‘အ’ သုံးလုံးမှ ‘င’ တစ်လုံးသို့

 

ငွေခင်တို့နိုင်ငံတွင် စာတတ်မြောက်ရေးအတွက် ‘အ’ သုံးလုံး တစ်ခေတ် ထခဲ့ဖူးသည်။ ယခုအခါ ငွေကြေးပညာ တတ်မြောက်ရေး  ‘င’ တစ်လုံးခေတ်သို့ ရောက်လေပြီ။ ငွေအကြောင်း၊ ကြေးအကြောင်း ဟိုရှာ၊ သည်ဖတ်နှင့် ပညာချိုလေး ကြွကာစ ခပ်ငယ်ငယ်တွင် ‘အမေတို့က ငွေကြေးပညာကိုမှ သေချာ နားမလည်တာ’ အစချီကာ အထွန့်တက်မိသဖြင့် ‘ဂွက်’ ခနဲ အသံမြည်အောင် ခေါင်းခေါက်ခံရဖူးသည်။ သိသလိုလိုဖြစ်လာသော ပညာကို  တကယ်တတ်အောင် ကိုယ်တိုင်ကြိုးစားကျင့်ကြံရဦးမည့်အကြောင်း  ထိုစဉ်ကတည်းက ငွေခင် မှတ်သွားခဲ့သည်။

တကယ်တမ်း အမေမှန်ပါသည်။ ငွေခင်တို့ မောင်နှမတွေ လူလား မြောက်သည်အထိ မိသားစုကို အောင်အောင်မြင်မြင် ကျွေးမွေးစောင့် ရှောက်လာနိုင်သည်မှာ ငွေကြေးပညာ တစ်စုံတစ်ရာမတတ်ဘဲနှင့် လုပ်နိုင် သော အရာမဟုတ်။ ငွေခင်တို့ လူ့အဖွဲ့အစည်းတွင် ခင်ပွန်းအလျောက်၊  ဇနီးအလျောက်၊ အိမ်ထောင်ဦးစီးအလျောက် အခြေခံငွေကြေးဆိုင်ရာ  အသိများနှင့် စည်းကမ်းများရှိကြသည်သာဖြစ်သည်။ လူကြီးမှ လူငယ်သို့   ဆိုရိုးစကားများ ပုံတိုပတ်စများဖြင့် လက်ဆင့်ကမ်းသွားသည့် အစဉ်အလာဖြစ်သည်။

အလုပ်ဟူသမျှ ဂုဏ်ရှိစွ၊ ခေါင်းတစ်ရာသားကို စားပါ၊  စီးတဲ့ရေ ဆည်တဲ့ကန်သင်း၊ တစ်နေ့ ပုဆိုးသုံးခါ လှည့်ဝတ်ပါ၊ အချိန်မီချုပ် အစုတ်သက်သာ အစရှိသည်ဖြင့် များစွာသော ဆုံးမစကားများ၏  တန်ဖိုးကို ကိုယ့်ထူးကိုယ်ချွန်၍ တိုးတက်လာသော မိသားစုတိုင်း  အနည်းနှင့်အများ သိရှိလိုက်နာကြသည်။

သို့သော် လူတိုင်းမဟုတ်။ မိသားစုတိုင်းမဟုတ်။ ဆိုလိုရင်းများကို  သေချာမစဉ်းစားမိ၊ မသိသော သူများရှိသလို အသိဝင်သော်လည်း ခေတ်နှင့်လျော်ညီစွာ စပ်ဟပ်စဉ်းစားကာ လက်တွေ့မမြင်နိုင်သူတွေ ရှိသည်။ လက်တွေ့မြင်သော်လည်း အကျင့် မဝင်သူတွေရှိပြန်သည်။  တစ်ဖက်တွင်လည်း ခေတ်စားသည့်အတွေးအခေါ်များက အားကောင်း သည်။ ဖော်ပြပါဆုံးမစကားများကိုသာ မသိရှိမီ ‘ငွေဆိုတာ ဂုဏ်ကို ခေါ်တယ်၊ သောက်မယ်၊ စားမယ်၊ ပျော်မယ်ပါးမယ်’ ဆိုသည့်သီချင်း မျိုးတော့ ကလေးကော လူကြီးပါဆိုတတ်သည်။ စိတ်ပါလက်ပါလည်း ဆိုကြသည်။ လက်တွင်မရှိသည့်အခိုက် ငွေဆိုသည်မှာ မုန်းစရာ ရန်သူပမာ။

လက်တွင်ရှိခိုက် ငွေဆိုတာ စိတ်ထွက်ပေါက်ရှာ ဖျော်ဖြေစရာ။  မုန်းလိုက်၊ ထွက်ပေါက်ရှာလိုက်နှင့် ရှာလိုက် သုံးလိုက်ဖြင့် ဘ၀တိုးတက် ရေးနှင့် လိုက်လေ ဝေးလေဖြစ်နေသူတွေ ဒုနှင့်ဒေး။ အချို့ကတော့  ငွေတန်ဖိုးကိုသိ၍ ရှိအောင်ကြိုးစားကြသည်။ သို့သော် အချိန်အခါအလိုက်  ခရီးမရောက်၊ မှန်းသလောက် မပေါက်။ သမင်မွေးရင်း ကျားစားရင်း ဆိုသလို အလုပ်ကြိုးစားပြီး ခြစ်ခြစ်ခြုတ်ခြုတ်ဖြင့် ရလာသောငွေ တဖြည်းဖြည်း တန်ဖိုးလျော့သွားခြင်း၊ ပျောက်သွားခြင်း၊ တန်ဖိုးဆုံးခြင်း အစရှိသည်တို့ ကြုံတွေ့ရပြန်သည်။ ထိုအခါများတွင် အပြစ်တင်စရာ  ကံသာ ကျန်တော့သည်။ ကံမပါ၍၊ ကံမလိုက်သေး၍ အစရှိသည်ဖြင့် တဝဲလည်လည် ဖြစ်နေသူများစွာရှိသည်။

ဒါတွေကြောင့် ငွေကြေးပညာတတ်မှဟု ငွေခင် ပြောလိုက်ရခြင်းဖြစ်သည်။ ကံ၊ ဉာဏ်၊ ဝီရိယ စုံလင်မှသာ လိုရာပြည့်စုံသည် မှန်၏။  သို့သော်  ကံနည်းနေခိုက် ဉာဏ်နှင့် ဝီရိယလေးကူပါမှ သက်သာရာရပေမည်။  ကံဆိုသည်ပင်လျှင် အလုပ်မဟုတ်ပါလား။

တိုးတက်ပြီးနိုင်ငံများတွင် အတန်းကျောင်းများမှစတင်ကာ  ငွေကြေးပညာ ဖြည့်စွက်သင်ကြားကြသည်။ ဆယ်ကျော်သက်အရွယ်များ အတွက်၊ လူငယ်လူရွယ်များအတွက်၊ အိမ်ထောင်သည်များအတွက်၊  လူလွတ်များအတွက်၊  ဝန်ထမ်းများ အတွက်၊ ပင်စင်စားများအတွက် အစရှိသည်ဖြင့် လူတစ်ယောက်ဘ၀၏ အဆစ်အပိုင်းတိုင်းအတွက်  အချိန်အခါအလိုက် အသုံးဝင်သည့် ငွေကြေးစီမံခန့်ခွဲခြင်းဆိုင်ရာ အတွေးအခေါ်၊ လက်တွေ့ကျင့်ထုံးများကို ရေးသားပြုစုကာ အများပြည်သူထံ ဖြန့်ဝေကြသည်။ သင်ရိုးညွှန်းတမ်းများတွင် ထည့်ကြသလို သုတေသနမှတ်တမ်းများ၊ စာအုပ်စာတမ်းများ ထုတ်ဝေကြသည်။ ငွေကြေးပညာ  ဖြန့်ဝေသော အင်တာနက်ဝက်ဘ်ဆိုက်များက သိလိုသူတိုင်းအတွက်  ကြိုဆိုနေသည်။ သိလိုသူများလာရန်လည်း ဆွဲဆောင်သည်။ သိသူဖော်စား မဟုတ်၊ သိသူများလေ ကောင်းလေစနစ်ဖြစ်သည်။

ကလေးအရွယ်ကစ၍ ငွေ၏တန်ဖိုးကို သိကြခြင်းက အကျိုးရလဒ် ဖြစ်သည်။ ကိုယ့်ဝမ်းကိုယ်ကျောင်းခြင်း၊ ငွေရှာခြင်းကို အလေးထားသည်။  ငွေကြေးပြည့်စုံမှုနှင့် ပတ်သက်၍ မိမိရောက်လိုသောအဆင့်ကိုသိပြီး  ရောက်အောင်သွားနိုင်ရန် နည်းလမ်းများ မှန်းဆနိုင်ကြသည်။  ငွေကြေးပညာစနစ်တကျမရနိုင်သူများထက် ပိုမိုမှန်ကန်သော ငွေကြေးဆိုင်ရာ  ဆုံးဖြတ်ချက်များ ချနိုင်ကြသည်။ တိုင်းပြည်တွင် ငွေကြေးအဆင်ပြေသူ  ပေါများသည်။ ထိုသို့သောနိုင်ငံများကို ချမ်းသာသောနိုင်ငံများဟု  ငွေခင်တို့က သမုတ်ကြသည်။ နိုင်ငံတစ်နိုင်ငံသည် သမုတ်ရုံဖြင့် ချမ်းသာ နိုင်သည်မဟုတ်ပါ။ ချမ်းသာသူဦးရေများမှသာ ချမ်းသာသည့်နိုင်ငံ အမှန် ဖြစ်ပါမည်။

ငွေခင်တို့ပညာရေး သင်ရိုးညွှန်းတမ်းတွင် ဖော်ပြခဲ့ပြီးသော ဆုံးမစကားများ၊ ပုံတိုပတ်စများ ပါဝင်နေသော်လည်း သင်္ချာဖတ်စာတွင် ‘ဆယ်ပြားနဲ့ ငါးပြားပေါင်းလျှင် ဆယ့်ငါးပြား’ ဆိုသော ပုစ္ဆာမျိုးလောက်သာ  ငွေကြေးကို တိုက်ရိုက်ရည်ညွှန်းသည်ကို မြင်ဖူးသည်။ သင်္ချာပုစ္ဆာအချို့ကလွဲလျှင် ငွေကြေးပညာအတွက် သီးသန့်နေရာမရှိ။ အထက်တန်းတွင်  ဘောဂဗေဒဘာသာရပ် စသင်ကြားရသောအခါ ငွေကြေးကိစ္စမပါမဖြစ် ပါလာသည်။ သို့သော် ဘောဂဗေဒနှင့်ဆက်နွှယ်၍သာဖြစ်သည်။ လက်တွေ့ အသုံးချနိုင်သော ငွေကြေးပညာမဟုတ်။ ဒါတောင် ဝိဇ္ဇာတွေ၊ သိပ္ပံတွေ၊ ဝိပ္ပံတွေ တွဲလိုက် ခွဲလိုက် ဂယက်တွင် ဘောဂဗေဒဘာသာရပ်ကို တချို့ လွတ်သွားသေးသည်။ စာနှင့်ပေနှင့် ရေးသားဖြန့်ဖြူးသော ငွေကြေးပညာ ဆို၍ ကိုယ့်အားကိုယ်ကိုးကာ အပြင်စာတွေအဖြစ် ရှာဖွေဖတ်ခဲ့ရသည် သာများသည်။

ငွေကြေးပညာသည်  အလွယ်ချမ်းသာနည်းမဟုတ်ပါ။ မှန်ကန်သော  ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များချနိုင်ရန် ပံ့ပိုးသည့်ပညာဖြစ်သည်။  ငွေကြေးနှင့်ပြဋ္ဌာန်းထားသော စီးပွားရေးစနစ်ဖြင့်လည်ပတ်နေသည့်  ငွေခင်တို့နေထိုင်ရာ ကမ္ဘာကြီးတွင် မိမိအကျိုးနှင့် အများအကျိုး မျှတ စွာ ဆောင်ကြဉ်းလျက် ဟန်ကျ ပန်ကျနေထိုင်သွားနိုင်ရန်အတွက် ငွေကြေးပညာ လိုကိုလိုအပ်ပါသည်။ ငွေကြေးပညာတွင် ငွေအကြောင်း၊  ငွေရှာခြင်း၊ ငွေစုခြင်း၊ ငွေသုံးခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းမှ အလှူဒါန ပြုလုပ် ခြင်းအထိ၊ နိစ္စဓူဝမှ ဘ၀ရည်မှန်းချက်များ ထားရှိကာ ပြင်ဆင်စီစဉ် ခြင်း၊ အကောင်အထည်ဖော်ခြင်း အစရှိသည့် အကြောင်းအရာများ ပါဝင်ပါသည်။ ငွေရေးကြေးရေးကို စိတ်ဝင်စားမိ၍ လေ့လာလေလေ ကိုယ်တိုင် ဖတ်မိမှတ်မိသော လက်တွေ့အသုံးဝင်သည့် အချက်အလက်များ၊  နည်းနာများကို လူတိုင်းအနည်းနှင့်အများ စဉ်းစားမိလျှင် ငွေကြေးဆိုင်ရာ  ဒုက္ခတွေ အတော်နည်းသွားနိုင်မည်ဟု ငွေခင် ခဏခဏတွေးမိသည်။  မသိသေးသူများ သိစေချင်သည်။ သိပြီးသူများ စနစ်ကျ၍ လက်တွေ့ပါစေချင်သည်။

ဖွံ့ဖြိုးပြီး တိုးတက်ပြီးနိုင်ငံကြီးများတွင် ပြည်သူအများ၏ တစ်ကိုယ်ရေ ဘဏ္ဍာရေးစီမံခန့်ခွဲမှု စွမ်းရည်မြှင့်တင်ပေးမည့် ငွေကြေးပညာကို  အစိုးရအစီအစဉ်များတွင် ထည့်သွင်းရေးဆွဲလာနေကြသည်။ ဂျာမနီနိုင်ငံ တွင် ငွေစုဘဏ်အသင်းကဲ့သို့ နိုင်ငံအဆင့် အသင်းအဖွဲ့ကြီးများက အတန်းကျောင်းများတွင် အတန်းအဆင့်အလိုက် ငွေကြေးပညာသင်ရိုး  ဖြည့်စွက်ခြင်း၊ အများပြည်သူသို့ စဉ်ဆက်မပြတ် ဖြန့်ဝေခြင်း၊ ဟောပြော ခြင်းများ အင်တိုက်အားတိုက် စဉ်ဆက်မပြတ် လုပ်ကိုင်နေသည်ကို  မျက်မြင်ကိုယ်တွေ့ လေ့လာခဲ့ရဖူးသည်။ အမေရိကန်နိုင်ငံတွင်လည်း   ထိုနည်းလည်းကောင်း။ ယခုနှစ် ၂၀၁၇ နှစ်ဆန်းပိုင်း ငွေကြေးပညာတတ် ကျွမ်းမှုနှင့် ပတ်သက်သည့် သုတေသနအစီရင်ခံစာတစ်ရပ်တွင် အားထုတ်မှုများမလုံလောက်ဟု အဖြေထွက်နေသဖြင့် ငွေကြေးပညာ သင်ရိုးများ ပိုကောင်းစေရန်၊ သင်ကြားနည်းများ ပိုထိရောက်စေရန်  ပညာရှင်များက အကြုံပြုဆော်ဩနေကြပြန်သည်။ သူများနိုင်ငံတွင်  ငွေကြေးပညာကို အလေးထားကြပုံဖြစ်သည်။

ငွေခင်တို့အတွက် အားတက်စရာမှာ ဘဏ္ဍာရေးဝန်ကြီးဌာနက  ဦးဆောင်ကာ ငွေကြေးပညာဆိုင်ရာ စာအုပ်၊ စာတမ်းများ စတင်ပြုစုလျက် ရှိခြင်းဖြစ်သည်။ ဘဏ်နှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ အထူးသဖြင့်  အသေးစား ငွေရေးကြေးရေးလုပ်ငန်းများကလည်း မိမိတို့အဖွဲ့ဝင်များကို လက်လှမ်းမီသလောက် ပညာဖြန့်ဝေ၊ သင်ကြားပေးနေသည်များလည်း ရှိလာနေသည်။ သူများတိုင်းပြည်များကို အမီလိုက်နိုင်ရန်တော့ အများကြီး အားထုတ်ရဦးမည်။ ငွေကြေးကိုစီမံနိုင်လျှင် သောကနည်းမည်။ ဒုက္ခနည်းမည်။  ငွေကြေးပညာသည် လူတိုင်းအတွက်ဖြစ်သည်။ ငွေကို အောင်နိုင်ရန် နည်းလမ်းပြမည့် ငွေကြေးပညာကို လူတိုင်းလက်ဝယ်သို့ အရောက်ပို့နိုင် ရေးသည် ငွေခင်တို့ကဲ့သို့ ဖွံ့ဖြိုးတိုးတက်ရန် ကြိုးစားနေသော နိုင်ငံ တစ်နိုင်ငံအတွက် လိုအပ်ချက်ကြီးတစ်ခုဖြစ်သည်။

နိုင်ငံလုံးချီသည့် စာတတ်မြောက်ရေး ‘အသုံးလုံး’ လှုပ်ရှားမှုကြီး  တစ်ချိန်က အောင်ပွဲခံခဲ့ဖူးပါသည်။ ယခုလည်း နိုင်ငံလုံးချီ ငွေကြေးပညာ တတ်မြောက်ရေး ‘ငတစ်လုံး’ လှုပ်ရှားမှုကြီး ဆင်နွှဲရန် အချိန်အခါသင့်နေပါပြီ။

ငွေခင်

၅.၇.၂၀၁၇

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *