မန္တလေးအတွက် စီမံကိန်း ၃၀

 

လေးနှစ်အတွင်း ပြည်ပအကူအညီဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းပေါင်း အခု ၃၀ မန္တလေးတိုင်းတွင် ရှိနေသည်။

 

ဆောင်ရွက်မည့်စီမံကိန်းများတွင် ချေးငွေများဖြင့် ဆောင်ရွက်မည်ဖြစ်သကဲ့သို့ အထောက်အပံ့ဖြင့် ဆောင်ရွက်မည့် စီမံကိန်းများလည်း ပါဝင်သည်။

“ ပြည်ထောင်စုအစိုးရက ထောက်ပံ့တာရှိသလို နိုင်ငံခြားအကူအညီတွေ ယူပြီး ဆောင်ရွက်နေရတဲ့ စီမံကိန်းတွေ ရှိတယ်” ဟု တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောကြား သည်။

အတိအကျဆိုရသော်၂၀၁၇- ၂၀၁၈ ဘဏ္ဍာရေးနှစ်မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ချေးငွေ ဖြင့် ဆောင်ရွက်မည့်လုပ်ငန်းပေါင်း ၁၉ ခုရှိပြီး အကူအညီအထောက်အပံ့ဖြင့် ဆောင်ရွက်မည့် လုပ်ငန်း ၁၁ ခုရှိသည်ဟု မန္တလေးတိုင်းဒေသကြီး စီမံရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ သိရသည်။

ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများတွင် ကဏ္ဍလေးခုပါဝင်ပြီး စိုက်ပျိုးရေးနှင့် ပတ်သက်သည့် လုပ်ငန်းများအတွက် ကျပ်သန်းတစ်သိန်းလေးသောင်း နီးပါး ခွဲတမ်းရရှိထားသည်။

ရမည်းသင်းမြို့နယ်ရှိ ချောင်းမကြီးဆည်ရေသောက်စနစ်ပြုပြင်ခြင်းလုပ်ငန်းကို ကျပ်သန်း ခြောက်ထောင်ကျော်ဖြင့် ဆည်မြောင်းဌာနက ဆောင်ရွက်မည်ဖြစ်ပြီး တိုင်းဒေသကြီးအတွင်း စနစ် တကျ လယ်ယာမြေဖော်ထုတ်ခြင်းအတွက် ကျပ် ၃၃ သန်း ကျော်ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီး ဌာနက ဆောင်ရွက်မည်ဖြစ်သည်။ မိတ္ထီလာခရိုင်အတွင်း တိုးချဲ့ရေပေးရေးလုပ်ငန်းအတွက် ကျေးလက်/ဦးစီးက ကျပ်သန်း ၃၀၀ ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ငါးမြို့နယ် ကို ရွေးချယ်ပြီး လူထုဗဟိုပြုစီမံကိန်းကို အဆိုပါနှစ်များအတွင်း ကျပ်သန်းပေါင်းတစ်သိန်းတစ် သောင်းကျော်ဖြင့်လည်းကောင်း ဆောင်ရွက်ဦးမည် ဖြစ်သည်။

နောက်ဆုံးတစ်ခုမှာ ဧရာဝတီမြစ်ရေလမ်းကြောင်းဖွံ့ဖြိုးရေးအတွက်ဖြစ်သည်။ ယင်းအတွက် ရေ အရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ကျပ်သန်းတစ်သောင်းခုနစ်ထောင် ကျော်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

လမ်းပန်းဆက်သွယ်ရေးနှင့်ဆိုင်သည့် စီမံကိန်းများအတွက်မူ ကျပ်သန်းတစ်သိန်းကိုးသောင်းနီးပါး ရရှိ ထားပြီး မြန်မာ့မီးရထားမြို့ပြအင်ဂျင်နီယာဌာနက ရန်ကုန်-မန္တလေး ရထားလမ်း အဆင့်မြှင့်တင်ခြင်း အတွက် ကျပ်သန်းကိုးသောင်းခြောက်ထောင်ကျော် သုံးစွဲမည်ဖြစ်သည်။ မြန်မာ့မီးရထားစက်မှုနှင့် လျှပ်စစ်အင်ဂျင်နီယာဌာနမှ နေပြည်တော်နှင့် မန္တလေးတွင် စက်ခေါင်းသစ်ဆောက်လုပ်ရေး စက်ရုံ၊ လူစီးတွဲကုန်တွဲသစ် ဆောက်လုပ်ရေးစက်ရုံတည်ဆောက်ခြင်းလုပ်ငန်းအတွက် ကျပ်သန်းလေး သောင်းခွဲနီးပါး အကုန်အကျခံမည်ဖြစ်သည်။

ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းတို့တွင် ဒီဇယ်စက်ခေါင်းများ၊ လူစီးတွဲများနှင့် စက်ပစ္စည်းများ ဝယ်ယူခြင်း တို့အတွက် ကျပ်သန်းတစ်သောင်းခွဲကျော်၊ ရန်ကုန်၊ မန္တလေးတို့တွင် စက်ခေါင်း ခြောက်ခေါင်း သို့မဟုတ် လူစီးတွဲ ၃၀ တွဲ ဝယ်ယူခြင်း အတွက် ကျပ်ငွေ ၁၄၄ သန်း၊ ကိုးရီးယားနိုင်ငံ ချေးငွေဖြင့် မန္တလေးတွင် ပထမ အကြိမ် ၁၀၀ တွဲ ဝယ်ယူခြင်းအတွက် ကျပ် ၄၂၆ သန်းတို့ကို သုံးစွဲသွားမည် ဖြစ်သည်။

အလားတူ မြန်မာ့မီးရထား သွားလာပို့ဆောင်ရေးဌာနမှ ရန်ကုန်၊ မန္တလေးတို့ တွင် ဆောင်ရွက်မည့် (Yangon Mandalay Railways Improvement-Project Phase 1) အတွက် ကျပ်သန်း နှစ်သောင်း ကိုးထောင်ကျော်၊ မန္တလေး၊ စစ်ကိုင်း၊ ကချင်တွင် ကိုရီးယားချေးငွေဖြင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်း အဆင့် မြှင့်တင်ရေး စီမံကိန်းပါအချက်ပြနှင့် ဆက်သွယ်ရေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအတွက် ကျပ် ၉၈ သန်းကျော် သုံးစွဲမည်ဖြစ်သည်။ မန္တလေး-မိုးကုတ်လမ်း အဆင့်မြှင်တင်ပြုပြင်ရန်အတွက် ဂျပန်ချေးငွေ ကျပ်သန်း၂၂၀ ကျော်ကို လမ်းဦးစီးဌာနက အသုံးပြုဦးမည် ဖြစ်သည်။

မီးလင်းရန် ထက်ဝက်ကျော် ကျန်ရှိသေးသည့် မန္တလေးတိုင်းအတွက် လျှပ်စစ်ကဏ္ဍအတွက် ဝေစုမှာ ကျပ်သန်းတစ်သိန်းနှစ်သောင်းနီးပါးဖြစ်သည်။ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီး ဌာနက မန္တလေးတိုင်းနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် ဂျပန်ချေးငွေဖြင့် ၅၀၀ ကေဗီမိတ္ထီလာခွဲရုံနှင့် ၅၀၀ ကေဗီ တောင်ငူခွဲရုံတည် ဆောက်ရန် ကျပ်သန်းလေးသောင်းနှစ်ထောင်ကျော် သုံးစွဲမည် ဖြစ်သည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေး လုပ်ငန်းက မန္တလေးတိုင်းနှင့် ကယားပြည်နယ်တို့တွင် ဆည်တော် ကြီးနှင့် ဘီလူးချောင်းအမှတ် ၁ စက်ရုံရှိ စက်နှင့် စက်ပစ္စည်းများ အလုံးစုံပြုပြင်မွမ်းမံရေး စီမံကိန်းကို ကျပ်သန်း နှစ်ထောင့်တစ်ရာကျော် သုံးစွဲမည်ဖြစ်သည်။

မန္တလေးလျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းက JICA ချေးငွေဖြင့် စက်ကိရိယာ တန်ဆာပလာပစ္စည်းများ ဝယ်ယူခြင်းနှင့် တပ်ဆင်ခြင်းလုပ်ငန်း Phase 2 အတွက် ကျပ်သန်းလေးသောင်းနီးပါးနှင့် ကမ္ဘာ့ ဘဏ်ချေးငွေဖြင့်ဆောင်ရွက်မည့် လုပ်ငန်းများအတွက် ကျပ်သန်းတစ်သောင်းခွဲနီးပါးသုံးစွဲမည် ဖြစ်သည်။ ရေဆိုးသန့်စင်ခြင်းကို အဓိကလုပ်ဆောင်မည့် မြို့တော်စည်ပင်အတွက်မူ ကျပ်သန်း နှစ်သောင်းခွဲဖြစ်သည်။

မြို့ပြဝန်ဆောင်မှု ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကျပ်သန်းတစ်သောင်းငါးထောင်ကျော်၊ ရွှေတ ချောင်း၊ ငွေတချောင်း၊ မင်္ဂလာမြောင်းတစ်လျှောက် ရေဆိုးသန့်စင်စနစ်တည်ဆောက်ခြင်း လုပ်ငန်း၊ ရေဆိုးထုတ်စက်ရုံများ စွမ်းရည် မြှင့်တင်ခြင်းလုပ်ငန်း၊ သင်္ဂဇာချောင်း တစ်လျှောက် ရေဆိုးပစ်စနစ်တည်ဆောက်ခြင်း လုပ်ငန်းနှင့် အခြားဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ချေးငွေ ကျပ်သန်း နှစ်သောင်းနီးပါးဖြင့်ဆောင်ရွက်မည်ဖြစ်သည်။

အထက်ပါ စီမံကိန်း ၁၉ ခုသည် နိုင်ငံတကာဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော ကမ္ဘာ့ဘဏ် (World Bank)၊ အာရှဖွံ့ဖြိုးရေးဘဏ် (Asia Development Bank)၊ ဂျပန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအေဂျင်စီ (JICA)၊ ပြင်သစ်ဖွံ့ဖြိုးရေး အေဂျင်စီ (Agency of Frence Development) စသည့်အဖွဲ့အစည်းတို့၏ ချေးငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများဖြစ်ပြီး ယင်းချေးငွေများသည် နှစ် ၃၀ ချေးငွေဖြစ်ကာ ငါးနှစ်မှ ဆယ်နှစ်အတွင်း ပြန်လည်ပေးဆပ်ရမည်လည်းဖြစ်သည်။

“တချို့ဟာက တိုင်းဒေသကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်သလို တချို့ဟာတွေကျတော့ ပြည်ထောင်စုက တစ်ဆင့်ဝင်တာ တွေ ရှိတယ်။ စည်ပင်တို့ ဘာတို့ဆို တိုက်ရိုက်ဝင်တယ်” ဟု စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးမြတ်သူက ယင်းချေးငွေများ၏ လမ်းကြောင်းကို ရှင်းပြသည်။

ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် စီမံကိန်းပေါင်း ၁၁ ခုဖြစ်သည်။ မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်အတွက် ကျပ်သန်းသုံးထောင်နီးပါးကို တရုတ်နိုင်ငံက ထောက်ပံ့ထားပြီး မန္တလေးဆိပ်ကမ်း အဆင့်မြှင့်တင်ရန်အတွက် ကျပ်သန်းနှစ်သောင်း သုံးထောင်နီးပါးကို ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သုံးစွဲဦးမည်ဖြစ်ကာ ခွဲတမ်းဝေစုအများဆုံးလည်းဖြစ်သည်။

စိုက်ပျိုးရေးကဏ္ဍအတွက်တော့ ကျပ်သန်း ၁၃၀၀ ကျော်ဖြစ်ပြီး စိုက်ပျိုး ရေးဦးစီးဌာနက မြို့နယ် ကျေးလက်များတွင် ရှေ့တန်းစခန်းနှင့် သိုလှောင်ရုံများ တည်ဆောက်ရန်အတွက် ကျပ်သန်း ၉၀ ကျော်၊ သုတေသနကွင်းဆင်းလုပ်ငန်းနှင့် အထွေထွေဝန်ဆောင်စရိတ်အတွက် ကျပ်သန်း ၇၀ ကျော်၊ အပူပိုင်းဇုန်ဒေသတွင် မိုးရေထိန်းသိမ်းနည်းစနစ်များ ဆောင်ရွက်ရန်၊ ပညာပေးလုပ်ငန်းများနှင့် မူဘောင်ရေးဆွဲခြင်းအတွက် ကျပ်သန်း ၃၀ နီးပါး သုံးစွဲမည်ဖြစ်သည်။

မန္တလေး၊ မကွေး၊ ဧရာဝတီ၊ နေပြည်တော်တိုင်းဒေသကြီး လေးခုတွင် စုစုပေါင်း ကျပ်သန်း ၅၈၀ နီးပါးဖြင့် ကျေးလက်တောင်သူ အဖွဲ့အစည်းများ၏ စားနပ်ရိက္ခာဖူလုံရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအတွက် ကျပ်သန်း ၃၁၀ ကျော်၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သင်တန်းများနှင့် စီမံကိန်းအထောက်အကူပြုအသုံးစရိတ်အတွက် ကျပ်သန်း ၁၄၀ ကျော် သုံးစွဲဦးမည် ဖြစ်သည်။

ယင်းအပြင် စိုက်ပျိုးရေးဦးစီးဌာနမျိုးစေ့ဌာနခွဲက မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်မည့် မြန်မာ့မျိုးစေ့ကဏ္ဍဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းအတွက် ၉၆ သန်းကျော်လည်း ပါဝင် သည်။ စည်ပင်သာယာရေးအတွက်မူ ကျပ်သန်း ၁၃ç၀၀၀ ကျော် ရရှိခဲ့သည်။

မြို့ပြဝန်ဆောင်မှုဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ကျပ်သန်းသုံးထောင့်တစ်ရာကျော်၊ ရေပေး ဝေရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုအထောက်အကူပြု လုပ်ငန်းများအတွက် ကျပ်သန်းတစ်သောင်းခန့် ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ (MCDC) က ဆောင်ရွက်သွားမည်ဖြစ်သည်။

MCDC က ဆောင်ရွက်မည့် လုပ်ငန်းများတွင် လက်ရှိရေပေးရေးစနစ်ကို အဆင့်မြှင့်တင်ခြင်း၊ ရေမီတာ တပ်ဆင်ခြင်းနှင့် ရေလှောင်ကန်၊ ရေတွန်း စက်ရုံများတွင် ကလိုရင်းပိုးသတ်စနစ်များ တပ်ဆင်ခြင်းတို့ ပါဝင်ကြောင်း အဆိုပါ ကော်မတီမှ သိရသည်။ ယင်းအပြင် တစ်နာရီလျှင် ရေဂါလန် လေးသောင်းခန့် ထုတ်ယူသုံးစွဲနိုင်သည့် စက်ရေတွင်းတူးဖော်မှုများလည်း ပါဝင်ဦးမည်ဖြစ်သည်။

“ကျွန်တော်တို့ မန္တလေးကို နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေ၊ အထောက်အပံ့တွေက သဘောကျ နေကြတာ ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဘက်က မြေဈေးနဲ့ လျှပ်စစ်မီးအခက်အခဲ ရှိနေသေးတဲ့ အတွက် အဲဒီလုပ်ငန်းတွေက ရန်ကုန်ဘက်ကို ရောက်ရောက်သွားတာရှိတယ်” ဟု မန္တလေးတိုင်း ဒေသကြီး စည်ပင်သာယာ ရေးဝန်ကြီး ဒေါက်တာရဲလွင်က The Voice သို့ ဆိုသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း စီမံကိန်းများဆောင်ရွက်ရာမှ ရရှိသည့် ဝင်ငွေများနှင့်ပတ်သက်၍ မည်သည့်ပမာဏကို ဝန်ဆောင်မှုများ ဆောင်ရွက်ရာတွင် သုံးစွဲခဲ့သည်၊ မည်သည့်ပမာဏမှာ ပြည်သူများ လက်ဝယ်သို့ ရောက်ရှိသည် ဆိုသည်ကို ပွင့်လင်းမြင်သာမှု အင်မတန် အားနည်းကြောင်း ပြည်ကြီးတံခွန်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ကိုကိုက ဝေဖန်သည်။

“အကူအညီတွေက လိုအပ်တဲ့ နေရာတွေမှာ ကူညီနေရတာရှိသလို ရေများရာ မိုးရွာနေတဲ့ ကိစ္စများ၊ အလိုအပ်ဆုံးနေရာများသို့ အကူအညီများ မရောက်ရှိမှုများလည်း ရှိနေပါတယ်။ ဒါ့အပြင် စီမံကိန်းများကို ဘယ်သူတွေက ဆောင်ရွက်နေပြီး ဘယ်လိုပုံစံနဲ့ ဆောင်ရွက်နေသလဲဆိုတာတွေလည်း ပွင့်လင်းမြင်သာမှုအားနည်းနေတယ်” ဟု ၎င်းက ပြောသည်။

လေးနှစ်အတွင်း နိုင်ငံခြားအကူအညီဖြင့် ဆောင်ရွက်မှုစီမံကိန်းများတွင် စိုက်ပျိုးရေး၊ မီးလင်းရေး၊ စည်ပင်နှင့် လမ်းပန်းဆက်သွယ်ရေးတို့ ဖြစ်သည်။ ယင်းတို့အနက် ချေးငွေနှင့် ထောက်ပံ့ငွေ ရရှိမှု တို့ကို နှိုင်းယှဉ်ကြည့်လိုက်လျှင် ချေးငွေက ပိုမိုရရှိနေသည်ကိုလည်း တွေ့ရှိရမည်။

စိုက်ပျိုးရေးအတွက် ချေးငွေရရှိမှုမှာ ကျပ်သန်းတစ်သိန်းလေးသောင်းဖြစ်ပြီး ထောက်ပံ့ငွေမှာ ကျပ်သန်းတစ်ထောင့်သုံးရာသာဖြစ်၍ ဆယ်ဆတစ်ဆ ကွာဟနေသည်။

စည်ပင်အတွက်မူ ချေးငွေမှာ ကျပ်သန်းနှစ်သောင်းခွဲဖြစ်ပြီး ထောက်ပံ့ငွေမှာ ကျပ်သန်းတစ်သောင်း သုံးထောင်ကျော်ဖြစ်၍ ထက်ဝက်နီးပါး ကွာဟခဲ့သည်။

လမ်းပန်းဆက်သွယ်ရေးအတွက် ကျပ်သန်း တစ်သိန်းကိုးသောင်းခန့် ချေးငွေရရှိခဲ့ပြီး မီးလင်းရေး အတွက် ချေးငွေ ကျပ်သန်းတစ်သိန်းနှစ်သောင်းခန့် ဖြစ်သဖြင့် များပြားသည်ဟု ဆိုနိုင်သော်လည်း ထောက်ပံ့ငေဖြင့် ဆောင်ရွက်မည့် စီမံကိန်းများတွင် ၎င်းတို့မပါဝင်ပေ။

အဆိုပါ စီမံကိန်းများ ပြီးမြောက်အောင်မြင်စေရန်အတွက် သက်ဆိုင်သည့် ဌာနဆိုင်ရာတို့ကို ဖိဖိစီးစီး တိုက်တွန်လုပ်ဆောင်သွားရန် လိုအပ်ပြီး ထိရောက်သည့် စီမံကိန်းများ၊ အကျိုးပြုမည့် စီမံကိန်းများ ကိုသာ ရွေးချယ်ထားခြင်းဖြစ်ကြောင်း ဝန်ကြီး ဦးမြတ်သူက ရှင်းပြသည်။

“ကျွန်တော်တို့အတွက် အခက်အခဲက အခုလို ထောက်ပံ့ပေးတာ၊ ချေးငွေပေးတာတွေက ကောင်းမွန်တယ်၊ လက်ခံတယ်ဆိုပေမယ့် စီမံကိန်းတွေမှာ သူတို့ရဲ့ လူတွေ (ပညာရှင်တွေ) ခေါ်လာခဲ့တာကို ကြုံရတာပဲ” ဟု ဝန်ကြီးကဆိုသည်။

ယင်းကဲ့သို့ နိုင်ငံခြားမှ ပညာရှင်များ၊ အလုပ်သမားများခေါ်လာခဲ့သဖြင့် မိမိတို့ဘက်မှ ပြန်လည် စိုက်ထုတ်ပေးရသည့် စရိတ် (နေထိုင်တည်းခိုစားသောက် စရိတ်) ကလည်း များပြားနေပြီး ထိုအရေ အတွက်ကို လျှော့ချရန် ကြိုးပမ်းရမည်ဟုလည်း ဝန်ကြီးက ပြောသည်။

“လုပ်ငန်းတစ်ခုမှာ သူတို့လူ ၁၀ ယောက်လောက်သုံးရင် ကျွန်တော်တို့လူသုံးယောက်လောက်ပဲ သုံးတယ်။ ကျွန်တော်တို့ ဖြစ်ချင်တာက နည်းပညာကိုလည်း ပေးစေချင်တယ်။ ပထမ ၁၀ ဦးခေါ်ရင် နောက်တစ်ခေါက်ဆို ငါးဦး၊ နောက်ဆို သုံးဦး ဒီလိုမျိုးခေါ်လာတာ နည်းပါးအောင် လုပ်ရမှာပဲ၊ ဒီလိုမှ ကျွန်တော်တို့ဘက်ကလည်း ပညာရမှာ” ဟု ဝန်ကြီးဦးမြတ်သူက ရေရှည်လုပ်ဆောင်ရမည့် စီမံကိန်း ကိုလည်း ရှင်းပြလေသည်။

လေးနှစ်အတွင်း ပြုလုပ်မည်ဆိုသည့် စီမံကိန်းပေါင်း ၃၀ မှာ ပြည်သူတို့အတွက် မည်မျှအကျိုးပြု နိုင်သည်ဆိုသည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

မြတ် (ကလေး)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *