အောင်လအန်ဆန်းအလွန် စီးပွားရေးချန်ပီယံ

 

ကမ္ဘာ့ချန်ပီယံအိပ်မက် ရုပ်လုံးပေါ်ခဲ့ပြီဖြစ်သည်။

ဇွန်လ ၃၀ ရက်ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် LIGHT OF A NATION MMA ပြိုင်ပွဲတွင် မြန်မာ နိုင်ငံဖွား၊ ကချင်တိုင်းရင်းသား အောင်အန်ဆန်းက ကမ္ဘာ့ချန်ပီယံဘွဲ့ကို အရယူဆောင်ကြဉ်းခဲ့သည်။

အာရှဒေသတွင် ဂုဏ်သတင်းကျော် ဇောသည့် One Championship ပြိုင်ပွဲ (Mixed Martial Art MMA) ဘက်စုံကိုယ်ခံပညာသုံး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဖြစ်သူ ရုရှားနိုင်ငံသား ဘစ်တာလီ ဘစ်ဒက်ရှ်ကို ယှဉ်ပြိုင်ထိုးသတ် အနိုင်ယူခဲ့သည်။

အဆိုပါအောင်ပွဲသည် အောင်လအန်ဆန်း၏ အောင်ပွဲသာမဟုတ် မြန်မာတို့၏ အောင်ပွဲဟုပင် မှတ်ယူထားကြသည်။ သို့သော် လူအများသတိမမူသည် အောင်ပွဲခံချန်ပီယံကြီးများရှိနေပါသေးသည်။ ယင်းမှာ ကန့်လန့်ကာနောက်ကွယ်က ပွဲစီစဉ်သူများပင်ဖြစ်သည်။

အောင်လအန်ဆန်းသည် ကမ္ဘာ့ချန်ပီယံဘွဲ့ဆွတ်ခူးခဲ့ပြီး One Championship ပြိုင်ပွဲစီစဉ်သည့် ကုမ္ပဏီမှာလည်း မြန်မာလက်ဝှေ့အားကစား လောကတွင် နာမည်ကျော်လာသည်။

စင်စစ် ဇူလိုင်လနောက်ဆုံးသီတင်းပတ်တွင် အခြားအားကစားပြိုင်ပွဲများ ရှိသေးသည်။ Lethwei Nation Fight နှင့် အိုလံပစ်နေ့အထိမ်းအမှတ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲနှစ်ခုအပြင် KBZ ဖိတ်ခေါ် ဖလားယူ ၂၂ ဘောလုံးပွဲများ ကျင်းပခဲ့သော်လည်း လူစိတ်ဝင်စားမှု နည်းခဲ့သည်။

One Championship ပြိုင်ပွဲက မြန်မာပရိသတ်၏ စိတ်အာရုံကိုဖမ်းစားခဲ့သည်။ ပုံမှန်အားဖြင့် ကမ္ဘာ့ အဆင့်အားကစားပြိုင်ပွဲများကို ရုပ်မြင်သံကြားဖန်သားပြင်မှ ကြည့်ရှုခဲ့ရသော မြန်မာပရိသတ် အတွက် ကွင်းအရောက် ကိုယ်တိုင်ကိုယ်ကျကြည့်ရှုနိုင်ခြင်းမှာလည်း အဆိုပါပွဲကို ပိုမိုမျက်စိကျစေသည်။

ယင်းအတွက် ပီတီဖြစ်ရကြောင်း ပွဲစီစဉ်သူ ဦးဇေသီဟက The Voice သို့ ပြောဆိုသည်။ ထိုပွဲမျိုးကို ကြီးကြပ်စီစဉ်ရခြင်းအတွက် ၎င်းက ဂုဏ်ယူပုံရသည်။

“မြန်မာလက်ခမောင်းကုမ္ပဏီ အနေနဲ့ လူတွေတော်တော်များများမဖြစ်နိုင်ဘူးဆိုတာကို အောင်မြင် အောင်လုပ်တယ်။ မြန်မာ့ရိုးရာလက်ဝှေ့အားကစားသမားတွေကို တစ်နည်းတစ်ဖုံနဲ့ အထောက်အပံ့ ပေးနေတယ်ဆိုတဲ့စိတ် ကျွန်တော့်မှာ ရှိတယ်။ ရိုးရာလက်ဝှေ့ကိုလည်း WLC ဆိုတဲ့နာမည်နဲ့ ထိုးဖောက်တယ်။ One Championship ကို ကမ္ဘာ့အဆင့်မီ လုပ်ခဲ့တယ်” ပြိုင်ပွဲစီစဉ်ဖြစ်ခဲ့ပုံကို ၎င်းက ပြန်လည်ပြောဆိုသည်။

ဦးဇေသီဟသည် နာမည်ကျော်သူဌေးကြီး ဇေကမ္ဘာဦးခင်ရွှေ၏သားတစ်ဦးလည်း ဖြစ်သည်။ သူသည် မြန်မလက်ခမောင်း အားကစားလုပ်ငန်းနှင့် World Lethwei Championship ကို တည်ထောင် ထားသည်။ မြန်မာနိုင်ငံတွင် အောင်မြင်သည့် အားကစားလုပ်ငန်းကုမ္ပဏီကြီးတစ်ခုထူထောင်ရန် စိတ်အားထက်သန်သူလည်းဖြစ်သည်။ ၎င်းသည် ကမ္ဘာအဆင့် One Championship MMA အားက စားပြိုင်ပွဲကို မြန်မာနိုင်ငံတွင် မိတ်ဆက်ခဲ့သည်။

One Championship ပြိုင်ပွဲ သည် စင်ကာပူအခြေစိုက် အားကစားမီဒီယာလုပ်ငန်းတစ်ခုဖြစ်ပြီး၂၀၁၁ ခုနှစ်တွင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် ChatriSityodtong နှင့် ESPN Star Sport မှ အမှုဆောင်ဟောင်းတစ်ဦးဖြစ်သူ Victor Cui က တည်ထောင်ခဲ့သည်။

အဆိုပါပြိုင်ပွဲအစီအစဉ်သည် အာရှတစ်လွှားဈေးကွက်များသို့ အရှိန်အဟုန်ကောင်းကောင်းဖြင့် ဈေးကွက်ထိုးဖောက် နေသည်။ နာမည်ကျော် မွေထိုင်းလက်ဝှေ့ အားကစားပွဲကျင်းပသည့် ထိုင်းနိုင်ငံ ၌ပင် ဈေးကွက်ဝေစုကို ခွဲခြမ်းရယူရန် တာဆူနေ သည်။ ပြီးခဲ့သည်နှစ်က MMA ပြိုင်ပွဲကို ထိုင်းနိုင်ငံ တွင် ကျင်းပခဲ့သည်။

သို့သော် အနောက်နိုင်ငံဈေးကွက်များသို့ ထိုးဖောက်ရန် အခက်အခဲရှိသည်။ အကြောင်းမှာ အမေရိက အခြေစိုက် Ultimate Fighting Championship – UFC ပြိုင်ပွဲသည် ပိုမိုကျော်ကြားသည်။ UFC သည် နှစ်ပေါင်း ၃၀ ကျော် သက်တမ်း ရှိပြီး ထိုးကြေး၊ ပြိုင်ပွဲစပွန်ဆာကြေးနှင့် ရုပ်သံထုတ်လွှင့်ကြေး သည် One Championshipပြိုင်ပွဲထက် အဆများစွာကွာသည်ဟု လက်ဝှေ့လောကအသိုင်းအဝိုင်းက ဆိုသည်။

ထို့ကြောင့်လည်း One Championship ပြိုင်ပွဲကို အာရှနိုင်ငံပေါင်းစုံတွင် ကျင်းပပြုလုပ်ရန် စီစဉ်ကြ သည်။ ကျင်းပပြီးစီးခဲ့သည့် LIGHT OF A NATION MMA ပြိုင်ပွဲတွင် အောင်လအန်ဆန်းကို အားကစားချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် မြန်မာပရိသတ်က အားပေးခဲ့ရာ One Championship ပြိုင်ပွဲ ပုံရိပ်မှာလည်း မြန်မာနိုင်ငံတွင် ထင်ရှားလာခဲ့သည်။ ဒေသတွင်း လာအို၊ ကမ္ဘောဒီးယား နိုင်ငံတို့တွင် ယင်းပြိုင်ပွဲကျင်းပလျှင် ယခုကဲ့သို့အောင်မြင်မည်ဟု တစ်ထစ်ချမပြောနိုင်ပေ။

ယခုပွဲတွင် အောင်လအန်ဆန်း အနိုင်ရခဲ့သဖြင့် အောင်မြင်သောပွဲဖြစ်သော်လည်း စီးပွားရေးအရ တွက်ခြေမကိုက်ကြောင်း ဦးဇေသီဟကပြောဆိုသည်။ ယင်းပွဲဖြစ်မြောက်ရန် စီစဉ်ရသည့် ကုန်ကျ စရိတ်သည် အမေရိကန်ဒေါ်လာ ငါးသိန်း (ကျပ်သိန်း ၆၀၀၀ ကျော်) ရှိခဲ့သည်ဟု ၎င်းကဆိုသည်။

လက်ဝှေ့အားကစားပွဲတစ်ခု၏ ဝင်ငွေသည် အထောက်အပံ့ပေးသည့် စပွန် ဆာကြေး၊ ရုံဝင်ကြေးနှင့် ရုပ်သံထုတ်လွှင့်ကြေးများမှ အဓိကရရှိသည်။ လက်ရှိပြိုငပွဲတွင် ထိုင်ခုံလက်မှတ်များ အားလုံးရောင်း ထွက်ခဲ့သည်။ ထိုင်ခုံလက်မှတ်စုစုပေါင်း တစ်သောင်းကျော်ရှိပြီး လက်မှတ်တစ်စောင်နှုန်းထားမှာ ကျပ်တစ်သောင်းမှ ကျပ်နှစ်သိန်းဖြစ်သည်။

အားကစားရုံထဲတွင် လူပြည့်သွားခြင်းကြောင့် ထိုင်ခုံပေါင်းနှစ်ထောင်ကို ပရိုဂျက်တာဖြင့် ကြည့်ရှု အားပေးနိုင်ရန် စီစဉ်ပေးခဲ့ရသည်အထိ ဖြစ်သည်။

သို့သော် စပွန်ဆာရရှိမှု အလွန်နည်းသည်။ လက်ရှိပြိုင်ပွဲကို အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ် (AGD) တစ်ခုတည်းကသာ အထောက်အပံ့ပေးထားပြီး ကျန်ကုမ္ပဏီများမှာ စိတ်ဝင်စားမှုအားနည်းကြောင်း ၎င်းကဆိုသည်။ ထို့ကြောင့်လည်း ကုန်ကျငွေနှင့် ရငွေကို စာရင်းချုပ်သည့်အခါ ကုမ္ပဏီမှ ကျပ်သိန်း နှစ်ထောင်ခန့်ရှုံးခဲ့သည်ဟု သူကဆိုသည်။

“အားလုံးက အမြဲတမ်းလိုလိုအရှုံးပဲ ပြပြီးလုပ်နေရတယ်” ဟု ၎င်းကဆိုသည်။

One Championship ပြိုင်ပွဲသည် ကမ္ဘာ့ရုပ်သံမီဒီယာပေါင်း ၆၀ ကျော်ဖြင့် စာချုပ်ချုပ်ဆိုထားပြီး ယင်း အတွက် တိုက်ရိုက်ရုပ်သံထုတ်လွှင့်ကြေးများလည်းရမည် ဖြစ်သည်။ အဆိုပါရုပ်သံကြေးများကိုမူ ၎င်းကမဖွင့်ပြောပေ။

ငွေကြေးအရ အရှုံးပြခြင်းမှာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနှင့် ဆက်နွှယ်နေသည်။ နိုင်ငံအတွင်း ရင်းနှီး မြှုပ်နှံသည့် လုပ်ငန်းများကြီးထွားပါက အဆိုပါပြိုင်ပွဲများကို အထောက်အပံ့ပေးမှုလည်း ပိုများသည်။ အိမ်နီးချင်းထိုင်းနိုင်ငံ၏ ဈေးကွက်တွင် ပြိုင်ပွဲတစ်ခုစီစဉ်လျှင် စပွန်ဆာပေးသည့် လုပ်ငန်းပေါင်းများစွာ ရှိပြီး မြန်မာနိုင်ငံတွင်မူ နည်းပါးလှသည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းများ ဖြစ်သည့် Beer Chang ၊ PTT Lubricant ၊ Red Bull စသည့် လုပ်ငန်းများမှာ Thai Fight ဟုခေါ်သည့် ရိုးရာမွေထိုင်းလက်ဝှေ့ကို အစဉ်တစ်စိုက် စပွန်ဆာ ပေးခဲ့ သည်။ ပြိုင်ပွဲတစ်ခုစီစဉ်လျှင် စပွန်ဆာပေးသည့် ကုမ္ပဏီပေါင်းများစွာရှိသည်ဟု Lethwei Nation Fight လက်ဝှေ့ပွဲစီစဉ်သူ ဦးဖြိုးကိုကိုနိုင်က ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ဝှေ့ပွဲစီစဉ်သူများသည် စီးပွားရေးအရအရှုံးများလျက်ရှိနေပြီး ၎င်းကိုယ်တိုင်ပင် လက်ဝှေ့ပွဲ ၃ ပွဲ စီစဉ်ခဲ့ရာ၂ ပွဲရှုံးခဲ့သည်။ တစ်ပွဲလျှင် သိန်းရာဂဏန်းခန့်ရှုံးသည်ဟု သူက ဆိုသည်။ ပွဲစီစဉ်သူများ ပိုမိုများလာပြီး လက်ဝှေ့ထိုးသတ်ကြေးများ မြင့်မားလာခြင်းကြောင့် အရှုံးပြခြင်းဖြစ် ကြောင်း ၎င်းကဆိုသည်။

“အဓိကကတော့ Sponsorship များများရဖို့ ကြိုးစားရမှာပေါ့။ နောက်တစ်ခုက လူတွေ စိတ်ဝင်စား လာအောင် Ticket တွေရောင်းရအောင် ကြိုးစားရမှာပေါ့” ဟု ၎င်းကဆိုသည်။

သို့သော် အောင်လအန်ဆန်းအနိုင်ရခဲ့သည့် One Championship ပြိုင်ပွဲတွင် စီးပွားရေးအရအရှုံးမရှိ ကြောင်း လက်ဝှေ့လောကအသိုင်းအဝိုင်းတွင် သတင်းထွက်နေသည်။ အတည်မပြုနိုင်သည့် သတင်း များအရအဆိုပါ ပြိုင်ပွဲ၏ စပွန်ဆာကြေးမှာ ကျပ်သိန်း ၂၅၀၀ ခန့် အထိရှိသည်ဟု ဆိုသည်။

ရုံဝင်ကြေးမှာလည်း ကျပ်သိန်း ၆၀၀ ကျော်ရှိပြီး မြန်မာနိုင်ငံမှ အကျိုး အမြတ်များစွာရရှိခဲ့ကြောင်း သတင်းထွက်ပေါ်သည်။ သို့ဆိုလျှင် ကန့်လန့်ကာနောက်ကွယ်မှ ချန်ပီယံသည် စင်ကာပူအခြေစိုက် One Championship လော မေးခွန်းထုတ်ဖွယ်ရာရှိသည်။ ချန်ပီယံဆုနောက်ကွယ်တွင် အကျိုး အမြတ်များစွာသိမ်းယူသွားသူမှာ Lethwei Nation Fight လော။

လာမည့် နိုဝင်ဘာတွင် အောင်လအန်ဆန်း၏ ချန်ပီယံဆုကာကွယ်ပွဲကို မြန်မာနိုင်ငံတွင် ပြုလုပ်မည် ဖြစ်သဖြင့် One Championship ပြိုင်ပွဲသည် အောင်မြင်မှုသရဖူများ ထပ်မံရယူဦးမည်ဖြစ်သည်။ ထို အခြေအနေသည် မြန်မာ့လက်ဝှေ့ အားကစားလောကအတွက် အချက်ပေးသံတစ်ခုလည်း ဖြစ်သည်။

စီးပွားရေးအရလွှမ်းမိုးမှုသာမက ရိုးရာလက်ဝှေ့ပြိုင်ပွဲနေရာတွင် MMA ဟုခေါ်သည့် ဘက်စုံကိုယ်ခံ ပညာသုံးပြိုင်ပွဲများ နေရာယူလာနိုင်သည်။ ပြည်တွင်းရိုးရာ လက်ဝှေ့ပွဲများသည် ငွေကြေးများစွာ ရင်းနှီး မြှုပ်နှံထားသည့် One Championship ပြိုင်ပွဲများနှင့် ယှဉ်ပြိုင်ထိုးဖောက်နိုင်စွမ်း ရှိမည်မဟုတ်ဟု ဦးဖြိုးကိုကိုနိုင်ကဆိုသည်။

“အင်အားကောင်းတဲ့အတွက် ရိုးရာ လက်ဝှေ့ကို အလွယ်တကူ လွှမ်းမိုးသွားနိုင်တယ်။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် နောင်ငါးနှစ်ဆယ်နှစ်မှာ ရိုးရာလက်ဝှေ့ပွဲတွေက တိမ်ကောသွားနိုင်တယ်” ဟု ၎င်းကဆိုသည်။

သို့သော်လည်း မြန်မာ့ရိုးရာ လက်ဝှေ့အားကစားပြိုင်ပွဲ ကြည့်ရှုသည့် အမာခံပရိသတ်များ ရှိနေခြင်း ကြောင့် ယင်းကဲ့သို့ လွှမ်းမိုးမည်မဟုတ်ကြောင်း Lethwei International Promoter ဦးစိုင်းဇော် ဇော်က ဆိုသည်။ One Championship ပြိုင်ပွဲကဲ့သို့ စတိတ်အပြင်အဆင်များ၊ အစီအစဉ်တင်ဆက်မှု များကို အတုယူပြုလုပ်နိုင်လျှင် မြန်မာ့လက်ဝှေ့စင်မြင့် ထွန်းတောက်လာမည်ဟု သူကဆိုသည်။

ယင်းအတွက် စပွန်ဆာပေးသည့် လုပ်ငန်းရှင်များနှင့် ကြည့်ရှုသည့်ပရိသတ်များကို ယခုထက် ပိုမို ဆွဲဆောင်ရန်လိုသည်။ လက်ရှိအနေအထားမှာ မြန်မာ့ လက်ဝှေ့ကို စပွန်ဆာပေးသူရှားပါးလျက် ရှိပြီး ရုပ်သံလွှင့်ကြေးလည်း မရရှိသေးပေ။ ထို့ကြောင့် မြန်မာလက်ဝှေ့ရိုးရာ လက်ဝှေ့ထိုးသတ်ကြေးမှာ လည်း နိုင်ငံတကာပွဲများထက် နည်းပါးသည်။

One Championship ကဲ့သို့ နိုင်ငံတကာပြိုင်ပွဲများ မြန်မာနိုင်ငံတွင် ကျင်းပခြင်းသည် လက်ဝှေ့ ကစားသမားများအတွက် ထိုးသတ်ကြေးမြိုးမြိုးမြက်မြက်ရသည်။ သို့သော် လက်ဝှေ့အားကစား လောက ဖွံ့ဖြိုးရေးအတွက် အထောက်အကူမပြုကြောင်း ဦးစိုင်းဇော်ဇော်က ဆိုသည်။

“သူတို့ (One Championship ) ဒီမှာလာလုပ်တယ်။ တစ်နိုင်ငံလုံးကလည်း အောင်လအန်ဆန်းကို ချစ်တဲ့အတွက် ရုံပြည့်ရုံလျှံအားပေးတယ်။ ဒါပေမဲ့ အကျိုးအမြတ်အားလုံးကတော့ One Championship ကုမ္ပဏီက ယူသွား တာပဲ” ဟု ၎င်းကဆိုသည်။

မည်သို့ပင်ဆိုစေ ကမ္ဘာ့ချန်ပီယံ အိပ်မက်ရုပ်လုံးပေါ်ခဲ့ပြီဖြစ်သည်။ ချွေး၊ သွေးတရဲရဲတိုက်ပွဲကြား မြန်မာနိုင်ငံဖွားတိုင်းရင်းသားတစ်ဦး ချန်ပီယံဖြစ်ခဲ့ပြီဖြစ်သည်။ လက်ခုပ်သံများစွာလည်း ပိုင်ဆိုင်ခဲ့ သည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်ပင် ချန်ပီယံဘွဲ့ အတွက် ဂုဏ်ပြုခဲ့သေးသည်။

အဆိုပါ ဂုဏ်ပြုသံများနောက်ကွယ်တွင် ချန်ပီယံကြီးရှိနေပါသေးသည်။ အနိုင်၊ အရှုံး၊ သရေမည်သည့် ရလဒ်ထွက်စေကာမူ One Championship ကုမ္ပဏီသည် ဆုကြေးများစွာရရှိသည့် ချန်ပီယံ အစစ်ပင်ဖြစ်သည်။ ယင်းနှင့်ပတ်သက်ပြီး ဦးဖြိုးကိုကိုနိုင်က အောက်ပါအတိုင်း ဆိုသည်။

“အကျိုးအမြတ်အားလုံးက စင်ကာပူကို ပါသွားတာ” ။

 

နိုင်လင်းအောင်

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *