ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းနား ကျောင်းသားသမဂ္ဂများ အုပ်စုခွဲကျင်းပ

ရန်ကုန်၊ ဇူလိုင် ၇

(၅၅) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည့် ဆဲဗင်းဇူလိုင် အောက်မေ့ဖွယ်အခမ်းအနားကို ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများက ရန်ကုန်တက္ကသိုလ်နယ်မြေ ကျောင်းသားသမဂ္ဂအဆောက်အအုံဟောင်းနေရာတွင် အုပ်စုခွဲကာ အချိန်သီးခြားစီကျင်းပသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် အာဏာသိမ်းစစ်အစိုးရကို ရန်ကုန်တက္က သိုလ်ကျောင်းသားများက ဆန့်ကျင်ဆန္ဒ ပြခြင်းကြောင့် အာဏာပိုင်များက သေနတ် ဖြင့်ပစ်ခတ်နှိမ်နင်းခဲ့သဖြင့် ကျောင်းသားများစွာ အသက်သွေးမြေ ခခဲ့ရသည့် ဝမ်းနည်းဖွယ် အထိမ်းအမှတ်အဖြစ် ကျင်းပခြင်းဖြစ်သည်။

ယခုနှစ် ၇ ဇူလိုင်အခမ်းအနားကို နံနက်ပိုင်းတွင် ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်ကျောင်းသားများသမဂ္ဂနှင့် ညနေ ၄ နာရီတွင် တက္ကသိုလ်ငါးခုမှ ကျောင်းသားသမဂ္ဂငါးခုစုပေါင်းအဖွဲ့က ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်းရှိ သမဂ္ဂအဆောက် အအုံဟောင်းနေရာရှိ ကျောင်သားခေါင်းဆောင် ဗိုလ်အောင်ကျော် အုပ်ဂူရှေ့တွင် ဂါရ၀ပြုခဲ့ကြသည်။

အခမ်းအနားပြုလုပ်သည့် နေရာတူညီသော်လည်း ကျောင်းသားသမဂ္ဂအဖွဲ့အစည်းများ အချိန်သီးခြားစီ ကျင်းပခဲ့ခြင်းအပေါ် ဝေဖန်မှုများထွက်ပေါ်ခဲ့သည်။

“ဒီနှစ်မှာဝေဖန်မှုတွေ မြင့်တက်နေတာက ဆဲဗင်းဇူလိုင်ပွဲကို ဘာလို့ကျောင်းသားအဖွဲ့အစည်းတွေက ပေါင်းမလုပ်ကြဘဲ သူ့ဟာနဲ့သူ လုပ်နေကြတဲ့ကိစ္စတွေ။ ကျွန်တော် ဒီနေရာကနေ အဲဒီကိစ္စကို ပြောချင်တာက ကျွန်တော်တို့တွေ ကွဲပြားနေတယ်ဆိုတာ ဟုတ်တယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ်ပဲ ဒီတစ်နေ့လုံးကို ဆဲဗင်းဇူလိုင်နေ့တစ်နေ့လုံးကို ကျွန်တော်တို့ဟာ ကိုယ့်အချိန်နဲ့ ကိုယ်အားလုံး ဒီနေရာ ကို ဂါရ၀လာပြုကြတာ”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဇေယျာလွင်က ဆိုသည်။

ကျောင်းသားသမဂ္ဂများအဖွဲ့အစည်းများ ရန်ကုန်တက္ကသိုလ်နယ်မြေအတွင်း ကမ္ဘာမကြေသီချင်းသီဆိုခြင်း၊ ဗိုလ်အောင်ကျော်အုတ်ဂူရှေ့တွင် နှင်းဆီ ပန်းများချခြင်း၊ သမဂ္ဂများအလိုက် သဘော ထားကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

အချိန်သီးခြားစီ ပွဲပြုလုပ်ခြင်းနှင့် ပတ်သက်ပြီး “အဲဒါတော့ ကျွန်တော်မသိဘူးဗျ။ ကျွန်တော်သိပ်မပြောတတ်ဘူး။ မနှစ်ကလည်း ကျွန်တော်ထင်တယ်။ ခွဲလုပ်တယ်လို့ထင်တယ်” ဟု သန်လျင် နည်းပညာတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုဆန်းလွင်ထွန်းက ဆိုသည်။

ကျောင်းသားသမဂ္ဂများ၏ သဘောထားကြေညာချက်တွင် အစိုးရကသမဂ္ဂအဆောက်အအုံအသစ် ပြန်လည်တည်ဆောက်ရာတွင် မျိုးဆက်သစ်ကျောင်းသား သမဂ္ဂများ၏ သဘောထားဖြင့် လုပ်ဆောင်ရန် တိုက်တွန်းထားသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *