“ကလေးအသက်ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကို မတိုက်ကျွေးကြဘူး။ ဒါဟာ မြန်မာနိုင်ငံမှာ ကျော်လွှားရမယ့်ကြီးမားတဲ့စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်”

အာဟာရပညာရှင် Elizabeth Whelan နှင့် တွေ့ဆုံခြင်း

 

အာဟာရချို့တဲ့မှုကို သိသာစွာရင်ဆိုင်နေရသည့် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၂၀၀၉ ခုနှစ်မှစတင်ကာ မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးရေးအစီအမံများ ဆောင်ရွက်နေပြီး အမေရိကန်၊ ဗြိတိန်၊ ဥရောပသမဂ္ဂ၊ ဩစတြေးလျနိုင်ငံတို့အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းများ စုပေါင်းဖွဲ့စည်းထားသည့် အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာ ဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT- Livelihoods and Food Security Trust Fund) ၏ မိတ်ဖက်အဖွဲ့အစည်းလည်းဖြစ်၊ မြန်မာနိုင်ငံ၏ အာဟာရကဏ္ဍကို အထူးပြုလေ့လာနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော The Leveraging Essential Nutrition Actions to Reduce Malnutrition (LEARN) အဖွဲ့မှ Program Manager ဖြစ်သူ Elizabeth Whelan ကို The Voice က ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။

The Voice – ပထမဆုံးတော့ LIFT အနေနဲ့ မြန်မာနိုင်ငံရဲ့ အာဟာရချို့တဲ့မှု၊ ဒါမှမဟုတ် အာဟာရနဲ့ဆိုင်တဲ့ စစ်တမ်းကောက်ယူမှုတွေ၊ လုပ်ဆောင်နေမှုတွေအကြောင်း ပြောပြပေးစေချင်ပါတယ်။

Elizabeth Whelan – အသက်မွေးဝမ်းကျောင်းနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ (LIFT) ဟာ မြစ်ဝကျွန်းပေါ်ဒေသ၊ အလယ်ပိုင်း မိုးနည်းရပ်ဝန်းဒေသ၊ တောင်ပေါ်ဒေသနဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ အာဟာရဖွံ့ဖြိုးရေးကို ရှေးရှုဆောင်ရွက်တဲ့ စားနပ်ရိက္ခာဖူလုံရေးနဲ့ သက်မွေးဝမ်းကျောင်းဖွံ့ဖြိုးရေးစီမံချက်တွေကို ငွေကြေးထောက်ပံ့ပေးနေပါတယ်။ LIFT ရန်ပုံငွေအဖွဲ့ရဲ့ အဓိကရည်ရွယ်ချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အာဟာရဖွံဖြိုးတိုးတက်အောင် ကူညီပေးဖို့ဖြစ်တယ်။ LIFT စီမံကိန်းဒေသတွေမှာ အသက်ငါးနှစ်အောက်ကလေး ရေရှည်အာဟာရချို့တဲ့ ပုညှက်ခြင်းဟာ ၃ ရာခိုင်နှုန်း လျော့ကျခဲ့တာကို တွေ့ရပါတယ်။ မိခင်တစ်ယောက် ကိုယ်ဝန်စတင် ဆောင်ချိန်ကစပြီး ကလေးအသက် ၂ နှစ်မြောက် မွေးနေ့အထိ ဖြစ်တဲ့ ကနဦးရက်ပေါင်း ၁၀၀၀ ဟာ ကလေးအာဟာရဖွံ့ဖြိုးတိုးတက်ဖို့ အထိရောက် ဆုံးရင်းနှီးမြှုပ်နှံနိုင်တဲ့ အချိန်ကာလဖြစ်ကြောင်း ကမ္ဘာ့သုတေသနက ဖော်ပြပါတယ်။ ဒါကြောင့် မိတ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ ရက် ၁၀၀၀ ကာလကို အကျိုးကျေးဇူးဖြစ်ထွန်းစေမယ့် လုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ LIFT က ထောက်ပံ့ပေးတယ်။ ဥပမာ – မိခင်နဲ့ကလေး ငွေကြေးထောက်ပံ့ရေးစီမံကိန်းတွေကို LIFT က ထောက်ပံ့တယ်။ ဒီစီမံကိန်းတွေက ရက် ၁၀၀၀ ကာလအတွင်း ရှိနေတဲ့မိသားစုတွေကို လူမှုဘ၀ပြုမူ ပြောင်းလဲခြင်းဆိုင်ရာ ပညာပေးလုပ်ငန်းတွေနဲ့အတူ ငွေကြေးထောက်ပံ့ခြင်းအားဖြင့် မိခင်တွေကို အာဟာရဆိုင်ရာအလေ့အထကောင်းတွေ လုပ်ဆောင်နိုင်ဖို့ ကူညီပေးတယ်။ ဒီလို မိခင်နဲ့ကလေး ငွေကြေးထောက်ပံ့ရေးအစီအစဉ်တွေကို နိုင်ငံအဝန်းမှာ LIFT က ထောက်ပံ့ပေးနေတယ်။

LIFT ရဲ့ထောက်ပံ့မှုနဲ့ ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ကဏ္ဍပေါင်းစုံပါဝင်တဲ့ နည်းလမ်းနဲ့ အာဟာရချို့တဲ့ပြဿနာတွေကို ဖြေရှင်းဖို့ ဆောင်ရွက်နေပါတယ်။ အာဟာရချို့တဲ့ရတဲ့ အကြောင်းရင်းတွေ ကွဲပြားနေသလို သူတို့ရဲ့ဖြေရှင်းဆောင်ရွက်ပုံတွေကလည်း အမျိုးမျိုးပါ။ LIFT ရဲ့ အာဟာရဆိုင်ရာ ရည်ရွယ်ချက်တွေ အောင်မြင်ဖို့အတွက် စီမံချက်ဒေသတွေမှာရှိတဲ့ အာဟာရအခြေ အနေတွေကို သိရှိနားလည်အောင်လုပ်ဖို့ နှစ်စဉ် အိမ်ထောင်စုဆိုင်ရာ သုတေသနတွေ ကို LIFT က ဆောင်ရွက်ပါတယ်။ အဲဒီအပြင် LIFT ရဲ့ မိတ်ဖက်အဖွဲ့တွေဟာလည်း မိမိတို့ရဲ့ စီမံချက်ဒီဇိုင်းတွေ၊ အကောင်အထည်ဖော်မှုတွေရဲ့ ထိရောက်မှုတွေကို သိရှိအောင် သုတေသနတွေ၊ သင်ယူမှုတွေလုပ်ကြတယ်။ အကြောင်းအရာအမျိုးမျိုးနဲ့ ပတ်သက်တဲ့ သုတေသနတွေကို နည်းလမ်းအမျိုးမျိုးသုံးပြီး လေ့လာကြတယ်။ သုတေသနတွေရဲ့ ဥပမာအချို့ကို ပြောရရင် မြစ်ဝကျွန်းပေါ်ဒေသနဲ့ အပူပိုင်းမိုးနည်းရပ်ဝန်းဒေသတွေမှာ ရက် ၁၀၀၀ ကာလအတွင်း ဒေသစွဲအစားအစာဆိုင်ရာ ယုံကြည်မှုတွေ၊ အစားရှောင်တာတွေကိုလေ့လာတာ၊ အပူပိုင်းမိုးနည်း ရပ်ဝန်းဒေသတွေမှာ ဟင်းသီးဟင်းရွက်တွေကို ရေနည်းနည်းနဲ့ စိုက်ပျိုးခြင်းရဲ့ ထိရောက်မှုကို လေ့လာတာ၊ ချင်းပြည်နယ်မှာ ခြောက်လအထိ မိခင်နို့တစ်မျိုးထဲ တိုက်ကျွေးနိုင်ဖို့ ဘယ်လိုအခက်အခဲတွေ၊ ဘယ်လိုအကူအညီတွေရှိတယ်ဆိုတာ နားလည်အောင် လေ့လာတာတွေ ပါဝင်တယ်။

The Voice – နောက်တစ်ခုကတော့ မြန်မာလူမှုဝန်းကျင်မှာ နေ့စဉ်စားသောက်မှုပုံစံတွေက ဘယ်လိုရှိမလဲ။ အာဟာရကို သိကျွမ်းနားလည်မှု ရှိကြရဲ့လားဆိုတာပါ။

Elizabeth Whelan – မြန်မာနိုင်ငံမှာ ထမင်းဟာ အရမ်းအရေးကြီးတဲ့ အစားအစာဖြစ်သလို မိမိရဲ့ပန်းကန်ထဲမှာ ထမင်းကို အဓိက အများဆုံးစားသုံးလေ့ ရှိကြတယ်။ ဒါပေမဲ့ နေ့စဉ်စားသောက်မှုပုံစံနဲ့ပတ်သက်ပြီး တိုးတက်ဖို့လိုအပ်တဲ့ အချက်တစ်ချက်ကတော့ မိမိရဲ့ထမင်းပန်းကန်ထဲမှာ တခြားအစားအစာတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ ပဲတွေ၊ အစေ့အဆံတွေ၊ ဥတွေ၊ အသားတွေ စတဲ့အစားအစာ မျိုးကွဲတွေလည်း စုံစုံလင်လင်ပါဝင်သင့်ပါတယ်။ အချို့ဒေသတွေမှာ ဒီလိုအမျိုးအစားမတူတဲ့ အစားအစာတွေကို စုံစုံလင်လင်ရနိုင်ဖို့ ခက်ခဲနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုအစားအစာတွေကို မိမိရဲ့ဒေသအတွင်းမှာ မရနိုင်တာကြောင့် ဖြစ်နိုင်သလို ဝယ်ယူဖို့ ငွေကြေးမလုံလောက်တာကြောင့်လည်း ဖြစ်နိုင်တယ်။

အချို့ဒေသတွေမှာကျတော့ အစားအစာအချို့ကို မစားသုံးသင့်ဘူးလို့ထင်ကြတယ်။ ဥပမာ – နို့တိုက်မိခင်တွေဟာ အထူးသဖြင့် မီးတွင်းထဲမှာ အစားအစာတော်တော်များများကို မစားဘဲ ရှောင်ကြတယ်။ တစ်ခါတလေကျတော့ ယောက္ခမဖြစ်သူတွေ၊ လူကြီးတွေက ဘယ်လိုအစားအစာတွေဟာ ဘယ်လိုအချိန်မှာ မစားသင့်ဘူး၊ မတည့်ဘူးဆိုတဲ့ အယူအဆတွေ၊ အကြံဉာဏ်တွေပေးကြတယ်။ ဒါပေမဲ့ ဒီလိုအယူအဆတွေက ယုံကြည်ဖို့အခြေအမြစ် သက်သေတွေ မရှိသလောက်ပါပဲ။ ဒီလိုအယူအဆတွေကြောင့် အစားအစာတွေကို ရှောင်မယ်ဆိုရင် မိခင်နဲ့ ကလေးရဲ့ အာဟာရကို ဆိုးရွားစွာထိခိုက်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိခင်တစ်ယောက်အနေနဲ့ ကလေးကိုနို့တိုက်ကျွေးနေချိန်မှာ အာဟာရပြည့်ဝဖို့ လိုအပ်နေလို့ပါပဲ။

၂၀၁၅-၂၀၁၆ မှာပြုလုပ်တဲ့ Demographic Health Survey အရ မြန်မာနိုင်ငံမှာ အသက်ငါးနှစ်အောက် ကလေး ၂၉ ရာခိုင်နှုန်းဟာ ရေရှည်အာဟာရ ချို့တဲ့ ပုညှက်နေကြတယ်။ ဒါဟာ နိုင်ငံထဲမှာ အာဟာရဆိုင်ရာ ကြီးမားတဲ့ပြဿနာ ဖြစ်နေတယ်ဆိုတာကို ဖော်ညွှန်းနေတယ်။ ဒီလိုဖြစ်ရခြင်း အကြောင်းအရင်းတွေထဲမှာ ကျန်းမာရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အပြုအမူတွေ အားနည်းနေတာတွေလည်း ပါဝင်တယ်။ ဒီအပြုအမူတွေဟာ အာဟာရကိုချို့တဲ့ ထိခိုက်စေတယ်။

အခြားအကြောင်းအရင်းတွေထဲမှာတော့ နို့စို့ကလေးနဲ့ ကလေးငယ်တွေကို ကျွေးမွေးပြုစုပုံ အားနည်းတာတွေ ပါဝင်တယ်။ မိခင်တွေဟာ ကလေးကို မိခင်နို့ရည်တော့ တိုက်ကျွေးကြတယ်။ ဒါပေမဲ့ ကလေးအသက် ခြောက်လအထိ မိခင်နို့တစ်မျိုးတည်းကို မတိုက်ကျွေး ကြဘူး။ ဒါဟာ မြန်မာနိုင်ငံမှာ ကျော်လွှားရမယ့် ကြီးမားတဲ့ စိန်ခေါ်မှုကြီး ဖြစ်နေပါတယ်။ တခြား ကြီးမားတဲ့ အခက်အခဲတစ်ခုကတော့ မိခင်တွေဟာ ခင်ပွန်း၊ ဆရာဝန်တွေနဲ့ တခြားသူတွေရဲ့ တွန်းအားပေးမှုကြောင့်ရှိတဲ့ ငွေကြေးနည်းနည်းလေးနဲ့ မိခင်နို့အစား ထိုးနို့မှုန့်တွေ၊ ဖော်မြူလာနဲ့ဖော်စပ်ထားတဲ့ အထူးအစားအစာတွေ၊ ဥပမာ – ဆီးမီးလက်စ် (Similac)၊ ပယ်ဒီရှူးဝါး (Pedisure)၊ ဒူပရို (Dupro)၊ လက်တိုဂျင် (Lactogen) နဲ့ တခြားနို့မှုန့်တွေကို ကလေးတွေအတွက် ဝယ်ရင်ကောင်းမှာပဲလို့ ထင်နေကြတယ်။ ဒါပေမဲ့ မိခင်ရဲ့နို့ရည်သာလျှင် အခြားဘယ်နို့မှုန့်ထက်မဆို သာလွန်ကောင်းမွန်တယ်လို့ သိပ္ပံနည်းကျ လေ့လာမှုအထောက်အထားတွေက ပြသပါတယ်။ နို့တိုက်မိခင်တွေဟာ ကလေးကို ပိုကျန်းမာစေဖို့၊ ပိုတော်စေဖို့၊ ပိုမိုသန်စွမ်းစေဖို့ ဒီနို့ မှုန့်နဲ့ တခြားဖော်စပ်အစားအစာတွေကို ဝယ်ယူဖို့ မလိုအပ်ပါဘူး။ မိခင်နို့ရည်တစ်ခုတည်းသာလျှင် ကလေးတွေကို ပိုမိုကျန်းမာသန်စွမ်းစေပြီး ဉာဏ်ကောင်းစေမှာပါ။

The Voice – အာဟာရချို့တဲ့မှုကြောင့် နောက်ဆက်တွဲဖြစ်ရတဲ့ လူမှုဒုက္ခတွေဟာ ဘာတွေ ဖြစ်မလဲ။

Elizabeth Whelan – (ကိုယ်ဝန်စဆောင်ချိန်ကစလို့ ကလေးအသက် ၂ နှစ်အထိ) ဘ၀အစ ရက်ပေါင်း ၁၀၀၀ အတွင်း ကလေးတွေ အာဟာရချို့တဲ့ခဲ့မယ်ဆိုရင် ဘ၀မှာ အစွမ်းကုန်ကြီးထွားဖွံ့ဖြိုးခွင့် ဆုံးရှုံးသွားနိုင်တယ်ဆိုတာကို ဆယ်စုနှစ်များစွာ တစ်လျှောက် ကမ္ဘာတစ်ဝန်းသုတေသနများစွာက ရှင်းလင်းစွာ ဖော်ပြခဲ့ကြပါတယ်။ ရက် ၁၀၀၀ ကာလ အတွင်း ကျန်းမာခဲ့ကြတဲ့ ကလေးတွေနဲ့ နှိုင်းယှဉ် လိုက်ရင် ဒီကာလအတွင်း အာဟာရချို့တဲ့ခဲ့ကြတဲ့ ကလေးတွေက အရပ်ပိုပုတယ်၊ ပိုမိုဖျားနာတယ်၊ အရွယ်ရောက်လို့ အလုပ်လုပ်တဲ့အခါမှာလည်း ဝင်ငွေ ပိုနည်းတဲ့အပြင် သေးညှက်တဲ့သားသမီးတွေကို မွေးနိုင်ခြေ ပိုများကြတယ်။ ဒါကို မျိုးဆက်လိုက်တဲ့ အာဟာရချို့တဲ့ခြင်းသံသရာလို့ ခေါ်ပါတယ်။ ဒါပေမဲ့ ဒီသံသရာကို ချိုးဖျက်လို့ရနိုင်တယ်လို့ သိရတာ ဝမ်းသာစရာပါ။

The Voice – အစိုးရအနေနဲ့ ဘာတွေ ပျက်ကွက်နေသလဲ။

Elizabeth Whelan – မျိုးဆက်လိုက်တဲ့ အာဟာရချို့တဲ့ခြင်း သံသရာကို ချိုးဖျက်ဖို့ဆိုရင် အစိုးရက အရမ်းအရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ အာဟာရချို့တဲ့တဲ့ကလေးတွေကို အာဟာရထောက်ပံ့တဲ့ဝန်ဆောင်မှုတွေ၊ ပညာကောင်းကောင်းတတ်တဲ့ မိခင်တွေအဖြစ် ကြီးထွားဖွံ့ဖြိုးလာအောင် ကလေးတွေကို ကျောင်းပညာရေးပံ့ပိုးတာတွေ၊ မိခင်နဲ့ကလေးတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု၊ မွေးဖွားပြီးမိခင်စောင့်ရှောက်မှုတွေ၊ ကလေးတွေဖျားနာတဲ့အခါ ပြသဖို့ ဆေးခန်းတွေ၊ ဝင်ငွေနည်းတဲ့မိသားစုတွေရဲ့ ဝင်ငွေတွေတိုးတက်စေဖို့ စိုက်ပျိုးရေးစီမံကိန်းတွေ၊ သန့်ရှင်းတဲ့ သောက်ရေရရှိစေဖို့ ရေထောက်ပံ့ရေးစနစ်တွေ စတဲ့ဝန်ဆောင်မှုတွေကို ထောက်ပံ့တဲ့နေရာမှာ အစိုးရက အရမ်းအရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။

အစိုးရကြုံတွေ့နေရတဲ့ အဓိကစိန်ခေါ်မှုတစ်ခုကတော့ ဒီအရေးကြီးဝန်ဆောင်မှုတွေကို တစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူလူထုအားလုံးဆီရောက်ရှိအောင် ထောက်ပံ့ပေးဖို့ ငွေကြေးနဲ့ လူ့စွမ်းအားအရင်းအမြစ်တွေ လုံလောက်စွာမရှိတာဖြစ်ပါတယ်။ အစိုးရရဲ့ အကျိုးရှိမယ့် ဝန်ဆောင်မှုများစွာဟာ နိုင်ငံရဲ့အစွန်အဖျားအကျဆုံး ဒေသတွေမှာရှိတဲ့ အဆင်းရဲဆုံး ပြည်သူလူထုတွေဆီအထိ ရောက်ရှိဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဒေသတွေဟာ အကူအညီ အများဆုံးလိုအပ်တဲ့နေရာတွေ ဖြစ်လေ့ရှိလို့ပါပဲ။

The Voice – ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ်။

အောင်မျိုးထက်

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *