မြောက်ကိုရီးယား ဒုံးပျံစီမံကိန်း

မြောက်ကိုရီးယား ဒုံးပျံလက်နက်တိုက်၌ ကနဦးတွင် ဒုတိယကမ္ဘာစစ်ဒီဇိုင်းပုံစံ အမြောက်ဒုံးကျည်များ ရှိခဲ့ရာမှတစ်ဆင့် ဆယ်စုနှစ်ပေါင်းများစွာအကြာတွင် အမေရိကန်ပြည်ထောင်စုအထိရောက်အောင် ပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးပျံများအထိ ပိုင်ဆိုင်လာပြီဖြစ်သည်။

တိုက်ချင်းပစ် ဒုံးပျံ ဖွံ့ဖြိုးတိုးတက်စေခြင်း

အမေရိကန်ပြည်ထောင်စု ကုန်းမကြီးထိရောက်အောင် ပစ်ခတ်နိုင်သည့် တာဝေးပစ်ဒုံးပျံများတည် ဆောက်ရေးကို လက်ရှိတွင် မြောက်ကိုရီးယားအာရုံစိုက် လုပ်ဆောင်နေပြီဖြစ်သည်။ တိုက်ချင်းပစ် ဒုံးပျံတစ်စင်းကို ပထမဆုံးအကြိမ် အောင်မြင်စွာစမ်းသပ်ခဲ့သည်ဟု ဇူလိုင် ၄ ရက်နေ့ ၂၀၁၇ ခုနှစ်တွင် ပြုံယမ်းက ထုတ်ပြန်ခဲ့သည်။ ကမ္ဘာ့ရှိမည်သည့်ဒေသကို မဆိုရောက်အောင် ဝမ်ဆောင်-၄ ဒုံးပျံဖြင့် ပစ်ခတ်နိုင်သည်ဟု မြောက်ကိုရီးယားက ပြောကြားထားသော်လည်း ယင်းအကွာအဝေးထိ ရောက် အောင်မပစ်နိုင်ဟု ကနဦးအမေရိကန်ခန့်မှန်းချက်များတွင် ဖော်ပြထားသည်။ ယင်းဒုံးပျံသည် တာလတ်ပစ်ဒုံးပျံ တစ်စင်းသာဖြစ်သည်ဟု အမေရိကန် စစ်တပ်က သုံးသပ်ထားသော်လည်း အမေ ရိကန် အလာစကာပြည်နယ်ထိရောက်အောင် ပစ်ခတ်နိုင်သည်ဟု များစွာသောအမေရိကန် ကျွမ်းကျင် သူများက ယုံကြည်ထားသည်။

ထို့အပြင် ၂၀၁၂ ခုနှစ်မှ စတင် ပြီး တိုက်ချင်းပစ်ဒုံးပျံအမျိုးအစား နှစ်ခု ဖြစ်သည့် KN-08 နှင့် KN-04 တို့ကို စစ်ရေးပြပွဲများတွင် မြောက်ကိုရီးယား ပြသခဲ့သည်။ မော်တော်ယာဉ်ပေါ်တွင် သယ်ဆောင် ပစ်လွှတ်နိုင်သည့် အဆင့် သုံးဆင့်ပါ KN-08 ဒုံးပျံကို ကီလိုမီတာ ၁၁ ၅၀၀ ထိရောက်အောင် ပစ်ခတ်နိုင်လိမ့်မည်ဟု ယုံကြည်ရသည်။ KN-14 သည် အဆင့် နှစ်ဆင့်ပါ ဒုံးပျံဖြစ်နိုင်ပြီး ကီလိုမီတာ တစ်သောင်းထိရောက်အောင် ပစ်နိုင်လိမ့်မည်။ လက်ရှိအချိန်ထိ ယင်းဒုံးပျံအမျိုးအစားနှစ်ခုကို စမ်းသပ်ရခြင်းမရှိသလို ယင်းဒုံးပျံများတွင် ဝမ်ဆောင်-၁၄ ကြား ဆက်နွှယ်မှုကိုလည်း ရှင်းလင်းစွာ မသိရသေးပေ။ တိုးတက်မှုများရရှိထားသော်လည်း အမေရိကန်မြို့ကြီးတစ်မြို့ကို တိုက်ချင်းပစ်ဒုံးပျံ ဖြင့် တိကျစွာပစ်ခတ်နိုင်သည့် စွမ်းရည်သို့မဟုတ် နျူကလီးယား ထိပ်ဖူးအသေးစားထုတ်လုပ်နိုင်သည့် စွမ်းရည်ကို မြောက်ကိုရီးယားပိုင်ဆိုင်ခြင်း မရှိသေးပေ။

ဘာကြောင့် တိုက်ချင်းပစ် ဒုံးပျံ တည်ဆောက်သနည်း

ကမ္ဘာကြီး၏ အခြားတစ်ဖက်ခြမ်းတွင်ရှိသည့် ရန်သူကို ကြီးမားသည့် အဖျက်စွမ်းအားဖြင့် ဖျက်ဆီး နိုင်ခြင်းကြောင့် တိုက်ချင်းပစ်ဒုံးပျံများသည် ပါဝါလွှင့်ထုတ်ရေးတွင် အပြီးသတ်အဆုံးအဖြတ်စကား ပြောဆိုသည့် လက်နက်မျိုးဖြစ်သည်။ ငွေကြေး၊ အချိန်နှင့် အားစိုက်ထုတ်ရမှုများကို အသုံးပြု၍ တိုက်ချင်းပစ်ဒုံးပျံများ တည်ဆောက်ရခြင်း၏ အဓိကရည်ရွယ်ချက်သည် နျူကလီးယားလက်နက် ပစ်လွှတ်နိုင်ရန်ဖြစ်သည်။

စစ်အေးကာလတွင် အမေရိကန်နှင့် ရုရှားတို့သည် ၎င်းတို့၏ ဒုံးပျံများကို ကာကွယ်ဖုံးကွယ်ရန်နှင့် ပစ်လွှတ်တိုက်ခိုက်နိုင်ရန် နည်းလမ်းများစွာ အသုံးပြုခဲ့ကြသည်။ ဒုံးပျံများကို မြေအောက်စခန်းများ၊ ကြီးမားသည့် မော်တော်ယာဉ်ကြီးများ သို့မဟုတ် ရေငုပ်သင်္ဘောများပေါ်တွင် တပ်ဆင်ကာ အသင့်အနေအထားရှိနေစေခဲ့သည်။ တိုက်ချင်းပစ်ဒုံးပျံများကို တူညီ သည့် ဒီဇိုင်းလမ်းကြောင်းအတိုင်း ထုတ်လုပ်ရခြင်းဖြစ်သည်။ ယင်းတို့တွင် လောင်စာအရည် သို့မဟုတ် လောင်စာအခဲစွမ်းအင်အသုံးပြုသည့် ဒုံးပျံအဆင့်ပေါင်းများစွာပါဝင်ပြီး လေထုကိုဖောက်ထွက်ကာ အာကာသအတွင်းထိ ဒုံးပျံထိပ်ဖူးကိုသယ်ဆောင်ပေးသည်။

ယင်းနောက်တွင် အများအားဖြင့် သာမိုနျူကလီးယားဗုံး ပါဝင်သည့်ထိပ်ဖူးသည် လေထုတွင်းပြန်လည် ဝင်ရောက်လာပြီး ပစ်မှတ်ဧရိယာ တည့်တည့် သို့မဟုတ် အပေါ်တွင် ဗုံးဖောက်ခွဲခြင်းဖြစ်သည်။ အချို့သော တိုက်ချင်းပစ်ဒုံးပျံများတွင် သီးခြားလွတ်လပ်စွာ သွားလာနိုင်သည့် ထိပ်ဖူးယာဉ်မျိုးစုံပါဝင်နိုင်သည်။ ယင်းယာဉ်များတွင် ထိပ်ဖူး အစစ်များနှင့် လှည့်စားမည့်အတုများ ပါဝင်နိုင်ကာ ပစ်မှတ်မျိုးစုံကို တိုက်ခိုက်ရန်နှင့် ဒုံးခွင်းဒုံး စနစ်များကို ရှုပ်ထွေးစေရန်အသုံးပြုသည်။ စစ်အေးကာလတွင် တိုက်ချင်းပစ်ဒုံးပျံများ ပစ်ခတ်နိုင်သည့် အကွာအဝေးနှင့် ခြိမ်းခြောက်နိုင်မှုစွမ်းအားကို အပြန် အလှန် ဖျက်ဆီးနိုင်မှုစွမ်းအား (MAD) ၏ အဓိက အစိတ်အပိုင်းအဖြစ် ရှုမြင်ခဲ့ကြသည်။ မတွက်ချက်နိုင်လောက်သည့် ဆုံးရှုံးမှုဒဏ်ကို မည်သည့် ဘက်ကမျှမခံစားဘဲ အောင်ပွဲမရနိုင်သဖြင့် MAD သည် ငြိမ်းချမ်း မှုထိန်းသိမ်းရေး တစ်ဖက် တစ်လမ်းမှ ကူညီ ပေးခဲ့သည်။

မြောက်ကိုရီးယားဒုံးပျံ သမိုင်းမှတ်တိုင်များ

မြောက်ကိုရီးယား ကိုယ်ပိုင်ဒုံးပျံ စီမံကိန်းကို စကပ်ဒုံးပျံများဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။ ၁၉၇၆ ခုနှစ်တွင် ပထမ အသုတ် စကပ်ဒုံးပျံများ အီဂျစ်နိုင်ငံမှ မြောက်ကိုရီးယားသို့ ရောက်ရှိလာသည်ဟု ဆိုသည်။ ၁၉၈၄ ခုနှစ်အရောက်တွင် ကိုယ်ပိုင်စကပ်ဒုံးပျံဗားရှင်းဖြစ်သည့် ဝါဆောင်ကို ထုတ်လုပ်ခဲ့သည်။ ယင်းဒုံးပျံ များတွင် သမားရိုးကျ၊ ဓာတုနှင့် ဇီဝထိပ်ဖူး များ တပ်ဆင်နိုင်ပြီး ကီလိုမီတာ ၁၀၀၀ ခန့်ထိ ပစ်ခတ်နိုင်သည်။ ဝါဆောင်မှတစ်ဆင့် နိုဒေါင်ဒီဇိုင်း ပေါ်ထွက်လာသည်။ ယင်းသည် ဝါဆောင်/ စကပ်ဒုံးပျံကို အရွယ်အစား ပိုမိုကြီးမားထားခြင်းဖြစ်ပြီး အကွာအဝေးကို ကီလိုမီတာ ၁၃၀၀ အထိ တိုးချဲ့ နိုင်ခဲ့သည်။

‘တောင်ကိုရီးယားနှင့် ဂျပန် နယ်မြေအများစုထိရောက်အောင် ပစ်ခတ် နိုင်ကြောင်း သက်သေထူပြီး ဖြစ်သော စနစ်’ ဖြစ်သည်ဟု ၂၀၁၆ ခုနှစ် လေ့လာ သုံးသပ်မှုတွင် မဟာဗျူဟာလေ့လာရေး အပြည် ပြည်ဆိုင်ရာ အင်စတီကျုက နိုဒေါ ဒုံးပျံကို အကဲဖြတ်ထားသည်။ နောက်ဆုံး အနေနှင့် ၂၀၁၆ ခုနှစ်တွင် စမ်းသပ်ခဲ့သည့် မူစူဆန်ဒုံးပျံ ပေါ်ထွက်လာသည့်အခါ ပိုမို စွမ်းဆောင်ရည်ရှိသည့် ဒုံးပျံများ မြောက် ကိုရီးယားရရှိလာပြီဖြစ်သည်။ ယင်းဒုံးပျံ ပျံသန်းနိုင်သည့် အကွာအဝေးနှင့် ပတ်သက် ပြီး အငြင်းပွားမှုများ ပေါ်ထွက်နေသော်လည်း ကီလိုမီတာ ၂၅၀၀ ထိရောက်အောင် ပစ်ခတ်နိုင်သည်ဟု အစ္စရေးထောက်လှမ်း ရေးအဖွဲ့က ခန့်မှန်းထားပြီး ကီလိုမီတာ ၃၂၀၀ ထိရောက်အောင် ပစ်ခတ်နိုင်သည် ဟု အမေရိကန်ဒုံးပျံကာကွယ်ရေး အေဂျင်စီ က ခန့်မှန်းထားသည်။ အခြားသော ရင်းမြစ် တစ်ခုကမူ ကီလိုမီတာ ၄၀၀၀ ထိရောက်အောင် ပစ်ခတ်နိုင်သည်ဟု သုံးသပ်ထားသည်။

‘မျက်နှာပြင်မှ မျက်နှာပြင်၊ တာလတ်ပစ်’ ရေငုပ်သင်္ဘော အခြေစိုက် ပွတ်ဂူဆောင်ဒုံးပျံစမ်းသပ်ခဲ့ သည်ဟု ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် မြောက်ကိုရီးယားထုတ်ပြန်လိုက်ပြီး အခြားသော တိုးတက်မှု တစ်ခုရရှိခဲ့သည်။ တိုက်ချင်းပစ် ဒုံးပျံတစ်စင်း စမ်းသပ်ပစ်ခတ်နိုင်လိုက်ပြီ ဟု ဇူလိုင် ၄ ရက်နေ့တွင် မြောက်ကိုရီးယား ထုတ်ပြန်လိုက်မှုသည် အမေရိကန် ပြည်ထောင်စုကုန်းမကြီးကို နျူကလီးယား ထိပ်ဖူးဖြင့် ခြိမ်းခြောက်နိုင်ရန် ပြုံယမ်း ခြေတစ်လှမ်း နီးကပ်သွားပြီဟု ဆိုလိုရင်း ဖြစ်သည်။

အမေရိကန် မည်ကဲ့သို့ တုံ့ပြန်မည်နည်း

အမေရိကန်ကုန်းမြေထိရောက်အောင် ပစ်ခတ်နိုင်သည့် ဒုံးပျံများကိုအကန့်အသတ်ဖြင့် ကာကွယ်ရေး ဒုံးခွင်းဒုံးစနစ်အတွက် ဒေါ်လာဘီလီယံနှင့်ချီ အသုံးပြုလျက်ရှိသည်ဟု ပင်တာဂွန်စစ်ဌာနချုပ်က ထုတ်ပြန်ထားသည်။ သို့သော်လည်း ယင်းဒုံးခွင်းဒုံးစနစ်သည် လက်တွေ့စစ်မြေပြင် သို့မဟုတ် အပြည့်အဝစမ်းသပ်မှုကို ရင်ဆိုင်ရခြင်းမရှိသေးပေ။ တိုက်ချင်းပစ်ဒုံးပျံအတုတစ်စင်းကို မေလ ၃၀ ရက် နေ့တွင် ဒုံးခွင်းဒုံးစနစ်ဖြင့် ပထမဆုံးအကြိမ် အောင်မြင်စွာကြားဖြတ်ပစ်ခတ်နိုင်ခဲ့သော်လည်း လက်တွေ့စစ်မြေပြင်အခြေ အနေကို လက်ရှိအချိန်ထိ ကြုံတွေ့ရခြင်း မရှိသေးပေ။

အမေရိကန်ထိရောက်အောင် နျူကလီးယားလက်နက်ဖြင့် ပစ်ခတ်နိုင်သည့်စွမ်းရည်ကို ယခင်ကတည်း က ရုရှားနှင့် တရုတ်တို့ ပိုင်ဆိုင်ထားသော်လည်း မြောက်ကိုရီးယားသည် ပိုမိုကြီးမားသည့် ခြိမ်းခြောက်မှုဖြစ်သည်။ ရှင်းရှင်းလင်းလင်းမရှိဘဲ ကြိုတင်မခန့်မှန်းနိုင်သည့် မြောက်ကိုရီးယားအစိုးရ သည် အမေရိကန်ထောက်လှမ်းရေး ခန့်မှန်းချက်များကို မကြာခဏရှုပ်ထွေးစေခဲ့ပြီးဖြစ်သည်။ ထို့အပြင် အမေရိကန်ပြည်ထောင်စုကိုချေမှုန်းတိုက်ခိုက်မည်ဟုလည်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ရှင်းရှင်းလင်းလင်းခြိမ်းခြောက်ထားသည်။ တစ်ချိန်တည်းတွင် နျူကလီးယားနှင့် ဒုံးပျံ အရေး ဆွေးနွေးမှုများကို စိတ်မဝင်စားကြောင်းလည်း ပြသထားသည်။

“ကျွန်တော်တို့စိုးရိမ်သင့်ပါတယ်။ အချိန်က ကျွန်တော်တို့ဘက်မှာ ရှိမနေပါဘူး” ဟု ပင်တာဂွန်စမ်းသပ်မှုနှင့် အကဲဖြတ်ရေးရုံး အကြီးအကဲဟောင်း ဖိလစ်အီကိုလီ ၃ က မှတ်ချက် ပြုထားသည်။ သို့သော်လည်း တိုက်ချင်းပစ်ဒုံးပျံထိပ်ဖူးတွင် တပ်ဆင်လောက်အောင် သေးငယ်သည့် နျူကလီးယားထိပ်ဖူးကို မြောက်ကိုရီးယားစမ်းသပ်နိုင်ခြင်းမရှိသေးဟု အမေရိကန်အရာရှိများက ယုံကြည်ထားသည်။ ထို့အပြင် ကမ္ဘာ့လေထုထဲသို့ အာကာသမှတစ်ဆင့် ဒုံးပျံထိပ်ဖူး ပြန်လည် ဝင်ရောက်လာသည့်အခါ ကြုံတွေ့ရမည့် မြင့်မားသည့်အပူချိန်ကို ထိပ်ဖူးခံနိုင်ရည်ရှိရေး လုပ်ဆောင် သည့်နည်းပညာနှင့် ကျွမ်းကျင်မှု မြောက်ကိုရီးယားပိုင်ဆိုင်ခြင်း ရှိ မရှိကိုလည်း ရှင်းလင်းစွာ မသိရပေ။

လက်ရှိတွင် အလာစကာနှင့် ကယ်လီ ဖိုးနီးယားပြည်နယ်ရှိ စစ်စခန်းများ၏ မြေအောက်သိုလောင်ရုံ များတွင် ကြားဖြတ်တိုက်ဖျက်ရေးဒုံးခွင်းဒုံး ၃၆ ခုထိရှိပြီး ယခု နှစ်ကုန်တွင် ၄၄ ခုထိ တိုးမြှင့်ရန် စီစဉ်ထားသည်။ သို့သော်လည်း မြောက်ကိုရီးယား၏ တိုးတက်လာသည့် ဒုံးပျံနည်းပညာများ အတွက် လက်ရှိဒုံးခွင်းဒုံးစနစ်က လုံလောက်ခြင်းမရှိဟု ပင်တာဂွန်က ခံယူထားသည်။ အခြားသော ဒုံးခွင်းစနစ် များအဖြစ် ဒုံးပျံ စတင်လွှတ်တင်သည့်အချိန်တွင်ပင် ဖျက်ဆီးရေး၊ အချိန်ကြာမြင့်စွာပျံသန်းနိုင်သည့် မောင်းသူမဲ့လေယာဉ်တွင် လေဆာ လက်နက်တပ်ဆင်ပြီး ဒုံးပျံကို ဖျက်ဆီးရေးတို့ အဆိုပြုထားသည်။ယင်းကဲ့သို့သော စနစ်များအသုံးပြုမည်ဆိုပါက အမေရိကန် စစ်အသုံးစရိတ်တွင် ကုန်ကျစရိတ်ပိုများ လာမည်ဖြစ်သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အုပ်ချုပ်ရေးအဖွဲ့သည် ၎င်းမတိုင်ခင် ယခင်လူများကဲ့သို့ပင် မြောက်ကိုရီးယား အရေးကို သံတမန်ရေးဖြင့် ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသော်လည်း လက်ရှိအချိန် ထိအရာရောက်ခြင်း မရှိသေးပေ။ တစ်ချိန်တည်းတွင် အမေရိကန်ကုန်းမကြီးအထိ ရောက်အောင် ပစ်ခတ်နိုင်သည့် တိုက်ချင်းပစ်ဒုံးပျံ စွမ်းရည်ပိုင်ဆိုင်ရေး မြောက်ကိုရီးယားတဖြည်းဖြည်းချင်း နီးစပ် လာနေပြီ ဖြစ်သည်။

ကိုးကား – BBC, militarytimes

ချမ်းမြေ့

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *