ကွန်ဒီရိုက်စ်ပြောသော မြန်မာ့ဒီမိုကရေစီ ရေခံမြေခံ

 

 

ကွန်ဒိုလီဇာရိုက်စ် အတိုကောက် ကွန်ဒီရိုက်စ်ကို အထူးအထွေ မိတ်ဆက်ပေးရန်မလိုပါ။ ကမ္ဘာကျော် Stanford တက္ကသိုလ် နိုင်ငံရေး သိပ္ပံ ပါမောက္ခဘ၀မှသည် အမေရိကန်နိုင်ငံ၏ ပထမဦးဆုံးလူမည်းအမျိုး သမီး နိုင်ငံတော်လုံခြုံရေး အကြံပေးပုဂ္ဂိုလ်၊ ပထမဦးဆုံး လူမည်းအမျိုးသမီး နိုင်ငံခြားရေးဝန်ကြီးဟူသော ထိပ်တန်းရာထူးကြီးနှစ်ခုကို ရယူနိုင်ခဲ့သူ။

ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲစဉ်ကာလအတွင်း သမ္မတဂျော့ဘုရှ် အကြီးလက်ထက် ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ဥရောပရေးရာ အကြံပေးအဖြစ် အသွင်ပြောင်းစ ဆိုဗီယက်ပြည်ထောင်စုကို အနီးကပ် လေ့လာခွင့်ရခဲ့သည့် ရုရှားကျွမ်းကျင်သူ ကွန်ဒီရိုက်စ်သည် ဆိုဗီယက် အုပ်စုပြိုကွဲပြီး အရှေ့ဥရောပ ဒီမိုကရေစီအသွင်ပြောင်းမှုအကြောင်းကို ပါမောက္ခအဖြစ် သီအိုရီအရရော၊ အိမ်ဖြူတော်အတွင်းစည်း ပုဂ္ဂိုလ်အဖြစ် ပါ ကြေညက်သူဖြစ်သည်။ ဒီမိုကရေစီနိုင်ငံဖြစ်ပေါ်ရေးနှင့် ဒီမိုကရေစီ အဆင့်အတန်းတို့သည် ဒီမိုကရက်တစ်အဖွဲ့အစည်းများ စည်းဘောင်များ Democratic Institutions ပေါ်တွင် မူတည်သည်။ တစ်ဖန် ထို Institutions များသည် သက်ဆိုင်ရာနိုင်ငံဖြတ်သန်းနေရသည့် ရေခံမြေခံ Institutional Landscape ပေါ်တွင် တည်မှီပြန်သည်။ သူ၏ အသစ်စက်စက်စာအုပ် ‘Democracy: Stories from the Loang Road to Freedom တွင် ဒီမိုကရက်တစ် Institution များ၏ရေခံမြေခံလေးမျိုးအကြောင်း ဖော်ပြထားရာ မြန်မာ့အခြေအနေနှင့် ချိန်ထိုးလိုက်ပါသည်။

 

Type 1:Totalitarian Collapse: Institutional Vacuum
ပုံစံ ၁၊ အလုံးစုံအာဏာရှင်စနစ် ပြိုကျခြင်း၊
အဖွဲ့အစည်းစည်းဘောင် လေဟာနယ်

အလုံးစုံအာဏာရှင်စနစ်သည် လူ့အဖွဲ့အစည်း၏ အရာရာတိုင်းကို ချုပ်ကိုင်ထားသည်။ ကွန်ဒီရိုက်စ်က အီတလီဖက်ဆစ်အာဏာရှင် မူဆိုလီနီ၏စကားဖြင့် ထိုစနစ်ကိုဖော်ပြသည်။ ‘All within the state, none outside the state, none against the state.’ တည်ဆဲ အဖွဲ့အစည်း စည်းဘောင်များအားလုံးသည် အစိုးရ၏ လက်ကိုင်တုတ်များ သာဖြစ်သည်။ ဥပမာ – ဆိုဗီယက်ပြည်ထောင်စုတွင် ထိပ်တန်းတေးသီကုံး သူများကို ဆိုရှယ်လစ် ၁၀၀ ရာခိုင်နှုန်းမစစ်သော တေးများသီကုံးသောကြောင့်ဟု နှိပ်ကွပ်ခြင်း၊ နာဇီဂျာမနီတွင် သိပ္ပံပညာကို ‘အာရိယန် လူမျိုးကြီး’ ဝါဒကိုမြှင့်တင်ရန် အသုံးချခြင်း။ ထိုအစိုးရများသည် များသောအားဖြင့် ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို အခြေခံသည်။ တစ်ဦးတည်းသော ခေါင်းဆောင်ကို တစ်နိုင်ငံလုံး ပျပ်ဝပ်ရသည်။ ယနေ့ခေတ် အကောင်းဆုံးဥပမာသည် မြောက်ကိုရီးယား။

ထိုသို့သောနိုင်ငံများ ပြိုကျသည့်အခါတွင် အဖွဲ့အစည်းစည်းဘောင် လေဟာနယ်ဖြစ်ပေါ်သည်။ ပြည်သူလူထု၏ မကျေနပ်ချက်များ၊ ခံစား ချက်များကို ဖွင့်ဟရန်လမ်းကြောင်းမရှိသည့်အတွက် တော်လှန်ရေးများ ပေါ်သည်။ ထိုအခါ အဖွဲ့အစည်း စည်းဘောင်အသစ်များ တည်ဆောက်ရသည်၊ မြန်မြန်ဆောက်ရသည်။ ထိုအဖွဲ့အစည်းစည်းဘောင်အသစ်များကို ထောက်မမည့် ရေခံမြေခံများ ညံ့ဖျင်းသည်။ ထို့ကြောင့် ဒီမိုကရေစီ ဖူးပွင့်ရန် ခက်ခဲလှသည်။ အာဖဂန်နစ္စတန်၊ အီရတ်နှင့် လစ်ဗျားတို့၏ အတွေ့အကြုံများသည် လက်တွေ့ဥပမာပင်ဖြစ်သည်။

မြန်မာ့အခြေအနေ

မြန်မာအစိုးရအဆက်ဆက်သည် ဘယ်သောအခါကမျှ ဆိုဗီယက် အစိုးရကဲ့သို့ အင်အားမတောင့်တင်းခဲ့သဖြင့် ဆိုဗီယက်စံနှုန်းဖြင့် Totalitarianism ဘယ်တုန်းကမှ မဖြစ်နိုင်ခဲ့ဟု စာရေးသူယုံကြည်သော် လည်း ၁၉၆၂-၈၈ ကာလများ အထူးသဖြင့် ဒုတိယပိုင်းဖြစ်သည့် ၁၉၇၄- ၁၉၈၈ အပိုင်းသည် Totalitarianism နှင့် နီးစပ်သည်ဟု ယူဆသည်။ ပုဂ္ဂိုလ်တစ်ဦးတည်းပေါ် မူတည်လည်ပတ်နေခြင်း၊ တက္ကသိုလ်များအပါ အဝင် အဖွဲ့အစည်းစည်းဘောင်များသည် အစိုးရ၏ လက်တွင်းတွင်သာ ရှိခြင်း။

၁၉၈၈-၈၉ ကာလသည် အလုံးစုံအာဏာရှင်စနစ် ပြိုကျသည့်ကာလ ဖြစ်သည်။ Institution များ အရန်သင့်မရှိသဖြင့် တော်လှန်ရေး ဖြစ်ပေါ်သည်။ ဒီမိုကရေစီ Institution များဖြစ်သည့် ပါတီများ ပေါ်လာသော်လည်း ရေခံမြေခံကောင်းနှင့် မကြုံလိုက်ရ။

Type 2: Gradual Decay of Totalitarian Regimes
ပုံစံ ၂ အလုံးစုံအာဏာရှင်အစိုးရများ
တဖြည်းဖြည်းယိုယွင်းလာခြင်း

ပုံစံ ၂ ကို ကွန်ဒီရိုက်စ်က ဆိုဗီယက်ပြည်ထောင်စုနှင့် အရှေ့ ဥရောပတွင် ကွန်မြူနစ်ဝါဒ ယိုယွင်းလာခြင်းနှင့် စံပြုသည်။ အစိုးရသည် စီးပွားရေးတိုးတက်အောင် မဆောင်ရွက်နိုင်သည့်အတွက် အကျပ် အတည်းများ မကြာခဏပေါ်သည်၊ ထိုအခါ ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်ကြသည်၊ ဖိလည်းဖိနှိပ်ပြန်သည်။ ထိုသံသရာ တစ်ခါလည်တိုင်း လည်တိုင်း ပါတီနှင့် အစိုးရ အလှမ်းဝေးသွားကြသည်။

ထိုအကြောင်းများကြောင့် ဂေါ်ဘာချက်ဗ် ဆိုဗီယက်ခေါင်းဆောင် ဖြစ်လာအပြီးတွင် ဖြေလျှော့ပေးလာသည်။ ဟန်ဂေရီနှင့် ပိုလန်မှ ပြုပြင်ပြောင်းလဲရေးသမားများကို သူက အားပေးပြီး အရှေ့ဂျာမနီ ခေါင်းဆောင် ဟွန်နက်ကာကဲ့သို့ သဘောထားတင်းမာသူများကို ပြစ်တင်သည်။ ဆိုဗီယက်ပြည်ထောင်စုတွင်းတွင် ကွန်မြူနစ် Institution များ တည်ဆဲတွင်ပင် အရပ်ဘက်လူ့အဖွဲ့အစည်းကဲ့သို့ Institution အသစ်များ ပေါ်လာသည်။

၁၉၈၉ -၉၁ တွင် ဒီမိုကရေစီတံခါးပွင့်ချိန်တွင် Institution အသစ် များကြောင့် Institution ရေခံမြေခံသည် ထင်သည်ထက် ပိုစည်ပင် နေခဲ့သည်။ အဖြစ်အပျက်များသည် မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာခဲ့သော် လည်း Institution ကုန်ကြမ်းများ ကျေနပ်လောက်ဖွယ် ကောင်းမွန်နေခဲ့သည်။

မြန်မာ့အခြေအနေ

မြန်မာနိုင်ငံတွင် ပုံစံ ၂ ကာလမျိုး နီးနီးစပ်စပ်မရှိခဲ့ပါ။ ဆိုရှယ်လစ် စနစ်သည် တဖြည်းဖြည်းချင်း ယိုယွင်းလာခဲ့သော်လည်း ဆိုရှယ်လစ် Institution များနှင့် စင်ပြိုင်ဟု ခေါ်ရလောက်သည့် Iညျအငအကအငသည များ မပေါ်လာခဲ့။ ထို့ကြောင့် ဒီမိုကရေစီတံခါးပွင့်ချိန်တွင် မြန်မာ့ Institution ကုန်ကြမ်းများသည် အရည်အသွေးညံ့ပါသည်။

Type 3: Authoritarian Regimes and the Struggle for Meaningful Political Space
ပုံစံ ၃၊ အာဏာရှင်အစိုးရများနှင့်
နိုင်ငံရေးကွက်လပ် ရရှိရေးတိုက်ပွဲ

အလုံးစုံအာဏာရှင်အစိုးရများနှင့် အာဏာရှင်အစိုးရများ မတူ ပါ။ အာဏာရှင်အစိုးရများသည် သူတို့မှ အပဖြစ်သောအုပ်စုများအတွက် ကွက်လပ်နေရာ ဖွင့်ပေးထားသည်။ အစိုးရမဟုတ်သော အဖွဲ့အစည်းများ NGOs၊ စီးပွားရေးအသိုင်းအဝိုင်းများ၊ တက္ကသိုလ်များသည် သူတို့ကို အုပ်စိုးသူများနှင့် စိတ်မသက်မသာဖြင့် အတူယှဉ်တွဲနေထိုင်ကြသည်။

အဆင့်တစ်ဆင့်အထိ အထက်ပါ အဖွဲ့အစည်းများသည် အစိုးရအတွက် အသုံးကျသည်။ ဂုဏ်သိက္ခာမြင့်သော တက္ကသိုလ်ကြီးများသည် ပညာရပ်ရင်းမြစ်ကို ပေးဝေပြီး နိုင်ငံ့ဂုဏ်သိက္ခာကို မြှင့်တင်သည်။ စီးပွားရေးနယ်ပယ်မှ ထိပ်သီးများသည် အလုပ်အကိုင်များဖန်တီးပေးပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်စေသည်။ အရပ်ဘက်လူ့အဖွဲ့အစည်းများသည် ပြည်သူ့မကျေနပ်ချက်များကို ဖော်ပြသည့်ပြဒါးတိုင်ဖြစ်သည်။ အစိုးရသည် ထိုအဖွဲ့အစည်းများက အန္တရာယ်မပေးမီ လက်ဦးမှုရယူတတ်သည်။ သို့သော် အကျယ်အကျယ်မငြိမ်းဖွယ်ဖြစ်သည့်အထိတော့ ကြမ်းတမ်းလေ့မရှိ။ ခပ်ကြမ်းကြမ်းဖိနှိပ်ခြင်းသည် ရွေးစရာနည်းလမ်းများထဲက တစ်လမ်းဖြစ်သော်လည်း ဖိအားပေးခြင်းမျိုးက ပိုထိရောက်သည်။ ဥပမာ – အရပ်ဘက်လူ့အဖွဲ့အစည်းခေါင်းဆောင်များနှင့် သတင်းစာဆရာများအား ထောင်ချခြင်း။

သို့သော် အာဏာရှင်အစိုးရများသည် နိုင်ငံရေးကွင်းပြင်ကို သူတို့ ပိုင်ကြောင်းမူ အထင်အရှားပြသလေ့ရှိသည်။ နိုင်ငံရေးပါတီများ တည်ရှိ မည်ဖြစ်သော်လည်း မလှုပ်ရှားနိုင်ကြ။ အာဏာရှင်နိုင်ငံအများစုသည် ရွေးကောက်ပွဲများ ရှိတတ်သော်လည်း ရုပ်ပြသာဖြစ်လေ့ရှိသည်။ ဥပမာ – ပူတင်အုပ်စိုးသော ရုရှားတွင် အစိုးရသာနိုင်တတ်သည်။ တရားရုံးများသည် အုပ်စိုးသူ၏ မိသားစုဝင် သို့မဟုတ် နိုင်ငံရေး အပေါင်းအပါများကို ပြစ်ဒဏ်ချလေ့မရှိ။

မြန်မာ့အခြေအနေ

၁၉၈၈နှင့် ၂၀၁၁ ကြားကာလ မြန်မာနိုင်ငံသည် ပုံစံ ၃ နှင့် အနည်းအများ ဆင်တူသည်။ ဦးသိန်းစိန်တက်ပြီးစ တစ်နှစ်လောက်သည်ပင် ပုံစံ ၃ ဟုဆိုနိုင်သည်။ စီးပွားရေးအသိုင်းအဝိုင်းရှိသည်။ အရပ်ဘက် အဖွဲ့အစည်းများ ထွန်းကားသည်။ ၂၀၀၈ နာဂစ်အပြီးတွင် ဒီမိုကရေစီ Institution များတွင်ပါဝင်သည့် အရပ်ဘက်လူ့အဖွဲ့အစည်းများ ပိုမိုသက်ဝင်လာသည်။

Type 4: Quasi-Democratic Regimes: Fragile and Vulnerable Institutions
ပုံစံ ၄၊ ဒီမိုကရေစီတစ်ပိုင်း အစိုးရများ၊ နုနယ်သော
အဖွဲ့အစည်း စည်းဘောင်များ

နောက်ဆုံးတွင် အချို့နေရာဒေသများတွင် ပွင့်လင်းတက်ကြွသော နိုင်ငံရေးဖြစ်ပေါ်လာသည်။ သို့သော် Institution များမှာမူ မရင့် ကျက်သေးသလို အကာသာရှိပြီး အနှစ်မရှိဟုလည်းကောင်း၊ ခြစားသည်ဟုလည်းကောင်း အမြင်ခံကြရသည်။ လိုက်ဘေးရီးယား၊ တူနီးရှား၊ အီရတ်ကဲ့သို့ နိုင်ငံများတွင် ရှည်လျားသော ဒီမိုကရေစီတိုက်ပွဲ ယခုမှ စတင်သည်ဟု ကွန်ဒီရိုက်စ်က ဥပမာပေးသည်။ ဒီမိုကရေစီ Institution များသည် အဖြစ်မရှိဟု အမြင်ခံရသည်။ ခေါင်းဆောင်ကောင်းတစ်ယောက် ရှိလျှင် အားလုံးပြီးပြီဟု ထင်ချင်စရာဖြစ်သော်လည်း ဒီမိုကရေစီ Institution များကို စာမေးပွဲစစ်မည့် အခက်အခဲကြီးကြီးမားမားတစ်ရပ် ပေါ်လာတတ်သည်။

ဒီမိုကရေစီ Institution များဖြစ်သည့် နိုင်ငံရေးပါတီ၊ လွှတ်တော်၊ တရားရုံး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများသည် ရေခံမြေခံတွင် တည်ရှိနေသော်လည်း သူတို့၏တောင့်တင်းမှု ပျော့ညံ့မှုတို့ကို စာမေးပွဲမစစ်မချင်း သိနိုင်ရန် ခဲယဉ်းသည်။
ဒီမိုကရေစီတစ်ပိုင်းနိုင်ငံများတွင် ရွေးကောက်ပွဲများသည် လွတ်လပ် ပြီး တရားမျှတလေ့ရှိသည်။ ရွေးကောက်ပွဲများဖြင့် ခေါင်းဆောင်လဲကြသည်။ သို့ရာတွင် ရွေးကောက်ပွဲများသည် နိုင်ငံတွင်းရှိ အကွဲအပြဲများကို ဖော်ထုတ်တတ်ကြသည်။ ရွေးကောက်ပွဲ အပြီးကာလကို အေးချမ်းတည်ငြိမ်စွာ ကျော်ဖြတ်နိုင်ခြင်းသည် မှတ်တိုင်ကြီးတစ်ရပ်ပင်ဖြစ်သည်။

ဒီမိုကရေစီတစ်ပိုင်းနိုင်ငံများသည် ဒီမိုကရေစီဖြင့်အုပ်ချုပ်ခြင်း ယန္တရားကို ရေရှည်တည်တံ့စေမည့် အင်အားအထိန်းအညှိကို တည်ဆောက် ဆဲဖြစ်သည်။ ထို့ကြောင့် ထိုနိုင်ငံများတွင် အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် လွတ်လပ်သော သတင်းမီဒီယာသည် အစိုးရ၏အာဏာကို ထိန်းညှိမည့် သော့ချက်အဖွဲ့အစည်းများဖြစ်သည်။ လွတ်လပ်သော တရားစီရင်ရေးသည် ခြစားခြင်းနှင့် အလွဲသုံးစားလုပ်ခြင်းတို့ကို တိုက်ဖျက်ရသည်။ ပြည်သူ့စစ်များနှင့် သူပုန်များသည် နိုင်ငံတော်ကျရှုံးမည့် အကြောင်းရင်းများ ဖြစ်သည်။ အာဏာအလွန်ပြင်းသော အုပ်ချုပ်ရေးမဏ္ဍိုင်သည် အခြား Institution များကို လွှမ်းမိုးထားပါက အာဏာရှင်စနစ်သို့ သေချာပေါက်တစ်ပတ်ပြန်လည်သွားစေနိုင်သည်။ အာဏာရှင်စနစ်သို့ တစ်ပတ်ပြန်လည်သွားသည့်နိုင်ငံများအဖြစ် တူရကီ၊ ရုရှားတို့ကို ကွန်ဒီရိုက်စ်က ဥပမာပေးသည်။

မြန်မာ့အခြေအနေ

၂၀၁၂ တွင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲဝင်ကာ လွှတ်တော်တွင်းသို့ ရောက်အပြီးမှ ယနေ့ကာလအထိသည် ပုံစံ ၄ ဟု ကျွန်တော်မြင်သည်။ ၂၀၁၂ ရော ၂၀၁၅ ပါ ထိုရွေးကောက်ပွဲနှစ်ခုလုံးသည် လွတ်လပ်ပြီး တရားမျှတသည်၊ ခေါင်းဆောင်လည်း လဲသည်။ တစ်ချိန် တည်းတွင် ဒီမိုကရေစီ Institution များသည် နုနယ်သေးသည်။ အာဏာအထိန်းအညှိကို တာဝန်ယူရမည့် သတင်းမီဒီယာနှင့် တရားရုံးများသည် ယခုထက် တောင့်တင်းရန်လိုအပ်ပြီး ထိုသို့ တောင့်တင်းရန် သူတို့ကိုယ်တိုင်၏ ကြိုးစားအားထုတ်မှုလိုအပ်သလို သက်ဆိုင်ရာ အာဏာပိုင်များက အကာအကွယ်ပေးရန်လည်းလိုသည်။

အခန့်မသင့်လျှင်

ကွန်ဒီရိုက်စ်၏ ဒီမိုကရေစီ ရေခံမြေခံပုံစံလေးမျိုးနှင့် ချိန်ထိုးကြည့် လျှင် မြန်မာ့ဒီမိုကရေစီအခြေအနေနှင့် သမိုင်းကြောင်းကို ပိုမိုနားလည်လာမည်။ ယနေ့အခြေအနေသည် ပုံစံ ၄ သို့ ရောက်နေပြီ ဖြစ်သည်၊ ပုံစံ ၃ နှင့် ၄ အကြား အကူးအပြောင်းကာလသာ ရှိသေးသည်ဟုဆိုသူများ လည်းရှိမည်။ နုနယ်သော ဒီမိုကရေစီ Institution များ အားကောင်းလာသည်နှင့်အမျှ ပြည့်ဝသောဒီမိုကရေစီနိုင်ငံအဖြစ်သို့ ရောက်ရှိလာမည်ဖြစ်သော်လည်း အခန့်မသင့်လျှင် နောက်ပြန်လည်သွားနိုင်သည့်အတွက် မေ့မေ့လျော့လျော့ မနေသင့်ပါ။

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *