရာအိုးလုပ်ငန်းမှာ ရပ်တည်ရန်ခက်ခဲလာသည်။
ကုန်ကြမ်းရရှိရန် ခက်ခဲခြင်း၊ အိုးအစားထိုး အခြားသုံးစွဲစရာပစ္စည်း များပြားလာခြင်း၊ ကျွမ်းကျင် လုပ်သားနှင့် မျိုးဆက်ပြတ်လာခြင်းကြောင့် ယင်းသို့ခက်ခဲလာခြင်း ဖြစ်သည်။
အိုးသုံးစွဲမှုလျော့ကျလာသော်လည်း စဥ့်ဖြင့်ပြုလုပ်သည့် အိုးများကိုမူ ငါးပိငံပြာရည်လုပ်ငန်း၊ ဆားရည်စိမ်လုပ်ငန်းနှင့် ဟိုတယ်တွင်း အလှဆင်ခြင်းအတွက် မှာယူသုံးစွဲလျက်ရှိသည်။
သက်တမ်းနှစ် ၁၀၀ ကျော်ရှိ အဆိုပါလုပ်ငန်းသည် ယခုအခါ စိန်ခေါ်မှုများဖြင့် ရင်ဆိုင်ရလျက်ရှိသည်။

 

ရှမ်း

စပွန်ဆာပေးသူ၏သမီးကို အလှမယ် အဖြစ်ရွေး

ရှမ်းပြည်နယ် တာချီလိတ်မြို့တွင် ကျင်းပသည့် မယ်စကြာဝဠာ (တာချီလိတ်) အလှမယ်ရွေးချယ်ပွဲ တွင် ယင်းပြိုင်ပွဲကို အဓိကစပွန်ဆာ (ကူညီပံ့ပိုး) ပေးသူသမီးကို အလှမယ် အဖြစ် ရွေးချယ်လိုက် သည်။ စပွန်ဆာပေးသူ၏ သမီးကို ပြိုင်ပွဲဗိုလ်စွဲသူအဖြစ် ရွေးလိုက်ခြင်းကို ဒေသခံများက ဝေဖန်လျက် ရှိသည်။
အလှမယ်အဖြစ် ရွေးခံရသူသည် အခြားပြိုင်ပွဲဝင်များကဲ့သို့ ရုပ်ရည် လှပခြင်း၊ အရပ်မြင့်မားခြင်း မရှိသည့် အပြင် ဉာဏ်စမ်းမေးခွန်းများကိုလည်း မှန်ကန်အောင် မဖြေနိုင်ကြောင်း၊ ပြိုင်ပွဲမကျင်းပမီ တစ်ရက်အလို အစမ်းလေ့ကျင့်ချိန်တွင် တစ်ဦးတည်းကျန် ရစ်ကာ သီးသန့်လေ့ကျင့်ပေးခံခဲ့ရကြောင်း ဝေဖန်သူများက ဆိုသည်။
ရွေးချယ်ခြင်းမှာ ပြိုင်ပွဲကို အဓိကပံ့ပိုးသည့် ပလက် တီနမ်စတားဟိုတယ် ပိုင်ရှင်၏ သမီးဖြစ်၍ ရွေးချယ်ခြင်းမဟုတ်ဘဲ ပြိုင်ပွဲတစ်လျှောက် အမှတ်အများဆုံးဖြစ်၍ ရွေးရခြင်းဖြစ်ကြောင်း၊ တာချီလိတ် မြို့ခံဖြစ်၍ ဦးစားပေးရွေးရခြင်းလည်းဖြစ်ကြောင်း မယ် စကြာဝဠာ မြန်မာအဖွဲ့၏ တာချီလိတ်တာဝန်ခံ က ရှင်းလင်းထားသည်။

 

ရခိုင်

အမှုမှန် ဖော်ထုတ်ပေးပါ

ပေါက်တောမြို့နယ်တွင် အရပ်သားတစ်ဦး သေနတ်ထိမှန်သေဆုံးမှု သုံးလကြာသည်အထိ အရေးယူဆောင်ရွက်မှုမရှိသေးကြောင်း မိသားစုဝင်များက ဇွန်လ ၂ ရက်နေ့က သတင်းစာ ရှင်းလင်းခဲ့သည်။
နတ်ရှင်ကျေးရွာမှ ဦးမောင်ဖြူဒေါင်းဆိုသည် ဧပြီလ ၃ ရက်နေ့က ယောက်ဖဖြစ်သူကို ရဲများကဖမ်းဆီးသွားသဖြင့် ပြန်လွှတ်ပေးရန်တောင်းဆိုရာ ရဲတစ်ဦးကသေနတ်ဖြင့်ပစ်ခတ်၍ သေဆုံး သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ ကျေးရွာအုပ်ချုပ်ရေးမှူးက ပစ်ခိုင်းခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုကြသည်။ မြို့နယ်ရဲတပ်ဖွဲ့ကမူ သေနတ်ကိုဝင်လုရာမှ ကျည်ထွက်သွားခြင်း ဖြစ်သည် ဟု ထုတ်ပြန်ထားသည်။

 

ဧရာဝတီ

မြစ်ရေဖြို၍ ပြိုသည့် Asia World ကျောင်းဆောင်သစ်

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင် ဇလွန်မြို့နယ် ရေလယ်သောင်လေးကျေးရွာနှစ်ထပ်ကျောင်း ဆောင်သစ်မှာ မြစ်ရေတိုက်စားမှုကြောင့် ဇူလိုင် ၁ ရက်က ပြိုကျသွားခဲ့သည်။ အဆိုပါကျောင်းဆောင် ကို Asia World ကုမ္ပဏီက လှူဒါန်းထားခြင်းဖြစ်ပြီး အလျား ပေ ၄၀၀၀၊ အနံပေ ၂၀၀ ခန့်ရှိ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။
ကျောင်းသား၊ ကျောင်းသူများသည် လက်ရှိတွင် ယာယီကျောင်းဆောင်တွင် ပညာသင်ကြားနေရ သည်။

 

ဧရာဝတီ

အရက်ကြောင်၍ သမီးကိုခုတ်သတ်

အရက်ကြောင်နေသည့် ဖခင်က အသက် ခုနစ်နှစ်အရွယ် သမီးဖြစ်သူကို ဇူလိုင်လ ၂ ရက်တွင် ဓားဖြင့်ခုတ်သတ်မှု ဖြစ်ပွားခဲ့သည်။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်၊ အင်္ဂပိုအုပ်စု၊ အရှေ့ရေတွင်းရိုး ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အရက်ကြောင်နေသည့် ဖခင်၊ မိခင်နှင့်သေဆုံးသူ မကျော်သီရိစိုးတို့သည် အိမ်ရှေ့တွင် စကား ပြောဆိုနေရာမှ မိခင်ဖြစ်သူ ရေနွေးအိုးသွားထည့်စဉ် ဖခင်က ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်သည်။
ပြစ်မှုကျူးလွန်သူ ဦးမြင့်နိုင်စိုးကို တလုတ္ထော်ရဲစခန်းတွင် လူသတ်မှုဖြင့် အမှုဖွင့်ထားသည်။

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *