ဤနေရာတွင် ခေတ်သစ်မြန်မာနိုင်ငံကို ဖွားမြင်သည်

 

‘တာဝန်မှအပ မည်သူမှ ဖြတ်သန်းမသွားရ’ ဟု ရေးသားထားသည့် ခနော်ခနဲ့သတိပေးဆိုင်းဘုတ်ကို ဖြတ်ကျော်ပြီးလျှင် တောဖုံးနေသည့်ကတ္တရာလမ်းပေါ်ကို ရောက်ပါလိမ့်မည်။

မြင်မြင်သမျှအရာတိုင်းသည် ပေါင်းမြက်နှင့် ချုံနွယ်များဖုံးလွှမ်းနေပြီး မိုးရာသီဖြစ်သည့်အလျောက် နေရာအားလုံးသည်လည်း စွတ်စိုစိမ်းလန်းနေသည်။ သို့သော် ဝန်းကျင်တစ်ခုလုံး လူသူကင်းမဲ့တိတ် ဆိတ်နေခြင်းက ခြောက်ကပ်သည့်အသွင်ကို ဆောင်နေသည်။

တစ်ချိန်က ပြိုးပြက်စွာထိန်လင်းခဲ့မည်ဖြစ်သော လမ်းမီးတိုင်များသည်လည်း ပေါင်းမြက်များအလယ် တွင် အသက်မဲ့နေပေပြီ။

“ဘာပဲဖြစ်ဖြစ် ဒီဟာက ကျွန်တော်တို့ ဟိုဥစ္စာ အပြောင်းအကွေ့၊ အလှည့်တစ်ခုကို ဖန်တီးပေးလိုက်တဲ့နေရာပေါ့”

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အဖွဲ့ဝင်ဟောင်းဖြစ်ခဲ့ပြီး လက်ရှိ ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP)၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမနမ်တူးဂျာက ဆိုသည်။

ပုဂံခေတ်၊ တောင်ငူခေတ်၊ ကုန်း ဘောင်ခေတ်၊ ကိုလိုနီခေတ်နှင့် လွတ်လပ်ပြီးခေတ် စသည့် ခေတ်များနည်းတူ မြန်မာနိုင်ငံ၏ ခေတ်တစ်ခေတ်ကို ထူထောင်ရာတွင် ဤနေရာက အရေးပါခဲ့ပြီး ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထမြန်မာနိုင်ငံတော် စသည်ဖြင့် မြန်မာနိုင်ငံတော်ကို ခေတ် ကာလအလျောက် ပိုင်းခြားခေါ်ဝေါ်ခဲ့ကြရာ ယခုမျက်မှောက်နိုင်ငံတော်ကို ဤနေရာတွင် အမှန် တကယ်ပင် မွေးဖွားခဲ့သည်။

အမည်အားဖြင့် ညောင်နှစ်ပင်သင်တန်းကျောင်းဟု ကင်ပွန်းတပ်ထားသည့် ဧက ၆၀၀ ကျယ်ဝန်းသည့် မြေနေရာတစ်ခုဖြစ်ကာ ညောင်နှစ်ပင်ညီလာခံဟု လူသိများသည့် အမျိုးသားညီလာခံကို ကျင်းပ ခဲ့သည့်နေရာဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ် ကြာကန်စု-ငါးဆူတောင်လမ်းမဘေး တွင် တည်ရှိသည်။

နိုင်ငံ၏အသက်သွေးကြောဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဤနေရာတွင် ရေးဆွဲ ခဲ့ခြင်းဖြစ်သည်။

ဝင်ပေါက်မှ မိုင်ဝက်ခန့်လျှောက်သွားလျှင် ကြီးမားသည့်အဝိုင်းပတ်တစ်ခုကို တွေ့ရပြီး အလယ်တွင် မြင့်မားလှသည့် မီးတိုင်ကြီးကို စိုက်ထူထားသည်။

အဝိုင်းအတိုင်း ဘယ်ဘက်သို့ ဆက်သွားပါက ကြီးမားခန့်ထည်သည့် အဆောက်အအုံကြီးကို ဦးစွာမြင်ရမည်ဖြစ်သည်။ အဆောက်အအုံကို ‘ပြည်ထောင်စုခန်းမ’ ဟု ကြေးစာလုံးဖြင့် ရေးထိုး ထားသည်။

ခန်းမသို့ဝင်ရာ ကျယ်ပြန့်သည့် အုတ်လှေကားသည် ရေညှိတို့ဖြင့် ဖုံးလွှမ်းနေပြီး လှေကား၏ ခြေရင်းတွင် လူနှစ်ရပ်စာခန့်မြင့်သည့် ညောင်ပင်နှစ်ပင်သည် ချုံနွယ်ပိတ်ပေါင်းများအကြားတွင် ရုန်း ကန်နေသည်။

ခန်းမရှေ့တည့်တည့်နှင့် ဘေးတစ်ဖက်စီရှိ သူ့ခေတ်သူ့အခါက တန်ခိုးထွားခဲ့သည့် အသင်းအဖွဲ့ ကြီးတစ်ခုကို ကိုယ်စားပြုသည့် အင်္ဂတေခြင်္သေ့ရုပ်သုံးခုသည် ယင်းအချိန်က ခန့်ညားခဲ့မည်ဖြစ်သော် လည်း ယခုအခါတွင် ရေညှိများဖြင့် မည်းညစ်လျက်၊ ချုံနွယ်များ၏ ဝါးမြိုနေခြင်းကို ငြိမ်သက်စွာ ခံယူနေရသည်။

“ဆေးရုံရှိတယ်၊ အားကစားလေ့ကျင့်ကွင်းတွေ ရှိတယ်။ ဂေါက်ပြိုင်ကွင်းတွေ ရှိတယ်။ ရုပ်ရှင်တွေပြဖို့ ဟောတွေလည်း ရှိတယ်။ နောက်စားသောက်ဆိုင်တွေလည်း အများကြီးပဲ” ဟု ဒေါက်တာ မနမ်တူးဂျာက လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုစာကာလများကို ပြန်ပြောင်း အောက်မေ့သည်။

“တော်တော်လေး သာယာတယ်။ တော်တော်လည်း ပျော်စရာကောင်းပါတယ်”

ယခုမူ အနီးနားဝန်းကျင်မှ မျှစ်ချိုး၊ မှိုရှာ၊ ဖားရှာ၊ ငါးရှာသူတို့ တစ်ခါတစ်ရံ လာရောက် တတ်သည်မှတစ်ပါး ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေပြီး နေရာများစွာတွင် တောထနေပြီ။

၂၀၀၄ ခုနှစ် မေလမှ ၂၀၀၇ ခုနှစ် အထိ ယင်းခန်းမတွင် အမျိုးသားညီလာခံကို သုံးနှစ်ကျော်ကြာ ကျင်းပခဲ့သည်။

အမျိုးသားညီလာခံ၏ အစသည် ၁၉၉၁ ခုနှစ် ဝန်းကျင်ကစ၍ သန္ဓေတည်လာခြင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအစိုးရကို ဖြုတ်ချကာ ၁၉၆၂ ခုနှစ်မှစ၍ အာဏာသိမ်းခဲ့သည့် ဗိုလ်ချုပ် ကြီးနေဝင်း၏ တော်လှန်ရေးကောင်စီအစိုးရနှင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီအစိုးရများကို နိဂုံးချုပ်စေခဲ့သည့် ၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး နိုင်ငံတော် အာဏာကို ရယူခဲ့သည့် တပ်မတော်အစိုးရက ၁၉၉၀ ပြည့်နှစ်တွင် အထွေထွေရွေးကောက်ပွဲကို ကျင်းပခဲ့ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက နိုင်ငံတစ်ဝန်းတွင် အနိုင်ရရှိခဲ့သည်။

သို့သော် ထိုစဉ်က အနိုင်ရပါတီကို တပ်မတော်က အာဏာလွှဲမပေးခဲ့ဘဲ အမျိုးသားညီလာခံဖြင့် နိုင်ငံရေးလမ်းကြောင်းသစ်ကို ပုံဖော်ခဲ့သည်။

၁၉၉၂ ခုနှစ်တွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့(န၀တ) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမောင်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး ဗိုလ်ချုပ်ကြီး သန်းရွှေနှင့် အပေါင်းအပါများက နိုင်ငံတော်အာဏာကို ရယူခဲ့ကာ ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံ ဥပဒေရေးဆွဲနိုင်ရေးအတွက် အခြေခံမူ များချမှတ်နိုင်ရန် အမျိုးသားညီလာခံကို ခြောက်လအတွင်း ခေါ်ယူကျင်းပမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းလိုက်ချိန်မှစ၍ အခြေခံဥပဒေမရှိဘဲ နိုင်ငံတော်ကို မောင်းနှင်ခဲ့ကြခြင်း ဖြစ်သည်။

၁၉၉၃ ခုနှစ် ဇန်နဝါရီလတွင် အမျိုးသားညီလာခံကို စတင်ကျင်းပသည်။ ယင်းအချိန်က ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်းတွင် ကျင်းပခြင်းဖြစ်ပြီး ညီလာခံကို နိုင်ငံရေးပါတီကိုယ်စားလှယ်၊ ရွေး ကောက်ပွဲ အနိုင်ရကိုယ်စားလှယ်၊ တိုင်းရင်းသား လူမျိုးများကိုယ်စားလှယ်၊ တောင်သူလယ်သမားကိုယ်စားလှယ်၊ အလုပ်သမား ကိုယ်စားလှယ်၊ အသိပညာ ရှင် အတတ်ပညာရှင်ကိုယ်စားလှယ်၊ နိုင်ငံ့ဝန်ထမ်း ကိုယ်စားလှယ်နှင့် အခြားဖိတ်ကြားသင့်သည့် ပုဂ္ဂိုလ်များဟူ၍ အစုအဖွဲ့ ရှစ်ဖွဲ့မှ ကိုယ်စားလှယ် ၇၀၂ ဦးဖြင့် ကျင်းပခဲ့ခြင်း ဖြစ်သည်။

အပစ်အခတ်ရပ်စဲထားသည့် လက်နက်ကိုင် တိုင်းရင်းသားကိုယ်စားလှယ်များကိုလည်း တက်ရောက် ခွင့်ပြုခဲ့သည်။

အမျိုးသားညီလာခံကျင်းပရေးကော်မရှင်ကို ဗိုလ်ချုပ်တစ်ဦးက ဦးဆောင်ခဲ့ပြီး ၎င်း၏လက်အောက်တွင် ညီလာခံကျင်းပရေးလုပ်ငန်းကော်မတီနှင့် ညီလာခံကျင်းပရေးစီမံခန့်ခွဲမှုကော်မတီတို့ကို ဖွဲ့စည်းခဲ့ သည်။

ညီလာခံကျင်းပရေးစီမံခန့်ခွဲမှုကော်မတီကို ဗိုလ်မှူးချုပ်တင်အေး (ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ) က ဦးဆောင်သည်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ ခိုင်မြဲရေး၊ စစ်မှန်သောပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ နိုင်ငံတော်၌ တရားမျှတခြင်း၊ လွတ်လပ် ခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ပိုမိုထွန်းကားရေး၊ အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေး ဟူသည့် ရည်ရွယ်ချက်ခြောက်ခုဖြင့် ပြုလုပ်ခဲ့သော်လည်း အများစုကမူ တပ်မတော်က နိုင်ငံရေးတွင် ဆက်လက်ပါဝင်လိုခြင်းသည် အဓိကဖြစ်သည်ဟု ရှုမြင်ကြသည်။

ညီလာခံတွင် NLD အပါအဝင် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပါတီတို့မှ ကိုယ်စားလှယ် ၉၉ ဦးနှင့် နိုင်ငံရေးပါတီ ကိုယ်စားလှယ် ၄၈ ဦးတို့ပါဝင်ပြီး ကျန်ကိုယ်စားလှယ် ၅၅၅ ဦးမှာ တပ်မတော်က ရွေးချယ်ထားသူများဖြစ်သည်။(NLD မှ စုစုပေါင်း ၈၈ ဦး တက်ရောက်သည်။)

ညီလာခံကျင်းပနေချိန်အတောအတွင်းတွင်ပင် ကိုယ်စားလှယ်အချို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို တိုင်းရင်းသားအရေး၊ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး စသည့်အရေးများနှင့်ပတ်သက်၍ မကျေလည်မှုများကြောင့် ညီလာခံကို စွန့်ခွာသူများလည်း ရှိခဲ့သည်။

NLD ၏ မင်္ဂလာတောင်ညွန့်မြို့နယ်မှ ရွေးကောက်ခံကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါက်တာ အောင်ခင်ဆင့်ကို ညီလာခံကော်မရှင်မှ ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက် သည်ဟုဆိုကာ ညီလာခံမှ ထုတ်ပယ်ခဲ့သည့်အပြင် ထောင်ဒဏ်နှစ် ၂၀ ချမှတ် ခဲ့သည်။

ညီလာခံကျင်းပပြီး ၂ နှစ်ကျော် အကြာ ၁၉၉၅ ခုနှစ်၊ နိုဝင်ဘာလတွင် တိုင်းရင်းသားဒေသများ နယ်မြေသတ်မှတ်မှုနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်များနှင့် ပတ်သက်၍ NLD က ၎င်းတို့၏ သဘောထားကို ညီလာခံကျင်းပရေးကော်မရှင်ထံသို့ တင်ပြခဲ့ပြီး ညီလာခံကို မတက်ရောက်ဘဲနေခဲ့သည်။ ယင်းနောက် ညီလာခံကို ခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ ကော်မရှင်က ကိုယ်စားလှယ် ၈၀ ကျော်ကို ကိုယ်စား လှယ်အဖြစ်မှ ရုပ်သိမ်းကြောင်း သတင်းစာများတွင် ကြေညာခဲ့သည်။

ယင်းမှ သုံးလအကြာ ၁၉၉၆ ခုနှစ် မတ်လတွင် အမျိုးသားညီလာခံလည်း ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းသွားတော့သည်။

ရပ်နားခဲ့သည့် အမျိုးသားညီလာခံကို ရှစ်နှစ်ကျော်အကြာတွင် ပြန်လည် စတင်ခဲ့သည်။

၂၀၀၃ ခုနှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက) အစိုးရအဖွဲ့အတွင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က ဝန်ကြီးချုပ်ဖြစ်လာပြီး နိုင်ငံရေး မြေပုံ(လမ်းပြမြေပုံခုနစ်ချက်)ကို ရေးဆွဲ ထုတ်ပြန်ခဲ့ရာ အမျိုးသားညီလာခံကို ပြန်လည်ကျင်းပရေးသည်လည်း နံပါတ်တစ်အချက် ဖြစ်သည်။

ယင်းနှစ်ထဲတွင် ညီလာခံကျင်းပရေးကော်မရှင်ကို အသစ်ဖွဲ့စည်းလိုက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းစိန် (နယက အတွင်းရေးမှူး ၂) က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးသိန်းစိန်သည် ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် နိုင်ငံတော်သမ္မတ ဖြစ်လာသည်။

ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက အတွင်းရေးမှူးနှင့် တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ခင်အောင်မြင့်က တွဲဖက်အတွင်းရေးမှူး ဖြစ်ခဲ့သည်။ ဦးခင်အောင်မြင့်သည်လည်း ၂၀၁၀ ရွေးကောက်ပွဲအပြီးတွင် အမျိုးသား လွှတ်တော်ဥက္ကဋ္ဌနှင့် ပြည်ထောင်စုလွှတ်တော် နာယကတာဝန်တို့ကို ထမ်းဆောင်ခဲ့သည့်အပြင် လက်ရှိတွင်လည်း မန္တလေး တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၈) ၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဖြစ်သည်။

၂၀၀၄ ခုနှစ် မေလတွင် အမျိုးသားညီလာခံကို ယခုနေရာဖြစ်သည့် လှည်းကူးမြို့နယ်၊ ညောင်နှစ်ပင်ဒေသရှိ ညောင်နှစ်ပင်သင်တန်းကျောင်းနေရာတွင် ပြန်လည်စတင်ခဲ့သည်။

ယင်းညီလာခံသို့ NLD က တက်ရောက်ခြင်းမရှိခဲ့။ တပ်မတော်အကြီးအကဲများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ပြီး တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ညီလာခံကျင်းပရန် ရက်ပိုင်းအလိုတွင် အခြေအနေရုတ်တရက် ပြောင်းသွားခြင်းဖြစ်သည်ဟု ထိုစဉ်က NLD ၏ ထိပ်ပိုင်းပါတီဝင်လည်းဖြစ်၊ ပထမအကြိမ် ညီလာခံတွင် ကိုယ်စားလှယ်အဖြစ် ပါဝင်ခဲ့သူလည်းဖြစ်သည့် ဦးသိန်းညွှန့် က ဆိုသည်။

ဦးသိန်းညွန့်သည် ယခုအခါ အမျိုးသားဒီမိုကရေစီပါတီသစ်(NNDP)၏ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် သင်္ဃန်းကျွန်းမြို့နယ်မှ အနိုင်ရရှိခဲ့သည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ခြွင်းချက်မရှိလွှတ်ပေးရန်၊ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ် ပြုပေးရန်၊ နိုင်ငံတစ်ဝန်း ချိတ်ပိတ်ထားသည့် NLD ရုံးများ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန်စသည့် တောင်းဆိုမှုများ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ခေါင်းဆောင်တို့က တောင်းဆိုထားမှုကို အထက်လူကြီးက လိုက်လျောမပေးနိုင်ကြောင်း တပ်မတော်ဗိုလ်ချုပ် တစ်ဦးက ညီလာခံကျင်းပရန် နှစ်ရက်အလိုတွင် လာရောက်အကြောင်းကြားခဲ့ ရာမှ ညီလာခံတက်ရေးအစီအစဉ်မှာ ပျက်သွားခြင်း ဖြစ်သည်။

ညောင်နှစ်ပင်အမျိုးသားညီလာခံကို ကိုယ်စားလှယ်ပေါင်း တစ်ထောင်ကျော်ဖြင့် ကျင်းပခဲ့ပြီး ညီလာခံကျင်းပရာ ပြည်ထောင်စုခန်းမသည် ယခုအခါ တိတ်ဆိတ်ခြောက်သွေ့နေပေပြီ။

ခန်းမ၏ကြမ်းပြင်တစ်ခုလုံးတွင် ကြွက်၊ ခိုနှင့် အခြားတိရစ္ဆာန်များ၏ အညစ်အကြေးများဖြင့် ပြည့်နှက်နေသည်။ ကိုယ်စားလှယ်များ၏ ထိုင်ခုံများသည်လည်း ဖုန်အလိမ်းလိမ်းဖြင့်။ အလုပ်မလုပ် တော့သည့် လေအေးပေးစက်များက ခန်းမ၏ ဘေးတစ်ဘက်တစ်ချက်စီတွင် ရှိနေသေးသည်။

ခန်းမစင်မြင့်၏ နောက်ခံနံရံပေါ်မှ စာလုံးများက ဤခန်းမကို ၂၀၁၀ မတိုင်မီ က နောက်ဆုံးအသုံးပြုခဲ့ကြောင်း ဖော်ပြနေသည်။

ထိုစဉ်က အသင်းအဖွဲ့အဖြစ်သာ ရှိသေးသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းက ပြုလုပ်သည့် သင်တန်းတစ်ခုကို ဖော်ကျူးထားသည့် စာလုံးများဖြစ်ကာ စာလုံးထက်ဝက်ခန့်မှာ ပျက်စီး နေပြီး ဖတ်ရှု၍မရတော့ပေ။

ခန်းမ၏ ညာဘက်ကပ်လျက်တွင် ဆွေးနွေးပွဲခန်းမတစ်ခုရှိနေသေးပြီး ထိုင်မည့်သူမရှိတော့သည့် ထိုင်ခုံများက ဖုန် အညစ်အကြေးများနှင့် စောင့်ကြိုနေသည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကမူ ဤခန်းမများသည် တီဗီ၊ ရေဒီယိုနှင့် သတင်းစာများသို့တိုင် ဟိတ်ဟန်အပြည့်ဖြင့် နေရာယူခဲ့ကြသည်။

“လူတစ်ထောင်ကျော် အဲဒီမှာထားတာ။ လုံခြုံရေး၊ နောက်ပြီး ဖြစ်မြောက်ရေးကော်မတီ။ သူတို့တွေ အားလုံးပေါင်းမယ်ဆိုရင် လူနှစ်ထောင်ဝန်းကျင်လောက် အမြဲတမ်းရှိတာ” ဟု ဒေါက်တာ တူးဂျာက ဆိုသည်။

ဆွေးနွေးပွဲခန်းမမှ အနီရောင်အုတ်ရိုးများဖြင့် တည်ဆောက်ထားသည့် အမိုးပါရှိသောစင်္ကြံအတိုင်း လျှောက်သွားပါက အလှစိုက်ပန်းဥယျာဉ်နှင့် ရေကန်တို့ကို တွေ့ရမည်ဖြစ်သည်။ စင်္ကြံလမ်း တစ်လျှောက်တွင် နွယ်ပင်တို့က နွယ်ယှက်နေပြီး အမိုး၏ အချို့နေရာများသည် အက်ကွဲနေသည်။ ယင်းမှဆက်သွားလျှင် အခန်းပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် အဆောက်အအုံတစ်ခုကို ထပ်မံ တွေ့ရမည်ဖြစ်သည်။

အဆောက်အအုံအဝင်တွင် အနော်ရထာရိပ်သာဟု ရေးထိုးထားပြီး အတွင်းခန်းများသည် အခြား နေရာများနည်းတူ အညစ်အကြေးများဖြင့်သာ ဖုံးလွှမ်းနေသည်။ အဆောက်အအုံ၏ မျက်နှာကြက် များတွင် မီးလုံးများ၊ ပန်ကာများတပ်ဆင်ထားလျက်ရှိနေသေးသော်လည်း လျှပ်စစ် မီးခလုတ်များသည် အလုပ်မလုပ်တော့ပေ။

မှောင်မိုက်နေသည် အတွင်းပိုင်းလျှောက်လမ်းအတိုင်းဝင်သွားပါက လူနေထိုင်သွားခဲ့ကြသည့် အခန်းများကို တွေ့ရမည်ဖြစ်သည်။

အခန်းတစ်ခုတွင် ဗိုလ်ချုပ်တင်ထွတ် ဟု စက္ကူဖြင့်ရေးသားကာ တံခါးတွင်ကပ်ထားသည်ကို တွေ့ရရာ ယင်းအခန်းသည် ညီလာခံကျင်းပရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ နေထိုင်သွားခဲ့ကြောင်း ပြဆိုနေသည်။ တံခါးတွင်ကပ်ထားသည့် နံပါတ်အရ အခန်းအမှတ် M 10 ဖြစ်သည်။

သို့သော် နာမည်အမှတ်အသားများကို အခန်းတိုင်းတွင် တွေ့ရသည်တော့ မဟုတ်ပါ။ အချို့အခန်းများ သည် တံခါးများသော့ခတ်လျက်အနေအထားတွင်ရှိပြီး အချို့အခန်းများကမူ ပွင့်နေသည်။ အခန်း အတွင်းတွင် ရေချိုးခန်း၊ အိမ်သာတို့ တွဲလျက်ပါရှိသည်။

သို့သော် အမှိုက်၊ ခြတောင်ပို့နှင့် တိရစ္ဆာန်အညစ်အကြေးတို့မှလွဲ၍ မည်သည့်လူသုံးပစ္စည်းမှ ရှိမနေတော့ပေ။

ညီလာခံကျင်းပရေးကော်မရှင်၏ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ခင်အောင်မြင့်၏ အခန်းကိုလည်း တွေ့ရသည်။ တံခါးများသည် ပွင့်လျက်ရှိနေကြပြီး နံရံများ အနီးတွင် ပြတင်းပေါက်မှန်ကွဲများက ပြန့်ကျဲနေသည်။ ရေချိုးခန်းအဝင်ဝတွင် တစ်ပေခွဲခန့်မြင့်မားသည့် ခြတောင်ပို့တစ်ခု တက်လျက် ရှိသည်။

တစ်ဖက်ကပ်လျက်အခန်းသည် ညီလာခံကော်မရှင် အတွင်းရေးမှူး ဗိုလ်မှူးချုပ်ကျော်ဆန်း၏ အခန်း ဖြစ်သည်။

လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ခြေရာလက်ရာအဖြစ် အခန်းနံရံတွင်တိပ်ဖြင့်ကပ်ထားသည့် စာအမှတ် အသားနှစ်ခုကို တွေ့ရသည်။

‘အမျိုးသားညီလာခံဆိုင်ရာ အထွေ ထွေ စာအုပ်စာတမ်းများ’ နှင့် ‘ကော်မရှင်မှ ဝင်စာများ’ ဟူ၍ ဖြစ်သည်။ သို့သော် ယင်းနေရာတွင် မည်သည့်မှတ်တမ်းစာအုပ်မှ မကျန်ရှိတော့ပေ။ တစ်ချိန်ကမူ ပြန်ကြားရေးဝန်ကြီးလည်းဖြစ်၊ ကော်မရှင်အတွင်းရေးမှူးလည်းဖြစ်သည့် ၎င်းအနေ နှင့် ညီလာခံဆိုင်ရာ စာရင်းဇယားများ၊ အချက်အလက်များကို ကိုင်တွယ်ခဲ့ရပေလိမ့်မည်။

အခြား စစ်ဗိုလ်ချုပ်များ၏ အခန်းအချို့ကိုလည်း အဆိုပါအဆောင်တွင် တွေ့ရသေးပြီး လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဥက္ကဋ္ဌဖြစ်သူ၏ အခန်းသည်လည်း တံခါးတွင် အမှတ် အသားများ ကျန်ရစ်သည်။

“သူတို့က သပ်သပ်အဆောင်တွေပဲ၊ သူတို့က ကျင်းပရေးကော်မတီက လူကြီးတွေက သပ်သပ်၊ လုံခြုံရေးက သပ်သပ်၊ သူတို့ သီးသန့်အဆောင်တွေ ရှိတယ်” ဟု ဒေါက်တာ တူးဂျာက ဆိုသည်။

ဧက ၆၀၀ ကျယ်ဝန်းသည့် အဆိုပါမြေနေရာထဲတွင် ပို့ဆောင်ရေးရုံး၊ ရဲတပ်ဖွဲ့ဝင်များအဆောင် (အမျိုးသား၊ အမျိုးသမီး)၊ ကဇာတ်ရုံ(အမျိုးသား၊ အမျိုးသမီး)၊ အမျိုးသမီးအိပ်ဆောင်၊ ဝင်းသူဇာ အရောင်းဆိုင်တန်း၊ အားကစားရုံ၊ အမျိုးသား အိပ်ဆောင်၊ လေ့ကျင့်ရေးဂေါက်ကွင်း၊ ဆေးရုံ စသည်တို့ကို ပြန့်ကျဲစွာ နေရာချထားသည်။

ကိုယ်စားလှယ်နေထိုင်သည့် တည်းခိုဆောင်များအနီးတွင် မီးဖိုဆောင်နှင့် ထမင်းစားဆောင်များ ထားရှိပေးထားသည်။

“စားရေးသောက်ရေးကအားလုံး အဆင်ပြေတယ်။ သူတို့ ချက်ကျွေးတယ်လေ အဲဒီမှာ” ဟု ဒေါက်တာ မနမ်တူးဂျာက ဆိုသည်။

သို့သော် အစည်းဝေးခန်းမနှင့် တည်းခိုဆောင်များသည် အဝေးဆုံးအနေအထားတွင်ရှိနေသည်။

အစည်းအဝေးခန်းမသို့ အသွားအပြန်ကို မော်တော်ယာဉ်ဖြင့် အကြိုအပို့ လုပ်ပေးကြောင်း ညီလာခံတက်ရောက်ရာတွင် ပါဝင်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည) ပါတီ ဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ တပ်မတော်ဒုတိယကာကွယ်ရေးဦးစီးချုပ်ဟောင်းလည်း ဖြစ်သည့် ဦးထွန်းရီ (ကွယ်လွန်)က မကွယ်လွန်မီက သတင်းမီဒီယာတစ်ခုသို့ ပြောဆိုခဲ့ဖူးသည်။

“ခန်းမနဲ့ တည်းတဲ့နေရာနဲ့ကိုက ဒီအတိုင်း လမ်းလျှောက်ပြန်ချင်လို့ အဆင်မပြေဘူး၊ သူက ဖယ်ရီ (ကြိုပို့ယာဉ်)လေး တွေ စီစဉ်ပြီးတော့ သူ့အဆောင်နဲ့သူ လုပ်ပေးရတဲ့သဘော ရှိတယ်” ဟု ၎င်းက ဆိုထားသည်။

ဧက ၆၀၀ အနက် ၃၀၀ သည် အဆောက်အအုံများအတွက် ဖြစ်ပြီး ဧက ၂၀၀ မှာ စိုက်ပျိုးရေးဇုန်နှင့် ကျန်ဧက ၁၀၀ မှာ မွေးမြူရေးဇုန်အတွက် ဖြစ်သည်။

၂၀၀၈ ခုနှစ် မေလတွင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြုလုပ်ပြီး အခြေခံဥပဒေ အတည်ဖြစ်လာ ပြီးနောက်ပိုင်းတွင် ညောင်နှစ်ပင်၏ အခန်းကဏ္ဍက သေးသိမ်သွားခဲ့သည်။

ယခုမူ အဆိုပါမြေနေရာတွင် လူသူ လေးပါးကင်းလျက် တိတ်ဆိတ်ခဲ့ပြီဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လည်းပေါ်ထွက်ခဲ့ပြီး ဖြစ်သလို ယင်းဥပဒေ ဖြင့်ပင် ငါးနှစ်ကြာမြင့်သည့် အစိုးရ တစ်ဆက်ကုန်လွန်ခဲ့ပြီး ဒုတိယတစ်ဆက်ပင် တိုင်ခဲ့ပြီ။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့က အဆိုပါမြေနေရာနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက မေးခွန်းမေးမြန်းခဲ့သည်။

ကျယ်ဝန်းသည့် မြေနေရာနှင့် အဖိုးတန်အဆောက်အအုံများကို နိုင်ငံတော်အကျိုးရှိရာရှိကြောင်း အသုံးမချဘဲ ပစ်စလက်ခတ်ထားကာ ချုံနွယ်ပိတ်ပေါင်းများ ဖုံးလွှမ်းနေစေခြင်းအပေါ် ကချင် ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ခွန်ဝင်းသောင်းက မေးခွန်းထုတ်လိုက် ခြင်းဖြစ်သည်။

အစိုးရတာဝန်ရှိသူတစ်ဦး၏ ပြန်လည်ပြောဆိုချက်အရ ယင်းမြေနေရာတွင် စက်မှုလုပ်ငန်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့် စီးပွားရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်သည့် စက်မှုဇုန်တစ်ခုကို ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းကာ ဖော်ဆောင်သွား မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစီမံကိန်းအတွက် ဒေါ်လာသန်း ၁၀၀ ကျော်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စတင်မည် ဖြစ်သည်။

၂၀၀၈ အခြေခံဥပဒေနှင့်ပတ်သက်၍ အမြဲတစေ ကန့်ကွက်နေသူများရှိသလို ထောက်ခံနေသူများ လည်း ရှိနေပြီး မကြာခဏ အငြင်းပွားပြဿနာတက်ရသည်များလည်း ရှိသည်။

သို့သော် လက်ရှိနိုင်ငံတော်သည် ယင်းအခြေခံဥပဒေနှင့်အညီပင် ကိုးလ လွယ်၊ ဆယ်လဖွားခဲ့ရခြင်း ဖြစ်သည်။(၂၀၀၈ အခြေခံဥပဒေကို စတင်ရေးဆွဲချိန်မှ ပြီးဆုံးအတည်ပြုချိန်အထိ ၁၄ နှစ် ကြာ မြင့်သည်။)

တစ်နည်းအားဖြင့် စစ်အာဏာရှင်တို့ နှစ်ပေါင်းများစွာကြီးစိုးကာ အမှောင်ဖုံးခဲ့ရသည့် မြန်မာနိုင်ငံ အနေနှင့် ဒီမိုကရေစီ ရောင်ခြည်သန်းသည့် နိုင်ငံသစ်ကို ဤနေရာတွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။

ဒေါက်တာမနမ်တူးဂျာကမူ ဤနေရာသည် ခေတ်စနစ် အကူးအပြောင်းကာလ၊ နိုင်ငံရေးခရီးလမ်း အချိုးအကွေ့တွင် ပါဝင်ခဲ့သည့် ဇာတ်ကောင်တစ်ခု ဖြစ်သည်ဟု ဆိုသည်။

“ပြောမယ်ဆိုရင်တော့ ဒါက သမိုင်းဝင်နေရာပါပဲ။ အဲဒီတော့ ဒါကြောင့်မို့လို့ ထိန်းသိမ်းဖို့တော့လိုတယ်လို့ ထင်တယ်လေ” ။

အောင်မျိုးထက်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *