စုငွေများကို ဌာနက အလွဲသုံးစားလုပ်သည်ဟု လုပ်သားများ စွပ်စွဲ၊ တာဝန်ရှိသူများ ငြင်းဆို

ရန်ကုန်၊ ဇူလိုင် ၇

 

ကြည့်မြင်တိုင်မြို့နယ် ပြည်တွင်းကုန်တင်ကုန်ချကော်မတီရုံး ငါးတောင်းဌာနခွဲတွင် အလုပ်သမားများ၏ တစ်နေ့ လုပ်ခမှ နေ့စဉ်ပေးသွင်းထားသော စုငွေကို အလွဲသုံးစား လုပ်ထားသည်ဟု အလုပ်သမားများက စွပ်စွဲကြပြီး တာဝန်ရှိသူများကမူ ယင်းကိစ္စကို ငြင်းဆိုထားသည်။

အလုပ်သမားများသည် တစ်ရက်လျှင် အပေါ်ကြေး (ရုံးသွင်း)၊ သာရေးနာရေး စုဆောင်းငွေ၊ တောင်းဖိုးနှင့် အုပ်ချုပ်မှု စရိတ်စုစုပေါင်း ရှစ်ရာကျပ်စီ ပေးသွင်းရကြောင်း၊ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်တို့အတွက် စာရင်းရှင်းတမ်းတောင်ခံရာတွင် ငွေကျပ် သိန်းတစ်ရာခန့် အလွဲသုံးစားလုပ်ခံထားရကြောင်း အဆိုပါဌာနခွဲ အခြေခံအလုပ် သမားအဖွဲ့အစည်း (၂) မှ ဘဏ္ဍာရေးမှူး ဦးကျော်သန်းက ပြောထားသည်။

အဆိုပါငွေများအနက် ရုံးပြင်စရိတ်၊ အထွေထွေစရိတ်၊ မီတာခ စသည်တို့ အတွက် အသုံးပြုထားသည့် ကျပ် ၂၈ သိန်း ကို ပြန်ပေးမည်ဟုဆိုသော်လည်း မရသေး ကြောင်း ၎င်းကဆိုသည်။

“ဒါတွေကို ကျွန်တော်တို့ သာရေးနာရေးစုထားတဲ့ငွေနဲ့ မသုံးရဘူးဆိုတာ တည်ဆဲဥပဒေမှာလည်းပါသလို ကျွန်တော် တို့လည်းသိတယ်။ သုံးထားပါတယ်လို့ ဝန်ခံပြီးတော့ ၂၈ သိန်း လျှော်မယ်ဆိုပေမယ့် ကျူးလွန်ထားတဲ့သူကို အပြစ်ပေး အရေးယူတာမရှိဘူး။ ဒီငွေပမာဏထက် မကဘူးဆိုတာ လုပ်သားအားလုံးသိတယ်” ဟု ၎င်းကဆိုသည်။

အလုပ်သမားများ၏ စုငွေအပေါ် မမှန်မကန် အဂတိလိုက်စားမှုရှိနေသည်ဟု စွပ်စွဲပြောဆိုမှုသည် ဌာန၏ ဂုဏ်သိက္ခာကို ထိခိုက်ကြောင်း အဆိုပါကော်မတီရုံးမှ မြို့နယ်ဦးစီးအရာရှိ ဦးရဲဝင်းအောင်က ပြောကြားသည်။

“ပိုက်ဆံကိုကိုင်သုံးရင် တို့လူမျိုးတွေက ကိုင်တဲ့သူစားတယ်လို့ပဲ ထင်နေကြတာ။ အဲဒါက ပြဿနာပဲ။ ဒါမျိုး ဌာနကို အသိမပေးဘဲ စွပ်စွဲပြောဆိုတာမျိုးက ဌာနအတွက် သိက္ခာကျတယ်၊။ မလုပ်သင့်ဘူး” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလက စာရင်း ရှင်းတမ်းထုတ်ပြန်ရာ အလုပ်သမားများက မကျေနပ်ဟု ပြောဆိုသဖြင့် ပြန်လည် စစ်ဆေးကာ အစီရင်ခံစာကို ဖေဖော်ဝါရီ လတွင် ပြန်လည်တင်ပြခဲ့ကြောင်း အလုပ်၊ သမား သက်သာရန်ပုံငွေ စာရင်းရေးဆွဲသူ၊ မြို့နယ်ကုန်တင်ကုန်ချကော်မတီရုံး ဦးစီး အရာရှိ ဒေါ်စိုးစိုးက ပြောကြားသည်၊။

“အဲဒါကိုမှ မကျေနပ်ဘူးပြောလို့ အကြိမ်ကြိမ် သူတို့နဲ့ တွေ့ဆုံရှင်းပြပြီးသားပါ” ဟု ပြောဆိုသည်။

ငွေစာရင်းရှင်းတမ်းများကို အစိုးရ ၏ အထူးစာရင်းစစ်အဖွဲ့က စစ်ဆေးပေးရန် ပြီးခဲ့သည့် မတ်လအတွင်း ဆန္ဒပြတောင်း ဆိုခဲ့သည့်အပြင် အလုပ်သမားဝန်ကြီး အဆင့်ထိ မေလတွင် တိုင်ကြားခဲ့သော်လည်း ဖြေရှင်းပေးခြင်းမရှိသေးကြောင်း အခြေခံအလုပ်သမားအဖွဲ့ထံမှ သိရသည်။

ထူးထက်နိုင်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *