တာမွေတွင် အမျိုးသမီးချင်း လည်လှီးသတ်

ရန်ကုန်၊ ဇူလိုင် ၇

ရန်ကုန်မြို့ တာမွေမြို့နယ် ၁၅၇ လမ်းတွင် အသက် ၂၁ နှစ်အရွယ် အမျိုး သမီးတစ်ဦးက ၎င်း၏ချစ်သူနှင့် သဘောမတူသည့် ချစ်သူ၏ အစ်မဖြစ်သူကို ဇူလိုင်လ ၆ ရက်နေ့က ဓားဖြင့်လည်လှီးသတ်ခဲ့ကြောင်း တာမွေမြို့မရဲစခန်းထံမှ သိရသည်။

လူသတ်မှုကျူးလွန်ခဲ့သူဟုဆိုသူ အသက် ၂၁ နှစ်အရွယ် သက်နှင်းအေး (ခ) သက်မှူးဇင်မှာ ယင်းနေ့ညက နေအိမ် သို့ရောက်လာသည့် ၎င်းချစ်သူ၏ အစ်မဖြစ်သူ မကေကေအောင်နှင့် နှစ်ဖက်အချင်းများခဲ့ရာမှ နေအိမ်မီးဖိုချောင်ရှိ ကြက်သွန်လှီးဓားဖြင့် သတ်ခဲ့သည်ဟု ထွက်ဆိုကြောင်း အမှုစစ်ရဲအရာရှိက ပြောကြားသည်။

“သူ့ချစ်သူနဲ့ သဘောတူပေးဖို့ သေဆုံးသူ မကေကေအောင်ကို သက်နှင်းအေး က ဒူးထောက်တောင်းပန်ခဲ့တယ် ပြောတယ်။ ဒါပေမဲ့ သေဆုံးသူက နင့်အဆင့်အတန်းနဲ့ ငါ့မောင် မတန်ဘူး။ သဘောမတူနိုင်ဘူးပြောလို့ စိတ်တိုပြီး ဓားနဲ့ လည်လှီးသတ်လိုက်တာလို့ ဝန်ခံထွက်ဆိုထားတယ်”ဟု ၎င်းကပြောဆိုသည်။

သေဆုံးသူ အသက် ၂၄ နှစ်အရွယ် မကေကေအောင်မှာ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် နေထိုင်သူဖြစ်ပြီး ပရိဘောဂ လုပ်ငန်းပိုင်ရှင်တစ်ဦးဖြစ်သည်။

သက်မှူးဇင်၏ အစ်မဖြစ်သူ ယောက်ျားလျာ ရကောက်ဆိုသူမှာ မကေကေအောင်၏ အလုပ်တွင် လွန်ခဲ့သည့် ၂ နှစ်ကျော်ကပင် အလုပ်ဝင်ရောက်လုပ်ကိုင်နေကြောင်း၊ အခင်းဖြစ်နေ့က ရကောက်မှာ နေမကောင်းသောကြောင့် မကေကေအောင်က မုန့်လာပို့စဉ် သက်နှင်းအေးနှင့် နှစ်ဦးစကားများရန်ဖြစ်ရာမှ အသတ်ခံရကြောင်း အမှုစစ် ရဲအရာရှိက ပြောကြားသည်။

နေမကောင်းဖြစ်နေသည့် ၎င်း၏ ချစ်သူ ရကောက်နှင့် နေအိမ်အပေါ်ထပ်တွင် တွေ့ဆုံခဲ့ပြီးနောက် သက်နှင်းအေး နှင့် စကားများ ရန်ဖြစ်ရာမှ ည ၈ နာရီ ခန့်တွင် နေအိမ်ပြန်ရန် အောက်ထပ်သို့ ဆင်းလာစဉ် အသတ်ခံရခြင်းဖြစ်ကြောင်း၊ တာမွေ မြို့မရဲစခန်းမှ သိရသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *