ရထားလမ်းဘေး သူရဲဈေး

 

 

မီးရထားလာသည်နှင့် ဈေးသည်တွေအကုန်ဘေးကို အလျှိုလျှိုရှဲသွားကြပြီး ဈေးဗန်းလေးတွေသာ သံလမ်းပေါ်ကျန်ရစ်သောမြင်ကွင်းကို နိုင်ငံခြားသားတွေ တစ်ခုတ်တစ်ရ လာလည်ကြ၊ ဓာတ်ပုံရိုက်ကြ၊ မှတ်တမ်းတင်ကြသည့် ဈေးလေးတစ်ခုရှိသည်။ ရထားထွက်သွားသည်နှင့် ဈေးသည်တွေအလိုလို သံလမ်းပေါ် ပြန်ရောက်၊ ဈေးဗန်းတွေ ရထားအောက်က ပုံမပျက်ပြန်ထွက်လာသည့်မြင်ကွင်းသည် ထူးဆန်းအံ့ဩဖွယ်။ ထိုဈေးမျိုးသည် နိုင်ငံခြားသား ခရီးသည်တွေအတွက် ဆွဲဆောင်စရာမြင်ကွင်းတစ်ခုဖြစ်နေပြီး ထိုဈေးလေးနှင့်ပင် နိုင်ငံခြားဝင်ငွေတွေ သဲ့ယူသွားနိုင်သည်က ထိုင်းနိုင်ငံဘန်ကောက်မြို့က မဲ့လောင်ဘူတာဈေးဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ထိုသို့ ပုံစံတူဈေးလေးတစ်ခုရှိနေသည်။ သို့သော် ကမ္ဘာမကျော်ခဲ့။ ခရီးသွားတွေ ဆွဲဆောင် ရာမဖြစ်ခဲ့။ ဘာသိဘာသာ ပျံကျဈေးလေး အဖြစ် ရပ်တည်နေသော ဘူတာဘေးက ဈေးကလေးသည် မန္တလေးမြို့ မြောက်ပြင် သူရဲဘူတာအနီးရှိ သူရဲဈေးလေးဖြစ်သည်။

ရတနာပုံခေတ်က ဘုရင့်သူရဲကောင်း တပ်များ နေရာချထားပေးခဲ့ရာ သူရဲတပ် အရပ်တွင်သောကြောင့် သူရဲဈေးဟုခေါ် သည်။ သူရဲဈေးကို အမှီပြု၍ ထိုအနီးနားက ဘူတာလေးကိုလည်း သူရဲဈေးဘူတာဟုပင် ခေါ်ဝေါ်ခဲ့ကြသည်ဟု ဆရာကြီးနတ်မောက် ထွန်းရှိန်၏ ဝင်းတွေနဲ့တည်ခဲ့သည့် မင်းနေပြည် စာအုပ်အရ သိရသည်။

မန္တလေး အရပ်လေးမျက်နှာပြေးဆွဲသော လိုင်းကားများကလည်း ထိုနေရာ၊ ထိုစုရပ်ကို မြောက်ပြင်အိုးဘိုသူရဲဈေးဟု တွင်တွင်ခေါ်ပြီး အမည်ပေးခဲ့ကြသည်။ ယခုအခါ သူရဲဈေးသည် မူလနေရာတွင် မရှိတော့သော်လည်း ယင်းအနီးရှိ ဆရာစံ ဘောလုံးကွင်းအတွင်းက ဆရာစံဈေးကို ပင် သူရဲဈေးဟု နှုတ်ကျိုးကာ ခေါ်ဝေါ်ခဲ့ ကြသည်။

သမိုင်းထင်ရှားရှိခဲ့သော သူရဲဈေး နှင့် သူရဲဈေးဘူတာကလေးသည် အမြင် အားဖြင့် မခမ်းနားမကြီးကျယ်လှပါ။ မန္တလေးမြို့ မြောက်ပြင် ၇၉ လမ်းနှင့် ၁၁ လမ်း တို့ ဆုံရာအရပ်တွင်ရှိသည်။ သူရဲဈေး ဘူတာလေးကလည်း ခပ်သေးသေးပင်။ သို့သော် နံနက်ခင်းအရုဏ်ကျင်းစပြုပြီ ဆိုလျှင် မတ္တရာအရပ်မှ ဈေးသည်များ၊ ကားတစ်တန်၊ ရထားတစ်တန်ဖြင့် သူရဲဈေး ဘူတာလေးမှာ စုရုံးမိကြပြီ။ ဈေးဗန်းခင်း ရန် သူရဲဈေးဘူတာလေးဆီ ချီတက်ကြပြီ။ တချို့ကလည်း ဈေးဝင်းအတွင်းမှာ ဈေးဗန်းတွေ၊ ခုံတွေအတည်အခန့်နှင့် ခင်းကျင်းရောင်းချကြသလို တချို့ကလည်း တောသည်ဟုခေါ်ကြသည့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးသမားတွေ၊ ပျံကျသမားတွေမို့ သံလမ်းဘေးမှာပင် ခင်းကျင်းပြီး ဈေးဗန်း ဖြန့်ရောင်းကြသည်။

ထိုသည်ကပင် သူရဲဈေးဘူတာလေး၏ ဆွဲဆောင်မှုတစ်ခုဖြစ်လာသည်။ ရွှေဖျဉ်း ညီနောင်၏နယ်ဟုဆိုရမည့် မန္တလေးမြို့ မြောက်ဘက်၊ မန္တလေးတောင်အရိပ်ကျရာ မြနန္ဒာအရပ်မှသည် ကဘိုင်၊ တောင်ပြုန်း၊ လွန်တောင်း၊ ကျုံးရွာ၊ ကဘဲ့၊ ဝါးရင်းတုတ်၊ အလယ်ဘုံ စသည့်အရပ်များအပါအဝင် မတ္တရာ ဘူတာဂိတ်ဆုံးအထိ သံလမ်းဘေးတစ်လျှောက် ရှိသမျှ ရွာစဉ်တွေ၏ ဈေးသည်တွေအကုန် နံနက်ခင်းဆိုလျှင် သည်သူရဲဈေးဘူတာလေးမှာ စုရုံးမိကြပြီ။

ဟင်းရွက်ကန်ဇွန်း၊ မုန်လာ၊ ဘူး၊ ဖရုံ၊ သခွားတို့လို ဟင်းချက်စရာတွေလည်း ပါသည်။ ယခုကဲ့သို့ မိုးဦးကျဆိုလျှင် သရက်သီး၊ မာလကာသီး၊ နာနတ်သီးတွေ လည်းပါသည်။ မြင်းခွာရွက်၊တောင်ပို့မှို၊ ဟင်းညံ၊ ပဒတ်စာ၊ သခွတ်ပွင့်၊ တညင်းသီး တို့လို ရာသီစာ တောစာတောင်စာတွေ လည်းပါသည်။လယ်ပုစွန်လုံး၊ မြေကြွက်၊ ပုရစ်တို့လို တွင်းအောင်းစာတွေလည်း ပါသည်။ ဝယ်စရာခြမ်းစရာ စုံစုံလင်လင်နှင့် ဈေးသက်သက်သာသာ ဝယ်ယူနိုင်သော ပျံကျဈေးကလေးသည် တောသူတောင်သား ဈေးသည်များနှင့် မြောက်ပြင်သူ မြောက်ပြင်သားတို့ ကုန်နှင့် ငွေဖလှယ်ရာအရပ်ဟု ဆိုလည်းမမှားချေ။

ဈေးလေးခင်းပြီးစ နံနက် ၇ နာရီ ၁၅ ဆိုလျှင် သူရဲဈေးဘူတာမှ မတ္တရာသို့ အဆန်ရထားထွက်လေပြီ။ ‘ဘူဘူဘော်ဘော်’ အသံပေးလျက် မီးရထားဝန်ထမ်းများက သံလမ်းဘေးရှိ ဈေးသည်များကို ဘေးသို့ ကပ်ပေးပါရန် မေတ္တာရပ်ခံကြသည်။ နိစ္စဓူဝမို့ ဈေးသည်များက ဘာသိဘာသာပင်။ အခုမှရောက်ဖူးတွေ့ဖူးသော ဈေးဝယ်များအဖို့တော့ အထူးအဆန်း မြင်ကွင်းဖြစ်သည်။

ရထားက ဈေးလေးကို ဦးတိုက်ချိန်တွင် ဈေးသည်တွေအကုန် သံလမ်းဘေး ရောက်နေပြီဖြစ်သော်လည်း ဈေးဗန်းတွေ ဟင်းသီးဟင်းရွက်တွေကတော့ သံလမ်းအလယ်မှာ မားမားမတ်မတ် ကျန်ရစ်ခဲ့သည်။ ဂျုံးဂျုံးဂျက်ဂျက် သံစုံပေးနေသည့် ရထားကြီး ဈေးလေးကို ဖြတ်သန်းသွားပြီးခါမှ သံလမ်းအောက်က ဈေးဗန်းလေးများ ပုံစံမပျက်တမ်း ပြန်ထွက်လာသည်ကို အထူးအဆန်းသဖွယ် မြင်တွေ့ရခြင်းက သူရဲဈေးဘူတာလေး၏ သင်္ကေတဖြစ်လေသည်။

“ဒေါ်ကြီးတို့ကတော့ နေ့တိုင်းဒီလိုလာရောင်းနေကျပဲ။ ရထားဗိုလ်တွေ လာဖယ်ခိုင်းတော့လည်း ဖယ်လိုက်တာပဲ။ ဘေးနားကဆိုင်လေးတွေဆီ ထွက်ထိုင်နေလိုက်တာပေါ့။ ရထားသွားပြီဆိုမှ သံလမ်းပေါ်ပြန်တက်။ ရထားတိုက်မိတဲ့သူရယ်လည်း မရှိ၊ ဒီလိုပဲ၊ ရှဥ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာပေါ့” ဟု မတ္တရာမှ လာရောင်းသည့် ဈေးသည်တစ်ဦးဖြစ်သူ ဒေါ်ပြုံးကဆိုသည်။

ပျံကျဈေးပီပီ သူရဲဈေးဘူတာသည် ခမ်းနားမနေ။ ဈေးအမှိုက်များ၊ ဟင်းသီး ဟင်းရွက်အကျန်များက ဟိုတစ်စ၊ သည်တစ်စ။ မြောက်ပြင်နှင့် အနောက်ပြင်အရပ်နေ မြို့သူမြို့သားများ၏ ဝမ်းရေးကို ဖြည့်တင်းနေသော ဈေးပီပီ ရောင်းသူ ဝယ်သူက ပျားပန်းခတ်စည်ကားနေသည်။ နေမြင့်လာလျှင်တော့ ဈေးလေး ဈေးပေါင် ကျိုးလေပြီ။ ထိုအခါ ဈေးသည်တွေလည်း နေ့လယ်စာ ကိုယ့်ထမင်းထုပ်ကိုယ် ဖြည်ပြီး စားသူကစား၊ ဈေးဗန်းသိမ်းပြီး ဘူတာလေးမှာ စောင့်ရင်း လက်မှတ်ဝယ်သူကဝယ်၊ မုန့်စားသူကစားနှင့် မတ္တရာအပြန်ရထားကို မျှော်ကြသည်။

မတ္တရာပြန်ရထား သူရဲဈေးဘူတာ ဆိုက်ပြီဆိုလျှင် မွန်းလွဲ ၂နာရီထိုးလေပြီ။ တစ်မနက်ခင်းလုံး ဈေးရောင်းလာသောဒဏ်ကြောင့် မောဟိုက်နေသော ဈေးသည်တို့ မလှုပ်ချင်မကိုင်ချင်ဖြစ်နေသော်လည်း လက်မှတ်အလျဉ်မီအောင် ဝယ်ကြရသည်။ သို့မှသာ ငွေ ၅၀-၁၀၀ ပေးပြီး အိမ်ပြန်ရောက်ပေမည်။ သို့မဟုတ်ပါက တစ်ယောက် ၅၀၀-၁၀၀၀ ပေးရသော မတ္တရာလိုင်းကားတွေစီးပြီး အိမ်ပြန်ကြရပေလိမ့်မည်။

လက်မှတ်ဝယ်ပြီးသည်နှင့် အားတင်း ပြီး ရထားပေါ်တက်ကြရသည်။ သည်ရထား မီပါမှ ညနေအိမ်ပြန်ရောက်မည်။ သည်ရထား မီပါမှ ပါလာသည့်ငွေစနှင့် ညနေစာချက်ကြရမည်ဖြစ်သည်ကိုး။ တချို့ကလည်း ရောင်းမကုန်သော ကုန်စည် ကုန်စိမ်း ကုန်ခြောက်များကို အချင်းချင်းရထားပေါ်ရောက်မှ လဲလှယ်ကြသည်။ စီမံတတ်လျှင် အိမ်ရောက်သည်နှင့် ဟင်းတစ်ခွက်ချက်နိုင်မည် မဟုတ်ပါလား။

သည်တစ်ခါ မွန်းလွဲပိုင်းတွင်ထွက် သော ဂျုံးဂျုံးဂျက်ဂျက်ရထားကြီး သူရဲ ဈေးလေးကို ဖြတ်သန်းချိန်တွင်တော့ သံလမ်း ပေါ်မှာ ဈေးဗန်းတွေမရှိတော့။ ဈေးသည်တွေလည်း မရှိတော့။ အမှိုက်တွေ ဟိုတစ်စ သည်တစ်စသာ တွေ့ရတော့မည်။ ထိုနေရာသည် နံနက်ခင်းက ကြက်ပျံမကျ စည်ကားခဲ့သော ဈေးနေရာလေးဖြစ်သည်ကို ဘုရားစူး ကျိန်ပြောရမည့်အလား တိတ်ဆိတ်နေခဲ့တော့သည်။

သူရဲဈေးလေးသည် သူနှင့်ပုံစံတူ ထိုင်းနိုင်ငံမှ မဲ့လောင်ဘူတာဈေး၏အဖြစ်ကို သိဟန်မတူ။ နိုင်ငံတကာ သတင်းစာ၊ ဂျာနယ်၊ မီဒီယာများပေါ်တွင် ခမ်းခမ်း နားနားဖော်ပြနေသည့် ရထားလာလျှင် ဘေးဖယ်ရသည့် ဈေးလေး၊ ဘူတာဘေးက ဈေးကလေးကို ကြားဖူးပုံလည်းမရ။ ထိုဈေးနံဘေးမှာ အမှတ်တရပစ္စည်းအရောင်းဆိုင်တွေဖွင့်ရင်း ထိုမြင်ကွင်းမျိုးကို တစ်ခုတ်တစ်ရ ဓာတ်ပုံရိုက်ဖို့ လာရောက်လည်ပတ်ကြသော နိုင်ငံခြားသားခရီးသွားများထံမှ ဝင်ငွေတွေ ရနိုင်သည်ဆိုသည့် သတင်းမျိုးကို ဖတ်ဖူးဖို့ဝေးစွ။

တစ်ရက်တစ်ရက် နိစ္စဓူဝဈေးလေး ဘယ်လိုဆက်လက်ရှင်သန်မည်၊ ဈေးသည်တွေ ဘယ်လိုခင်းကျင်းကြမည်၊ ရထား အချိန်မှန်ဘယ်လိုထွက်မည်ဆိုသည်သာ ခေါင်းထဲရှိဟန်တူပါသည်။ ဘူတာနှင့် ဈေးအကြားက မြက်တောနှင့် ခြုံပုတ်တွေကို ဖြတ်လာလျှင်တော့ အနံ့အသက်မကောင်းသည့် ဈေးအမှိုက်များ၊ အညစ်အကြေးများကို ကြည့်ရင်း ဈေးလေးကသက်ပြင်းချနေတုန်းပင်။

 

ယဉ်ယဉ်နှောင်း

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *