သတင်းမီဒီယာအရေး မစ္စယန်ဟီးလီနှင့်မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ တွေ့ဆုံမည်

 

ရန်ကုန်၊ ဇူလိုင် ၁၁

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် လာမည့်ဇူလိုင်(၁၃)ရက်နေ့တွင် မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အဆိုပါကောင်စီ၏ ဒုတိယဥက္ကဌ ဦးအောင်လှထွန်းထံမှ သိရသည်။

“ဆရာတို့ကတော့ သူသိချင်တဲ့ အကြောင်းအရာ မြန်မာနိုင်ငံသတင်းမီဒီယာရဲ့ ဘယ်ကိစ္စမဆို မတုံ့မဆိုင်း ပွင့်ပွင့်လင်းလင်း ပြောပြဆွေးနွေးသွားမှာပါ” ဟု ၎င်းက ပြောကြားသည်။

မစ္စယန်ဟီးလီသည် လွန်ခဲ့သည့် သီတင်းတစ်ပတ်ခန့်ကစ၍ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယခုတွေ့ဆုံမှုမှာ တတိယအကြိမ်မြောက်ဖြစ်လာမည်ဖြစ်သည်။

အဆိုပါလူ့အခွင့်အရေးအထူးကိုယ်စားလှယ်သည် ဇူလိုင် ၁၀ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေပြင်ဆင်ရေးနှင့် ပုဒ်မ ၆၆(ဃ)ဖျက်သိမ်းရေးလှုပ်ရှားမှု ပူးပေါင်းရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ခဲ့သေးသည်။

မစ္စယန်ဟီးလီသည်မြန်မာနိုင်ငံတွင် ၁၁ရက်ခန့်နေထိုင်မည်ဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်၊ ရခိုင်နှင့် ကရင်ပြည်နယ်သို့သွားရောက်၍ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေများကို လေ့လာကာ ဇူလိုင် ၂၁ရက်တွင် ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

ခရီးစဉ်အတွင်း လူ့အခွင့်အရေးဆိုင်ရာ လေ့လာတွေ့ရှိချက်များကို အောက်တိုဘာလအတွင်း ကျင်းပမည့် ကမ္ဘာ့ကုလသမဂ္ဂညီလာခံ၌ မစ္စယန်ဟီးလီက တင်ပြသွားမည်ဖြစ်သည်။
သတင်းမီဒီယာကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၆ရက်နေ့တွင် ဗြိတိသျှသံအမတ်ကြီး အင်ဒရူးပက်ထရစ်နှင့်လည်း တွေ့ဆုံကာ စာနယ်ဇင်းဆရာများနှင့် မီဒီယာလောက ရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို ဆွေးနွေးခဲ့ကြသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *