ရန်ကုန်တိုင်းဒေသကြီးအစိုးရတွင် တန်ဖိုးနည်းအိမ်ရာ အခန်း ၂၀၀၀ ခန့် ရောင်းရန်ကျန်ဟုဆို

ရန်ကုန်၊ ဇူလိုင် ၆

 

ရန်ကုန်တိုင်းဒေသကြီးအစိုးရအစီအစဉ်ဖြင့် တန်ဖိုးနည်းအိမ်ရာ အခန်းပေါင်း ၂၀၀၀ ခန့် ရောင်းချရန် ကျန်ရှိနေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန အိမ်ရာဖွံ့ဖြိုးရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က The Voice သို့ ပြောကြားသည်။

တိုင်းအစိုးရအဖွဲ့နှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပူးပေါင်းတည်ဆောက်နေသည့် တန်ဖိုးနည်း အိမ်ရာများရှိ စုစုပေါင်းအခန်းအရေအတွက်၏ ၇၀ ရာခိုင်နှုန်းကို တိုင်းအစိုးရကရယူပြီး ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက စီမံခန့်ခွဲလျက်ရှိသည်ဟု ၎င်းကဆိုသည်။

“၂ နှစ်အတွင်းမှာ ပထမအသုတ်က အခန်း ၄၀၀ ကျော်ကျန်တယ်။ ဒုတိယအသုတ်က ၁၅၅၂ ခန်း လွှဲထားတယ်။ တစ်ခန်းမှမရောင်းရသေးဘူး။ နှစ်ခုပေါင်းလို့ရှိရင် အခန်း ၂၀၀၀ လောက်ရှိနေပြီ” ဟု ဦးဝင်းနိုင်က ပြောကြားသည်။

လက်ရှိတွင် ပြည်သူများသို့ရောင်းချ ရန်ကျန်ရှိသည့် အခန်းများမှာ တိုင်းအစိုးရ အဖွဲ့၏ စီမံခန့်ခွဲမှု အောက်ရှိ လှိုင်သာယာမြို့နယ် ရွှေလင်ပန်း၊ ဒဂုံဆိပ်ကမ်းမြို့နယ် ယုဇန အပိုင်း (၁) နှင့် ကနောင် အိမ်ရာတို့ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနစီမံခန့်ခွဲမှုအောက်ရှိ တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ရေး နှင့် အိမ်ရာဖွံ့ဖြိုရေးဘဏ်(CHDB) ဘဏ်နှင့်ချိတ်ဆက်ပြီး အိမ်ရာတန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို ကနဦး ပေးသွင်းကာ ၈ နှစ်အရစ်ကျစနစ် ဖြင့် ရောင်းချထားသည်။

တိုင်းဒေသကြီးအစိုးရသည် တန်ဖိုးနည်းတိုက်ခန်းများရောင်းချရေးအတွက် ကော်မတီတစ်ရပ်ဖွဲ့စည်း ထားပြီး ဥက္ကဋ္ဌမှာ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် တန်ဖိုးနည်းတိုက်ခန်းများကို လျှောက်လွှာခေါ်ယူ၍ ရောင်းချခဲ့သည်။

“တန်ဖိုးနည်းအိမ်ရာ ရောင်းချတာတာက မူတစ်ခုထဲပဲ ဖြစ်သင့်တယ်။ အိုးအိမ် က CHDB ဘဏ်နဲ့ချိတ် ရောင်းတယ်။ တိုင်းဒေသကြီးက ဥပမာ – စစ်မှုထမ်းတွေ၊ ရုပ်ရှင်အစည်းအရုံးတို့က ရောင်းမယ်ဆို ကွဲလွဲသွားပြီ။ မူဆိုတာ တစ်ခုထဲရှိသင့်တယ်။ ခဏခဏပြောင်းဖို့ မဖြစ်သင့်ဘူး” ဟု မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန အငြိမ်းစား ဒုတိယညွှန်ကြားရေးမှူး ဦးမင်းအောင်အေးက The Voice သို့ ပြောကြား သည်။

လက်ရှိတွင် တိုင်းဒေသကြီးအစိုးရက ရောင်းချမည့်တန်ဖိုးနည်းအိမ်ရာများကို မည်သည့်အချိန်တွင် မည်သည့်အစီအစဉ်ဖြင့် ရောင်းချမည်ဆိုသည်ကို တရား ဝင်ပြောကြားခြင်းမရှိသေးချေ။ ယင်းကိစ္စ နှင့် ပတ်သက်၍ တာဝန်ရှိသူဝန်ကြီး ဒေါ်နီလာကျော်သို့ ဆက်သွယ်သော်လည်း ဖုန်းခေါ်ဆိုမရခဲ့ပေ။

ပို့ပို့

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *