ယခင်အစိုးရလက်ထက်တွင် အသုံးစရိတ်ကျပ်သန်း ၅၄၀၀ ကျော် ပိုတောင်းဟုဆို

 

မန္တလေး၊ ဇူလိုင် ၇

မန္တလေးတိုင်းဒေသကြီးတွင် ယခင် အစိုးရလက်ထက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အသုံးစရိတ် ကျပ်သန်း ၅၄၀၀ ကျော် ပိုတောင်းခံခဲ့သည်ဟု စာရင်းစစ်ချုပ်၏ အစီရင်ခံစာအရ တွေ့ရှိရကြောင်း ချမ်းမြသာစည်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်အောင်က  ပြောကြားသည်။

သာမန်သုံးစွဲငွေ ကျပ်သန်း ၁၂၂ç၅၉၀ ကျော်မှ ပိုလျှံငွေ ကျပ်သန်း ၃၄၀၀ ကျော်၊  ငွေလုံးငွေရင်း သုံးစွဲငွေ ကျပ်သန်း ၉၀၀၀ ကျော်မှ ပိုလျှံငွေ ကျပ်သန်း ၂၀၀၀ ကျော်ကို တွေ့ရှိခဲ့ရသဖြင့် စုစုပေါင်းပိုလျှံငွေမှာ ကျပ်သန်း ၅၄၀၀ ကျော်ရှိကြောင်း  ၎င်းကပြောဆိုသည်။

“ဘာလို့ ပိုလျှံငွေ များနေသလဲဆိုတာ ဆန်းစစ်ကြည့်တော့ ဌာနအဖွဲ့အစည်း ၁၄ ခုကနေပြီး နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲနိုင်ရေးအတွက် လိုအပ်တာထက် ပိုမိုတောင်းခံခဲ့တာကြောင့်ဖြစ်တယ်။ အဲဒီငွေတွေက ပြည်ထောင်စု  ဘဏ္ဍာရေးကော်မရှင်က အမှန်တကယ်    လိုအပ်တယ်ထင်လို့ ထုတ်ပေးထားတာ ဖြစ်တဲ့အတွက် ပြည်နယ်/တိုင်းတစ်ခုခုက ပိုတောင်းရင် တခြားပြည်နယ်တိုင်းတွေအတွက် ခွဲတမ်းလျော့ကျသွားနိုင်ပါတယ်” ဟု ဦးတင်အောင်က ပြောကြား သည်။

ယခင်အစိုးရ၏ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းစနစ်မကျမှုများ၊ ဥပဒေနှင့်မညီမှုများကို ယခုအစိုးရအနေနှင့်  တာဝန်ယူဖြေကြားပေးရန် မဟုတ်ကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ဝန်ထမ်းအဖွဲ့အစည်းများ ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းကျစွာ သုံးစွဲရေး၊ ဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ရေးတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဌာနဝန်ကြီး ဦးဇာနည်အောင်က ပြောဆိုသည်။ “တည့်တည့်ပဲပြောရရင် ယခင် အစိုးရရဲ့ ဥပဒေနဲ့ မညီညွတ်မှုတွေကို  ပြည်ထောင်စုအစိုးရရဲ့ မူဝါဒနဲ့ပဲ ကျွန်တော်တို့အစိုးရက ဆောင်ရွက်သွားနိုင်မှာပါ” ဟု ၎င်းကဆိုသည်။

၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အတွက် စာရင်းစစ်ချုပ်၏ အစီရင်ခံစာသည် ယခင်အစိုးရလက်ထက်လုပ်ရပ်များ ဖြစ်သော်လည်း လက်ရှိအစိုးရသည် ယခင်အစိုးရ၏ ကောင်းမွေဆိုးမွေကို ဆက်ခံရသဖြင့် အပြစ်တင်မည်ဆိုလျှင်လည်း ခံရမည်သာဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က လွှတ်တော်တွင် ဆွေးနွေး ပြောဆိုခဲ့သည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *