အာဇာနည်နေ့တွင် အတွင်းဝန်ရုံးသမိုင်းဝင်နေရာများကို အမျိုးသားပြတိုက်မှ ပစ္စည်းများဖြင့် ရှေးမူအတိုင်းပြသမည်

 

ရန်ကုန်၊ ဇူလိုင် ၆

ဇူလိုင်လ ၁၉ ရက်၊ အာဇာနည်နေ့ တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် အာဇာနည်ကိုးဦး လုပ်ကြံခံရသည့်အတွင်းဝန် ရုံးရှိ သမိုင်းဝင်နေရာအချို့ကို အမျိုးသား ပြတိုက်တွင် ထိန်းသိမ်းထားသော မူရင်း ပရိဘောဂများကိုခေတ္တငှား၍ ဗိုလ်ချုပ်တို့ရှိစဉ်က သုံးစွဲခဲ့သည့်ပုံစံ ခင်းကျင်းပြသ မည်ဖြစ်ကြောင်း အတွင်းဝန်ရုံးထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ထံမှသိရသည်။

ထို့ပြင် အတွင်းဝန်ရုံးရှိ ပါလီမန် အဆောက်အအုံနှင့် အာဇာနည်နေ့အထိမ်း အမှတ်ကျောက်တိုင်တို့ကို ဝင်ရောက် ကြည့်ရှုနိုင်မည်ဟု အဆိုပါအဖွဲ့မှ တာဝန် ရှိသူ ဒေါ်မေသန္တာဝင်းက ပြောကြားသည်။

“ဗိုလ်ချုပ်တို့လုပ်ကြံခံရတဲ့ ကက်ဘိနက်အစည်းအဝေးခန်း၊ အခုအာဇာနည်များရဲ့ အစည်းအဝေးခန်းလုပ်ထားတဲ့နေရာကို ပထမဆုံးကြည့်ခွင့်ရမယ်။ လုပ်ကြံခံရစဉ်ကကျန်ခဲ့တဲ့အတိုင်း စားပွဲတွေ၊ ကုလားထိုင်တွေကို အမျိုးသားပြတိုက်က ခဏငှားမယ်။ ငှားပြီး အဲဒါတွေကို အရင်လုပ် ကြံခံရတဲ့ Display (အခင်းအကျင်း) အတိုင်းစီထားပြီးတော့ ကြည့်ခွင့်ရမယ်” ဟု ၎င်းကဆိုသည်။

အသက် ၁၀ နှစ်မှ ၁၄ နှစ်အရွယ် ကျောင်းသားများ၏လက်ရာ အာဇာနည် နေ့နှင့် သက်ဆိုင်သောပန်းချီကား ၄၀ ကို အတွင်းဝန်ရုံးပြခန်းတွင် ပြသသွား မည်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

အာဇာနည်နေ့တွင် နံနက် ၆ နာရီ ၌ အာဇာနည်ကိုးဦးအား အမျှအတန်းပေးခြင်းအခမ်းအနားကို ကျင်းပမည်ဖြစ်ပြီး နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဝင်ရောက်လေ့လာနိုင်မည်ဖြစ်သည်။

၁၈၉၀ တွင် စတင်တည်ဆောက်ခဲ့သည့် အဆိုပါအဆောက်အအုံကို ၁၉၇၂ ခုနှစ် နှစ်ဦးကာလအထိ အတွင်းဝန်များရုံးဟု ခေါ်ဆိုခဲ့ပြီး အဆိုပါနှစ်မတ်လမှစ၍ ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားကို ဖျက်သိမ်းကာ အုပ်ချုပ်ရေးစနစ်သစ် ပြောင်းလဲခဲ့ရာ၌ ဝန်ကြီးများရုံးဟု အမည်ပြောင်းလဲခေါ်ဝေါ်ခဲ့သည်။

အတွင်းဝန်ရုံး၏ အလယ်ဗဟိုရှိ ပါလီမန်အဆောက်အအုံ၌ပင် ၁၉၄၇ ခုနှစ် ဇွန်လ ၁၆ ရက်နေ့၌ တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေး ကျင်းပခဲ့ရာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဖွဲ့စည်း အုပ်ချုပ်ပုံအခြေခံဥပဒေ၏ အခြေခံလမ်း ညွှန်ချက်များကို တင်သွင်းခဲ့သည်။

ယင်းနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် များသည် အတွင်းဝန်ရုံးပထမထပ်ရှိ အစည်းအဝေးခန်း၌လုပ်ကြံပစ်ခတ်ခံရ သဖြင့် ကျဆုံးခဲ့ရသည်။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် အတွင်းဝန် ရုံးတွင်းရှိ ယူနီယံဂျက်အလံကို ဖြုတ်ချ ပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အလံ ကို စတင်လွှင့်ထူကာ လွတ်လပ်ရေးရရှိ ခဲ့သည်။

 

ဇင်လင်းထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *