အကဲဆတ်ဆဲ ရခိုင်ပြည်နယ်အရေး

 

လုံခြုံရေးပေါ့ဆမှုကြောင့် စစ်တွေမြို့တွင် လူ့အဖွဲ့အစည်းနှစ်ခုကြား ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ရသည်။

 

မောင်တောဒေသတွင် အရပ်သားများအကြမ်းဖက်သတ်ဖြတ်ခံရမှု မြင့်တက်နေပြီး အကြမ်းဖက်အဖွဲ့ ၏ ခြေကုပ်စခန်းတွေ့ရှိမှုကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေမှာလည်း စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်။

ယင်းသို့ အခြေအနေမျိုးတွင် စစ်တွေ မြို့က ရုန်းရင်းဆန်ခတ်မှုက စိုးရိမ်မှုကိုပိုးတိုးစေခဲ့သည်။

ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက်သို့ လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးနှင့်အတူ ဘင်္ဂါလီ ခုနစ်ဦးဝင်ရောက်လာရာမှ ရုန်းရင်းဆန်ခတ်ဖြစ်သဖြင့် ဘင်္ဂါလီတစ်ဦး သေဆုံးပြီးခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။

ယင်းနောက် လူ့အဖွဲ့အစည်းနှစ်ခုအကြား ပဋိပက္ခမဖြစ်ပွားအောင် ထိန်းသိမ်းခဲ့ရကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။ အခြားနေရာများသို့ ပဋိပက္ခမပြန့်ပွားအောင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဖြန့်ခွဲချထားပေးကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 

(၁)

 

စစ်တွေမြို့နယ် ဒါးပိုင်ကယ်ဆယ်ရေးစခန်းမှ ဘင်္ဂါလီ ၁၀ ဦးကို တရားရုံးသက်သေအဖြစ် မော်တော်ယာဉ်ဖြင့် ရုံးထုတ်လာရာ ယင်းယာဉ်နောက်က အခြားယာဉ်တစ်စီးဖြင့် ဦးလှမြင့် (ခ) နူရှုမာမောက် ဦးဆောင်သည့် ဘင်္ဂါလီခုနစ်ဦး လိုက်ပါလာခဲ့သည်။

၎င်းတို့မှာ သက်သေထွက်ဆိုရန်လိုက်ပါလာခြင်းမဟုတ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည်။

ယင်းအဖွဲ့သည် ၎င်းတို့အစီအစဉ်ဖြင့် တရားရုံးမှ ပြန်ကာ စစ်တွေမြို့အမှတ်(၂) ရဲစခန်းသို့ သွားရောက်၍ လုံခြုံရေးအကူအညီတောင်းခံရာ ရဲတပ်သားတစ်ဦးလိုက်ပါလာကြောင်း၊ အဆိုပါအဖွဲ့ သည့် ရွာကြီးမြောက်ရပ်ကွက်သို့ သွားရောက်ကာ မော်တော်ဘုတ်ဝယ်ရန် ရောင်နီဦးဆိပ်ကမ်းတွင် ကြည့်ရှုနေစဉ် ဒေသခံအချို့က ခဲဖြင့်ပစ်ပေါက်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လူ့အဖွဲ့အစည်းနှစ်ခုကြား အကဲဆတ်သည့်အခြေအနေဖြစ်ပြီး မောင်တောအကြမ်းဖက်မှုကြောင့် ကောလာဟလများ ထွက်ပေါ်နေချိန်တွင် ရခိုင်တိုင်းရင်းသားများနေထိုင်သည့် နေရာသို့ ဘင်္ဂါလီများကို ခေါ်ဆောင်လာသည့် လုံခြုံရေးတပ်ဖွဲ့၏လုပ်ရပ်မှာ ပြဿနာကို ဖန်တီးရာ ရောက်ကြောင်း စစ်တွေဒေသခံများက ဝေဖန်ကြသည်။

“လုံခြုံရေးအဖွဲ့က မလုပ်သင့်တာကို လုပ်တယ်။ ပဋိပက္ခဖြစ်အောင်ဖန်တီးသလို ဖြစ်နေတယ်” ဟု စစ်တွေမြို့ခံရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဦးအောင်မြကျော်က ဝေဖန်သည်။

လူ့အဖွဲ့အစည်းနှစ်ခုက ကူးလူးဆက်ဆံမှုမရှိသည့်အနေအထားတွင် ဘင်္ဂါလီများအနေနှင့် ယင်းသို့ ဝင်ရောက်လာခြင်းမှာ မသင့်တော်ကြောင်း ၎င်းက ပြောဆိုသည်။

ဘင်္ဂါလီများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ အကူအညီဖြင့် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခြင်း၊ စစ်တွေမြို့အတွင်းရှိ ဘင်္ဂါလီများနေထိုင်သည့် အောင်မင်္ဂလာရပ်ကွက်အတွင်း သို့ ဝင်ထွက်ခြင်းရှိသော်လည်း ရခိုင်လူမျိုးတို့ သီးသန့်နေထိုင်ရာသို့ ဝင်ရောက်လေ့မရှိကြောင်း စစ်တွေဒေသခံများထံမှ သိရသည်။

ရခိုင်တိုင်းရင်းသားများ သီးသန့်နေထိုင်ရာသို့ လာရောက်ခြင်းမှာ မသင့်တော်ကြောင်း စစ်တွေမြို့ခံ လူငယ်စာရေးဆရာ ဝေဟင်အောင်က ပြောကြားသည်။

“မောင်တောကိစ္စနဲ့ ကောလာဟလတွေတောက်လျှောက်ဖြစ်နေတယ်။ အကဲဆတ်နေတဲ့အချိန်မှာ ဒီလိုလုံးဝမလာသင့်ဘူး ” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိအခြေအနေတွင်ရခိုင်တိုင်းရင်းသားများ နေထိုင်ရာသို့ ဘင်္ဂါလီလူမျိုးများ ဝင်ရောက်လာလျှင် စိုးရိမ်တကြီးတုံ့ပြန်ကြမည့် အနေအထားဖြစ်နေကြောင်း ဝေဟင်အောင်က ဆက်လက်ပြောဆိုသည်။

“စိုးရိမ်တကြီး တုံ့ပြန်ကြတော့မလိုလားအပ်တဲ့ ပြဿနာဖြစ်သွားတယ်” ဟု ၎င်းက ပြောကြားသည်။

သို့သော်လည်း အကြမ်းဖက်သည့် နည်းလမ်းဖြင့် တုံ့ပြန်ခြင်းမှာ မသင့်တော်ဘဲ တရားဥပဒေအရသာ လုပ်ဆောင်သင့်ကြောင်း ရခိုင်တိုင်းရင်းသား အချို့က ပြောဆိုသည်။

ယင်းပြဿနာဖြစ်ပွားချိန်တွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr.Fillippo Grandi ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေပြီး နိုင်ငံတကာမျက်နှာစာတွင်လည်း ရခိုင်တိုင်းရင်းသားများ၏ ပုံရိပ်ကို ရုပ်ဆိုးစေကြောင်း ထောက်ပြသူ အချို့လည်းရှိသည်။

အဆိုပါပြဿနာဖြစ်ပွားရမှုတွင် ဘင်္ဂါလီများကို ရခိုင်တိုင်းရင်းသားများနေထိုင်ရာသို့ ခေါ်ဆောင်လာ သည့် ရဲတပ်ဖွဲ့တွင် အဓိကတာဝန်ရှိကြောင်း စစ်တွေမြို့ခံများက ဝေဖန်ကြသည်။ တရားဥပဒေ စိုးမိုးရေး တည်ငြိမ်ရေးကို တာဝန်ယူရသည့် လုံခြုံရေးအဖွဲ့၏ လုပ်ရပ်မှာ ပဋိပက္ခကို ဖန်တီးရာ ရောက်ကြောင်း ပြစ်တင်သူများလည်း ရှိသည်။

ယင်းသို့လိုက်ပို့ခဲ့ခြင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်က ၎င်း၏ သဘောဆန္ဒဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဝင်းနောင်က ဖြေရှင်းချက်ပေးသည်။

“ခွင့်ပြုချက်မရှိဘဲနဲ့ သူ့သဘောနဲ့သူ လိုက်ပို့လို့ အခုလိုဖြစ်တာပါ။ သူ့ကိုလည်း ရဲတပ်ဖွဲ့ စည်းမျဉ်း စည်းကမ်းနဲ့ အညီအရေးယူဖို့လုပ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

ကယ်ဆယ်ရေးစခန်းမှ ထွက်ခွာပြီး ရဲလုံခြုံရေးတောင်းခံကာ ရောင်နီဦးဆိပ်ကမ်း သွားရောက်ခဲ့သည့် နောက်ခံအကြောင်းများ၊ ရောင်နီဦးဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အမှန်၊ ခဲများဖြင့် ဝိုင်းဝန်း ပစ်ပေါက်ရာတွင် ပါဝင်ခဲ့သည့် တရားခံများကိုစုံစမ်းဖမ်းဆီးကာ အရေးယူမည်ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။

ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးမှုနှင့် ပတ်သက်၍ ဒုတိယရဲမှူးကြီးဝင်းနောင်က “စုံစမ်းစစ်ဆေး ဖော်ထုတ်နေဆဲပါပဲ” ဟု ဖြေကြားသည်။

အဆိုပါရုန်းရင်းဆန်ခတ်မှုဖြစ်ပွားပြီးနောက် စစ်တွေမြို့နယ်တွင် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်ခဲ့သည့် အပြင် ဘူးသီးတောင်၊ မောင်တောမြို့တို့တွင်လည်း လုံခြုံရေးတိုးမြှင့်လိုက်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောကြားသည်။

(၂)

ရခိုင်ပြည်နယ်မြောက်ပိုင်း အခြေအနေမှာ စိုးရိမ်ရကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားသည်။

မေယုတောင်ကြောတွင် အကြမ်းဖက် စစ်သင်တန်းများပေးသည့် လိုဏ်ခေါင်းနှင့် လက်နက်များ တွေ့ရှိမှု၊ ရခိုင်တိုင်းရင်းသားများသတ်ဖြတ်ခံရမှု၊ ဘင်္ဂါလီအရပ်သားများသတ်ဖြတ်ခံရမှု၊ ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် အုပ်ချုပ်ရေးအဖွဲ့ဝင်များ အကြမ်းဖက်သတ်ဖြတ်ခံရမှု၊ ဖမ်းဆီးခံရမှုတို့ မြင့်တက်လာကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ယင်းသို့အခြေအနေကြောင့် ရခိုင်ပြည်နယ်ဆိုင်ရာ အထူးအစည်းအဝေးကို နိုင်ငံတော်သမ္မတ အိမ်တော်တွင် ဇွန်လ ၃၀ ရက်နေ့က ကျင်းပခဲ့သည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယ သမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌ နှစ်ဦး၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ပြည်ထဲရေး၊ ကာကွယ်ရေး၊ နယ်စပ်ရေးရာ ပြည်ထောင်စု ဝန်ကြီး သုံးဦးနှင့် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် စသည်တို့ တက်ရောက်ခဲ့ ကြသည်။
မောင်တောဒေသတွင်း နယ်ခြားစောင့်ရဲစခန်းများ တိုက်ခိုက်ခံရသည့် ၂၀၁၆ခုနှစ်၊ အောက်တိုဘာလမှ ဇူလိုင်လ ၄ ရက်နေ့အထိ အရပ်သား ၄၃ ဦး အသတ်ခံရပြီး ၂၆ ဦး ဖမ်းဆီးခံရကာ ယခုနောက်ပိုင်း တွင် အကြမ်းဖက်ခံရမှုမြင့်တက်လာကြောင်း အစိုးရ ထုတ်ပြန်ချက်များအရသိရသည်။

တိုင်းရင်းသားများ အကြမ်းဖက်ခံ ရပြီးနောက် ဘင်္ဂါလီနှင့် တိုင်းရင်းသားလူဦး ရေမှာအဆမတန် ကွာဟပြီး လုံခြုံရေးမလုံလောက်သဖြင့် တိုင်းရင်းသားကျေးရွာများမှ အမျိုးသမီး၊ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများသည့် ဘေးလွှတ်ရာသို့ ပြောင်းရွှေ့နေကြပြီ ဖြစ်သည်။

“ဘူးသီးတောင်၊ မောင်တောကလူတွေက စီးပွားရေးအရနေရပ်ကို စွန့်ခွာနေတာမဟုတ်ဘူး။ အသက် အန္တရာယ်စိုးရိမ်ရလို့ စွန့်ခွာနေရတယ်။ ဒီလူတွေကို ကာကွယ်ပေးရမယ်” ဟု ရခိုင်ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌဦးစံကျော်လှက လွှတ်တော်တွင် ပြောကြားသည်။

ရဲတပ်ဖွဲ့က အကြမ်းဖက်သမားများကို ဖော်ထုတ်ရေးနှင့် အမြစ်ရှင်းလင်းရေးလုပ်ဆောင်နေပြီး အစိုးရ အနေနှင့်အခြေအနေများကို သုံးသပ်ကာ လုံခြုံရေးအရ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင် မည်ဖြစ်ကြောင်း အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဦးသောင်းထွန်းသည် ဇူလိုင်လ ၂ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးအချို့နှင့် ရခိုင်ပြည်နယ်အရေးကို ဆွေးနွေးခဲ့သေးသည်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ကမူ မောင်တောအကြမ်းဖက်မှုကြောင့် မြန်မာနိုင်ငံက ထွက်ပြေးလာသူများကို ပြန်လည် လက်ခံပေးရန်မေတ္တာရပ်ခံခဲ့သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေး ပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၄ ခုကမူ ရခိုင်ပြည်နယ်တွင် လိုအပ်သောဒေသများကို နိုင်ငံတော်သမ္မတက စစ်အုပ်ချုပ်ရေးကြေညာ ပေးရန် တောင်းဆိုချက် ပါဝင်သော ရခိုင် ပြည်နယ်အရေး သဘောထားကြေညာချက် ကို ဇူလိုင်လ ၆ ရက်နေ့က ထုတ်ပြန်လိုက် သည်။
ပဋိပက္ခအကဲဆတ်သည့် ရခိုင်ပြည်နယ်တွင် လူ့အဖွဲ့အစည်းနှစ်ခုကြား သံသယကြီးမားမှုကြောင့် ယခင်ကလည်း စစ်တွေမြို့တွင် မကြာခဏလူစုလူဝေးဖြစ်ပွားခဲ့သည်။ ဗျောက်အိုးဖောက်သည်ကိုပင် ရဲကင်းစခန်း တိုက်ခံရသည်ဆိုသည့် ကောလာဟလထွက်ကာ စစ်တွေမြို့တွင် ပြီးခဲ့သည့် နိုဝင် ဘာလက လူစုလူဝေး ဖြစ်ခဲ့ဖူးသည်။

လက်ရှိတွင် ရောင်နီဦးဆိပ်ကမ်းတွင် ဖြစ်ပွားခဲ့သည့် ပြဿနာကြောင့် စစ်တွေမြို့တွင် လုံခြုံရေးကို တိုးမြှင့်လိုက်ရသည်။ အထိမခံနိုင်သည့် ရခိုင်ပြည်နယ်အရေးမှာ ရတက်မအေးဖွယ် ဖြစ်နေဆဲ ဖြစ်သည်။

စစ်တွေမြို့အခြေအနေနှင့် ပတ်သက်၍ စစ်တွေမြို့ခံ လူငယ်စာရေးဆရာ ဝေဟင်အောင်က ဇွန်လ ၆ ရက်နေ့က အောက်ပါအတိုင်း ပြောဆိုသည်။
“တစ်ညလုံး စစ်တပ်က ကားခုနစ်စီးလောက်နဲ့ ပတ္တရောင်လှည့်တယ်။ လူတွေက သတိကြီးကြီး ထားနေရတယ်။ တချို့ရပ်ကွက်တွေဆိုရင် ကင်းစောင့်ကြတယ်” 

 

The Voice

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *