နောက်ဖေးလမ်းကြားမှ အနာဂတ်ဥယျာဉ်ဆီ

အမှိုက်ပရပွနှင့် ညစ်ပေနံစော်နေသည့် နောက်ဖေးလမ်းကြားသည် ယခုဆိုလျှင် အပန်းဖြေ အနား ယူစရာနေရာလေးဖြစ်လာသည်။ တိုက်နှစ်တိုက်အကြားကို တိုးလျှိုဝင်ကြည့်လိုက်ပါက ရောင်စုံခြယ် နံရံဆေးရေးပန်းချီများ၏အလှကို ဦးစွာတွေ့မြင်ရမည်။

ရုတ်တရက်ကြည့်လိုက်ပါက ပန်းချီပြခန်းတစ်ခုကို ရောက်နေသလို ခံစားရမည့် အဆိုပါနေရာကား ရန်ကုန်မြို့လယ် ၃၁ လမ်းနှင့် ၃၂ လမ်းကြား (အလယ် ဘလောက်) နောက်ဖေးလမ်းကြားပင် ဖြစ်သည်။ ထိုနေရာလေးကို အချိန်ယူပြင်ဆင်ပြီးစီးချိန်တွင်တော့ အပန်းဖြေရန်အများပိုင်နေရာရှားပါး သည့် တိုက်ခန်းနေသူများနှင့် ကလေးသူငယ်များအတွက် အနားယူ၊ အပန်းဖြေစရာနေရာလေး တစ်ခု ပေါ်ထွက်လာခြင်းဖြစ်သည်။

“ဒီနောက်ဖေးလမ်းကြားတွေ ဆိုတာမျိုးက ကျွန်တော်တို့ပစ်ထားရင် တစ်-ကျန်းမာရေးအတွက်လည်း မကောင်းဘူး။ နှစ်- အများပိုင်ပျောက်ဆုံးမှုပြဿနာကို တစ်စိတ်တစ်ပိုင်းတော့ပြန်ဖော်နိုင်တယ်”ဟု ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်က ဆိုသည်။

စွန့်ပစ်အမှိုက်များပြည့်နှက်နေသည့် တိုက်နောက်ဘက်လမ်းကြားကို ဥယျာဉ်အဖြစ် အလှဆင် လိုက်ပါက စည်းကမ်းမဲ့အမှိုက်ပစ်ချမှု လျော့နည်းစေကာ အပန်းဖြေအနားယူစရာနေရာလည်း ရနိုင်မည်။

“အခုမြင်ရတဲ့ မြင်ကွင်းက အရင်နဲ့ ဘာမှမဆိုင်ဘူး” ဟု ဆိုသူမှာ ၃၁ လမ်းတွင် နေထိုင်သည့် မမော်မော်ဖြစ်သည်။ မမော်မော်လိုပင် ထိုလမ်းအတွင်း နေထိုင်ကြသူများမှာ နောက်ဖေးလမ်းကြား ဥယျာဉ်လေးရလာသဖြင့် ဝမ်းသာမဆုံး ဖြစ်နေကြသည်။

ရန်ကုန်မြို့တွင်း ခြောက်မြို့နယ် အတွင်းရှိ နောက်ဖေးလမ်းများကို ပြီးခဲ့သည့်ခြောက်လမှစပြီး နောက်ဖေးလမ်းကြားအမှိုက်ကင်းစင်ရေး၊ သန့်ရှင်းရေးဆောင်ရွက်နေကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနထံမှ သိရသည်။

“ကျွန်တော်တို့က နောက်ဖေးလမ်း အမှိုက်တွေရှိတဲ့နေရာ မသန့်ရှင်းဘဲ စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့ အတွက်ကြောင့် အဲ့လိုလုပ်ပြီးတဲ့အချိန်မှာ (ဥယျာဉ်)စောင့်ကြည့်ရမယ်။ စောင့်ကြည့်မှ အဖြေထွက် မယ်။ မှန်းဆဖို့ ခက်ပါတယ်” ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယ ဌာနမှူး ဒေါက်တာ အောင်မြင့်မော်က ဆိုသည်။

“လမ်းတွေ အကုန်လုပ်ဖို့တော့ မဖြစ်နိုင်ဘူး။ ကုန်ကျစရိတ်အရမ်းများလိမ့်မယ်။ လုပ်ပြီးရင် ထိန်းသိမ်း မှရမယ်။ ပစ်ထားလို့ မရဘူး” ဟု ၎င်းက ဆိုသည်။

ပြည်သူများ စည်းကမ်းရှိရှိ အမှိုက်ပစ်ရန်နှင့် ကလေးငယ်များ စည်းကမ်းတကျ အမှိုက်ပစ်တတ်ရန် စာသင်ကျောင်းများတွင် အသိပညာပေးနေကြောင်း ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပတ်ဝန်းကျင်သန့်ရှင်းစေရေးအတွက် နောက်ဖေးလမ်းကြားထဲမှ အမှိုက်များကိုရှင်းလင်းပြီး စောင့်ကြည့်ကင်မရာများ တပ်ဆင်ခြင်း၊ အမှိုက်ပစ်ပါက ဒဏ်ငွေဆောင်ရသည်အထိ အရေးယူခြင်းများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီက ပြုလုပ်လျက်ရှိသည်။

“နောက်ဖေးလမ်းကြားက အမှိုက် စွန့်ပစ်စရာလည်းမလိုဘူး။ တချို့နေရာတွေမှာ သံရုံးအဖွဲ့တွေ၊ တချို့ NGO တွေနဲ့ နံရံမှာ ဆေးရေးခြယ်ထားတာလုပ်တယ်။ နောက်ဖေးလမ်းကြားမှာ နေချင်စဖွယ် သစ်ပင်စိုက်တာတို့ ပန်းချီဆွဲတာတို့ ဒါမျိုးတွေလုပ်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန ဒုတိယဌာနမှူး ဒေါက်တာအောင်မြင့်မော် က ဆိုသည်။

ရန်ကုန်မြို့တွင် တစ်နေ့လျှင် အမှိုက် ၂၅၀၀ တန်ထွက်သည်။ လူတစ်ဦးလျှင် တစ်နေ့ကို သုည ဒသမ လေး (0.41Kg/Capita) စွန့်ပစ်သည်။ အမှိုက်ကို စနစ်တကျစွန့်ပစ်သူများရှိသကဲ့သို့ နောက်ဖေး လမ်းကြားတွင် အလွယ်တကူစွန့်ပစ်သူများလည်း ရှိသည်။

“ အရင်ကတော့ အရမ်းညစ်ပတ်တယ်။ ဟိုအိမ်ကပစ်ချ ဒီအိမ်ကပစ်ချနဲ့ လမ်းကြားဆိုတာမရှိဘူး။ အမှိုက်ထုပ်တွေပဲ ရှိတယ်။ ကြွက်တွေရော ဘာတွေရော တော်တော်လေးကို ညစ်ပတ်တယ်။ အနံ့ တော်တော်နံတယ်။ အမှိုက်တွေ တော်တော်များတာ။ မိလ္လာတွေရောပဲ” ဟု မမော်မော်က ဆိုသည်။

ယခုဆိုလျှင် နောက်ဖေးလမ်းကြားတွင် မြောင်းများကို အဖုံးများဖုံး၊ နံရံများကို ပန်းချီများရေးဆွဲထား၍ သန့်ရှင်းသွားကြောင်း၊ ယင်းကဲ့သို့ပြင်ဆင်ထားသည့် နေရာများတွင် လက်ရှိအချိန်အထိ အမှိုက် မပစ်ကြသေးကြောင်း ၎င်းက ဆိုသည်။

“ ၁၀ နှစ်လောက်ရှိပြီ။ နောက်ဖေးလမ်းကြားကို အပြောင်ရှင်းတာ မအောင် မြင်ဘူး။ တစ်ခါရှင်းရင် ၁၅ သိန်း (ကျပ်) လောက်ကုန်တာ။ စည်ပင်နဲ့ပေါင်းပြီး လုပ်ပေမယ့်လူတွေက အမှိုက်ပစ်တာပဲ။ ဒီဘက် ခေတ်မှ အောင်မြင်တာပေါ့။ အခု စည်ပင်က ကွန်ကရစ်ခင်းပေးတယ်။ ဒီဟာလုပ်တာ သုံးလလောက် ရှိပြီ။ အမှိုက်မပစ်တာ ငါးလ ခြောက်လလောက်ရှိပြီ” ဟု လမ်းသာယာရေးဥက္ကဋ္ဌဟောင်း ဦးသန်းမောင်က ဆိုသည်။

ရန်ကုန်မြို့လယ်ခေါင်တွင် ကလေးများအတွက် ကစားစရာနေရာနှင့် လူအများအတွက် အပန်းဖြေ စရာနေရာများစွာ မရှိသောကြောင့် နောက်ဖေးလမ်းကြားများကို ဥယျာဉ်များ၊ ပန်းချီလက်ရာများ၊ ကလေးကစားကွင်းများကို ထည့်သွင်းတည်ဆောက်ထားပြီး အပန်းဖြေစရာနေရာများအဖြစ် ပြောင်းလဲပေးရန် ရည်ရွယ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ဒို့အိမ်အဖွဲ့ အစည်းထံမှ သိရသည်။

နောက်ဖေးလမ်းဥယျာဉ် ပြင်ဆင်ရေးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဆောင်ရွက်သည့် အနေနှင့်လည်း အသုံးပြုပြီးသားပစ္စည်းများကို ပြန်လည်အသုံးပြုသည့် နည်းစနစ်များနှင့် မြေဆွေး ပြုလုပ်သည့် နည်းစနစ်များကိုလည်း ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒို့အိမ်အဖွဲ့ အစည်းထံမှ သိရသည်။

ရန်ကုန်အစိုးရသစ်လက်ထက်တွင် နောက်ဖေးလမ်းကြား အမှိုက်မပစ်ရေးစီမံချက်အဖြစ် ဥယျာဉ် ငယ်များလုပ်ဆောင်လျက်ရှိရာ ပန်းပဲတန်းမြို့နယ် ၃၁လမ်းနှင့် ၃၂ လမ်း အလယ်ဘလောက် နောက်ဖေးလမ်းကြားတွင်လည်း ကလေးကစားကွင်း၊ စာကြည့်တိုက်၊ ကာယလေ့ကျင့်နေရာများကို ပြင်ဆင်နေကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပန်းပဲတန်းမဲဆန္ဒနယ်အမှတ် (၁) လွှတ်တော်ကိုယ်စား လှယ် ဦးသန်းနိုင်ဦးက ပြောကြားသည်။

“ပြည်သူအချင်းချင်း ကိုယ့်နေရာကိုယ်ပြန်ပြီးတော့ အကောင်းဆုံးဖြစ်အောင်လုပ်တာဗျ။ ဒီဟာက လမ်းကြားကို အလှပြင်တယ်ဆိုတာထက် အများကြီးပိုတယ်ဗျ။ ကျွန်တော်တို့ဟာ အဖိုးတန်တဲ့ မြေဗျာ၊ ဒီရန်ကုန်လို နေရာမျိုးမှာ မြေတစ်လက်မက သိပ်တန်ဖိုးရှိလာပြီ။ မြေတစ်လက်မမှ အလဟဿ အဖြစ်မခံနိုင်တော့ဘူး” ဟု ၈၈ မျိုးဆက်ခေါင်းဆောင်ဦးမင်းကိုနိုင်က ဆိုသည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ဒို့အိမ်အဖွဲ့တို့ပူးပေါင်းပြီး နိုင်ငံတကာမှအလှူရှင်များ ထည့်သွင်း ပါဝင်သည့် အလှူငွေဖြင့် နောက်ဖေးလမ်းကြား ဥယျာဉ်စီမံကိန်းအဖြစ် နေရာသုံးခုကို အကောင်အထည်ဖော်ပြီး ဖြစ်သည်။

အဆိုပါနေရာများမှာ ၂၇ လမ်း အောက်ဘက်၊ ၃၉လမ်းနှင့် ဆိပ်ကမ်းသာ လမ်းအလယ်ဘလောက်၊ ၃၁ လမ်းနှင့် ၃၂ လမ်းမှ နောက်ဖေးလမ်းကြားတို့တွင် ဖြစ်သည်။ ယင်းနောက် ဗိုလ်ဆွန်ပက်လမ်း နှင့် လမ်း ၃၀ နောက်ဖေးလမ်းကြားတွင်လည်း ဆက်လက်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ပန်းဘဲတန်းလွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

နောက်ဖေးလမ်းကြား ဥယျာဉ်စီမံကိန်းလုပ်ဆောင်ရာလမ်းတွင် နေထိုင်သူများကလည်း အလှူငွေ ထည့်ဝင်ရကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများထံမှ သိရသည်။

နောက်ဖေးလမ်းကြားဥယျာဉ် လှုပ်ရှားမှုကို မတ်လမှ စတင်ဆောင်ရွက်ပြီး နောက်ဖေးလမ်းကြား အရှည် တစ်ကီလိုမီတာကို ဥယျာဉ်တစ်ခုအဖြစ်သို့ပြောင်းလဲရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ငါးသောင်းကုန်ကျကြောင်း ဒို့အိမ်အဖွဲ့ထံမှ သိရသည်။

ယင်းအလှူငွေမှ လိုအပ်သောပစ္စည်းများဝယ်ယူရန်၊ အလုပ်သမားခနှင့် ပညာရှင်များ (ဒီဇိုင်းရေးဆွဲ သူများ၊ ဥယျာဉ်မှူးများ၊ ပန်းချီပညာရှင်များ) အတွက် ချီးမြှင့်ငွေပေးအပ်ခြင်းဖြစ်ကြောင်း ယင်း အဖွဲ့ထံမှ သိရသည်။

“ကြွက်တောင် သိပ်မတွေ့တော့ဘူး။ နှစ်လအတွင်းမှာ ရှင်းသွားတယ်။ ဒီတိုင်းဆက်သွားရင် ကောင်းတာပေါ့နော်။ ကိုယ်ထူကိုယ်ထနဲ့။ တိုက်ပေါ်နေသူတွေလည်း စည်းနဲ့ကမ်းနဲ့ အမှိုက်ပစ်ဖို့ လိုတယ်။ စည်းကမ်းရှိအောင် ဝိုင်းပြီးထိန်းသိမ်းဖို့ ဒီလောက်နိုင်ငံတော်က အကုန်အကျခံပြီး အားလုံး ပူးပေါင်းပြီး အများကြီးလုပ်ပေးထားတာ စည်းလေးကမ်းလေးနဲ့ ကူညီဖို့ အရေးကြီးတယ်။ စည်းကမ်း လေးရှိဖို့” ဟု မော်မော်ဖိတ်စာလုပ်ငန်းမှ မမော်မော်က ဆိုသည်။

ယခင်က လူများသည် နောက်ဖေးလမ်းကြားထဲသို့ အမှိုက်ကို လွယ်လွယ်ပစ်ချကြသည်။ လက်ရှိ အချိန်တွင်မူ ယင်းသို့မဟုတ်။ စက္ကူအမှိုက်မှအစ သေချာစွာစွန့်ပစ်လာသည်ကို တွေ့မြင်ရသည့် အတွက် ကိုယ်ကျင့်တရားများ တက်လာကြောင်း ကိုမင်းကိုနိုင်က ဆိုသည်။

“အခု နောက်ဖေးလမ်းကြားတွေ သန့်ရှင်းလာတယ်။ ဆေးတွေသုတ်ထားတယ်။ ကလေးတွေအတွက် ကစားကွင်းလေးလုပ်ထားတယ်ဆိုတော့ အမှိုက်ပစ်ရမယ့်လက်တွေက အရင်လောက် အတင့်မရဲ တော့ဘူးဗျ။ သူတို့တွေဝေသွားတယ် အနည်းဆုံးတော့” ဟု ၈၈ မျိုးဆက် ခေါင်းဆောင် ဦးမင်းကိုနိုင်ကဆိုသည်။

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *