Asian Peacebuilders Scholarship (APS)

 

ဒီတစ်ပတ် The Voice Weekly ရဲ့ ပညာရေးကဏ္ဍမှာ မြန်မာကျောင်းသားတွေ လျှောက်ထားအကျုံးဝင်တဲ့ အပြည့်အဝပညာသင်ဆုတစ်ဆုဖြစ်တဲ့Asian Peacebuilders Scholarship ဆိုတာ တင်ပြချင်ပါတယ်။ ဒီပညာသင်ဆုဟာ လျှောက်ထားရရှိခဲ့ပါက တက္ကသိုလ်တစ်ခုတည်း တက်ရောက်ရမှာမဟုတ်ဘဲ တက္ကသိုလ်နှစ်ခု တက်ရောက်ရမှာဖြစ်ပါတယ်။ ဒီပညာသင်ဆုကို The Nippon Foundation, University for Peace (UPEACE)  နဲ့ Ateneo de Manila University (AdMU) တို့ ပူးတွဲပေးအပ်တာဖြစ်ပါတယ်။ ပညာသင်ဆုရဲ့ ရည်ရွယ်ချက်ကတော့ အာရှတိုက်က လူငယ်ပညာရှင်များကို ငြိမ်းချမ်းရေးမှာ လက်တွေ့ပါဝင်လုပ်ဆောင်သူတွေ ဖြစ်လာစေဖို့နဲ့ ကမ္ဘာအနှံ့က အဖွဲ့အစည်းတွေမှာ ဦးဆောင်အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်နိုင်စေဖို့ ရည်ရွယ်ပါတယ်။ အထူးသဖြင့် လူငယ်တွေကို အာရှတိုက်ရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ တက်ကြွတဲ့အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်စေဖို့ ရည်ရွယ်ပါတယ်။

Asian Peacebuilders Scholarship (APS)

ဒီပညာသင်ဆုက အပြည့်အဝပညာသင်ဆု ဖြစ်ပါတယ်။ ကျူရှင်စရိတ်၊ ကျောင်းစရိတ်၊ လေယာဉ်စရိတ်၊ ဗီဇာကုန်ကျစရိတ်၊ နေထိုင်စရိတ် စတာတွေကို ကျခံပေးမှာဖြစ်ပါတယ်။ ပညာသင်ဆု ကာလက ၁၈ လခွဲကနေ ၂၁ လခွဲအထိ ကြာမြင့်ပါတယ်။ အာရှတိုက်က ကျောင်းသားများ လျှောက်ထား အကျုံး ဝင်ပါတယ်။ တစ်နှစ်ကို ကျောင်းသား  ၃၀ လောက် ပညာသင်ဆု ချီးမြှင့်တယ်လို့ သိရပါတယ်။ ပညာသင်ဆု ရည်ရွယ်ချက် တစ်ခုက ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက် အကူဖြစ်စေဖို့ ဦးတည်ပါတယ်။ ပညာ သင်ဆုရရှိသူဟာ တစ်နိုင်ငံတည်းမှာ စာသင်ကြားရမှာ မဟုတ်ဘူး။ ပညာသင် ဆုကာလမှာ တောင်အမေရိကတိုက်က  ကော့စတာရီကာနိုင်ငံ (Costa Rica) နဲ့ အာရှတိုက်က ဖိလစ်ပိုင်နိုင်ငံ (Philippines) များမှာ ပညာသင်ကြားရမှာ ဖြစ်ပါတယ်။ ပညာသင်ကာလမှာ အာရှတိုက်တစ်ခွင်က ငြိမ်းချမ်းရေးဆိုင်ရာ  ခရီးစဉ်အချို့ကိုလည်း သွားရောက်လေ့လာရမယ်။ ပညာသင်ကာလ ပြီးဆုံးတဲ့အခါမှာ  သင်တန်းသားဟာ University for Peace (UPEACE) က ငြိမ်းချမ်းရေး  တည်ဆောက်မှုဆိုင်ရာ မဟာဘွဲ့တစ်ခုနဲ့  Ateneo de Manila University (AdMU) က ကမ္ဘာ့နိုင်ငံရေးဆိုင်ရာ နိုင်ငံရေးမဟာဘွဲ့တစ်ခုကို ထပ်မံရရှိမှာ ဖြစ်ပါတယ်။

ဆိုရရင် ဒီပညာသင်ဆု ရရှိသူဟာ နှစ်နိုင်ငံမှာ ကျောင်းတက်ပြီး ပညာသင်ဆုကာလ ပြီးဆုံးရင် မဟာဘွဲ့ နှစ်ခုကို ရရှိမှာဖြစ်ပါတယ်။ အချုပ်ဆိုရရင်  ပညာသင်ဆုကာလမှာ အပိုင်းလေးပိုင်း  ပါဝင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ပထမအချက်က အင်္ဂလိပ်ဘာသာစကား ပိုမို တိုးတက်အောင် သင်ယူရမယ်။ ဒုတိယ အနေနဲ့က UPEACE မှာ မဟာဘွဲ့  တက်ရောက်သင်ယူရမယ်။ တတိယက  AdMU မှာ နိုင်ငံရေးသိပ္ပံနဲ့ နောက်ထပ်  မဟာဘွဲ့တစ်ခု ထပ်ယူရမယ်။ နောက်ဆုံး အချက်အနေနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကွင်းဆင်းလေ့လာရေး လုပ်ရမယ်။ ပညာသင်ဆုလျှောက်ထားသူဟာ သက်ဆိုင်ရာ နိုင်ငံရဲ့ အသိအမှတ်ပြုဘွဲ့တစ်ခုခုတော့ ရရှိထားသူ ဖြစ်ရပါမယ်။

ငြိမ်းချမ်းရေး ဆိုင်ရာအတွေ့အကြုံ လုပ်သက် ၂ နှစ် ရှိရမယ်။ အတွေ့အကြုံလုပ်သက်လို့ဆိုရာမှာ လျှောက်ထားသူရဲ့ လုပ်အားပေးအတွေ့အကြုံတွေ၊ အလုပ်သင်အတွေ့အကြုံတွေ၊ ကျောင်းသားဘ၀ကျောင်းတွင်း လှုပ်ရှားမှု အတွေ့အကြုံတွေကို ထည့်သွင်းစဉ်းစားမှာ  ဖြစ်ပါတယ်။    ဆိုတော့ ဒီပညာသင်ဆုက  အတော် ပေါ့ပေါ့ပါးပါးရှိတာပဲ။ သေချာ လေ့လာကြည့်တော့ အင်္ဂလိပ်စာ အသိအမှတ် ပြုလက်မှတ် TOFEL တော့ တောင်းထားတယ်ဗျ။ ဒါပေမဲ့ TOFEL PBT ကို ၅၂၃ သို့မဟုတ် TOFEL iBT ကို ၇၁  ဆိုတော့ အင်္ဂလိပ်စာ အသင့်အတင့်  ကောင်းတဲ့သူ ဒီအမှတ်လောက်တော့  အသာလေးပါဗျာ။ ပညာသင်ဆုရခဲ့ရင် အင်္ဂလိပ်စာသင်တန်းလည်း ထပ်တက်ရဦးမှာ ဖြစ်ပါတယ်။ လုပ်သက်ကလည်း  သိပ်တင်းကျပ်မှု မရှိလှဘူး။ ကုန်ကျစရိတ် အားလုံးလည်း ကျခံပေးမယ်၊ ကျောင်းပြီး ရင် မဟာဘွဲ့ နှစ်ဘွဲ့လည်းရမယ်ဆိုတော့  ဒီဆောင်းပါးရေးရင်း အလုပ်က ခဏထွက်ပြီး ပညာသင်ဆုလျှောက် ကျောင်းသွားတက်ချင်စိတ်တွေတောင် ပေါက်သွားတယ်ဗျာ။ ကိုယ့်ကိုယ်ကိုယ် လူငယ်လားတော့  စဉ်းစားရတာပေါ့လေ။ အသက်အရွယ် ကန့်သတ်ချက်ကျတော့ မတွေ့မိဘူးဗျ။

ပညာသင်ဆုဆိုင်ရာ အချက်အလက်  အသေးစိတ်များကို https://www.upeace.org/academic/partnership-programes/asia-peacebuilders-scholarship မှာ သွားရောက်လေ့လာ ဖတ်ရှုနိုင်ပြီး လျှောက်လွှာများကို  https://www.upeace.org/admissions/partnership-programe-admission/asia-peacebuilders-scholarshipတွင် အခမဲ့ download      ရယူနိုင်ပါတယ်။

University for Peace (UPEACE)

University for Peace ရဲ့ အတို ကောက်က UPEACE ဖြစ်ပါတယ်။ မြန်မာလိုတော့ ငြိမ်းချမ်းရေးတက္ကသိုလ် ပေါ့။ UPEACE ဟာ ဗဟိုအမေရိက ဒေသ၊ ကော့စတာရီကာနိုင်ငံ မြို့တော်  ဆန်းဂျို့မှာ တည်ရှိပါတယ်။ UPEACE  က     ကမ္ဘာ့ကုလသမဂ္ဂအခွင့်အာဏာနဲ့ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေ နိုင်ငံတကာ တက္ကသိုလ်တစ်ခုအဖြစ် ၁၉၈၀ မှာ တည်ထောင်ထားတာဖြစ်တယ်။ ရည်ရွယ်ချက် အနှစ်ချုပ်ကတော့  ကမ္ဘာတစ်လွှားမှာ ငြိမ်းချမ်းရေး တိုးတက်  ထွန်းကား ပြန့်ပွားဖို့ဖြစ်ပါတယ်။ ကုလသမဂ္ဂ(UN)က တည်ထောင်ထားတယ်ဆိုပေမယ့် တက္ကသိုလ်ဟာ သူ့ကျောင်း ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့အောက်မှာ တည်ရှိပါတယ်။ တက္ကသိုလ်ရဲ့ လိုအပ်တဲ့ ငွေကြေးများကတော့ နိုင်ငံတကာ အလှူရှင်နိုင်ငံများ၊ ကမ္ဘာ့ကုလသမဂ္ဂကို ယုံကြည်ကိုးစားသော အဖွဲ့အစည်းများဆီက လက်ခံရရှိတယ်လို့ဆိုပါတယ်။ ဗဟိုအမေရိကဒေသ၊ တောင်အမေရိက၊ မြောက်အမေရိကမှာ နိုင်ငံတွေက အများကြီးရှိတယ်။ ဘာကြောင့်များ ကော့စ တာရီကာနိုင်ငံကိုမှ UN တက္ကသိုလ် တည်ထောင်ဖို့ ရွေးချယ်သလဲဆိုတာ အမေးပေါ်မိတယ်။ ဒါနဲ့အင်တာနက်မှာ နည်းနည်းရှာဖွေကြည့်လိုက်တော့  ကော့စတာရီကာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ဆောင်မှုတွေကို အခုလိုတွေ့ရတယ်။ ၁၈၈၂ မှာ သေဒဏ်ကို ဖျက်သိမ်းလိုက်တယ်။ လူ့အခွင့်အရေး အလေးထားရင် သေဒဏ်ကို ဖျက်သိမ်းရတယ်နော်။ ဆိုကြပါစို့။

ဥရောပသမဂ္ဂအဖွဲ့ကြီးထဲ ဝင်မယ်ဆိုရင် ဝင်မယ့် ဥရောပနိုင်ငံတွေဟာ ပထမဆုံး သူတို့နိုင်ငံက သေဒဏ်ပြဋ္ဌာန်းချက်တွေ ကို ပယ်ဖျက်ပစ်ရတယ်။ ကော့စတာရီကာ ဟာ ၁၈၆၅ ကစပြီး နိုင်ငံရေးကြောင့်   ဘေးအန္တရာယ်ကျရောက်သူတွေကို ခိုလှုံခွင့် ပြုတဲ့ နိုင်ငံလည်းဖြစ်တယ်။ နောက်တစ်ခါ  ၁၉၀၇ ကနေ ၁၉၁၈ အထိ ကော့စတာရီကာ ဟာ ဗဟိုအမေရိကတရားရုံး (Central American Court Justice) ကို လက်ခံခွင့်ပြုတဲ့ နိုင်ငံလည်းဖြစ်တယ်။ အဲဒီတရားရုံးဟာဆိုရင် နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေတွေကိုအခြေခံပြီး ပြည်သူတစ်ဦးချင်းက အစိုးရတွေကို တရားစွဲဆိုနိုင်တဲ့ ကမ္ဘာ့ပထမဆုံး အမြဲတမ်းတရားရုံးတော်လည်း ဖြစ်ပါတယ်။  UPEACE တက္ကသိုလ်နဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်များကို https://www.upeace.org/ မှာ သွားရောက် ကြည့်ရှု နိုင်ပြီး admission@upeace.org နဲ့ info@upeace.org တိုသို့လည်း အီးမေးလ်ပေးပို့ မေးမြန်းစုံစမ်းနိုင်ပါတယ်။

Ateneo de Manila University (AdMU)

Ateneo de Manila University  ရဲ့ အတိုကောက်က AdMU ဖြစ်ပါတယ်။  နှစ်ပေါင်း ရာနဲ့ချီသက်တမ်းရှိ ဖိလစ်ပိုင်နာမည်ကျော်တက္ကသိုလ်တစ်ခု ဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့သမိုင်းက စပိန်လူမျိုး  ဘရင်ဂျီဘာသာရေးဂိုဏ်းဝင်များနဲ့ ဆက်စပ်နေပြီး ၁၈၅၉ မှာ အစပြုပါတယ်။ အစက တော့ မူလတန်းကျောင်းလေးပေါ့။ နောက်တော့ တက္ကသိုလ်အဆင့်အထိ  ကြီးထွားလာခဲ့တယ်။ နောက်တော့ ၁၉၁၂ မှာ အမေရိကန် ဘရင်ဂျီ သာသနာပြုတွေ ကနေ ကျောင်းကို လွှဲပြောင်းယူလိုက်တယ်။ ကျောင်းစတည်ဖြစ်ထွန်းပြီးနောက်  နှစ်ပေါင်းတစ်ရာအကြာ ၁၁ ဒီဇင်ဘာ ၁၉၅၉ မှာတော့ AdMU ဟာ တက္ကသိုလ်တစ်ခုအဖြစ် အသိအမှတ်ပြုခံရပါတယ်။ ဒါက တက္ကသိုလ်ရဲ့ သမိုင်းဖြစ်ပါတယ်။ တက္ကသိုလ်ရဲ့ အခြားထင်ရှားတဲ့အချက်အလက်တွေက ဖိလစ်ပိုင်ရဲ့အမျိုးသား  သူရဲကောင်းတစ်ယောက်ဖြစ်တဲ့ ဂျိုဆေးရီဇာ (Jose Rizal) ဟာ AdMU က ဘွဲ့ရကျောင်းသားတစ်ယောက် ဖြစ်ပါတယ်။

အသေးစိတ်အချက်အလက်များကို http://www.ateneo.edu/ မှာ သွားရောက် ကြည့်ရှုနိုင်ပြီး adgp.ls@ateneo.edu သို့လည်း အီးမေးလ်ပေးပို့ မေးမြန်းစုံစမ်းနိုင်ပါတယ်။ ဒီငြိမ်းချမ်းရေး ပညာသင်ဆုသင်ကြားဖို့ ဘာကြောင့် ဖိလစ်ပိုင်နိုင်ငံကို ရွေးချယ်သလဲဆိုရင် ဖိလစ်ပိုင်နိုင်ငံဟာ အာရှနိုင်ငံများအနက် ဒီမိုကရေစီကျင့်သုံးတဲ့ နိုင်ငံတစ်ခုအဖြစ် ထင်ရှားပြီး အဲဒီမှာ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးလည်း လေ့လာသင်ယူစရာ အများအပြားရှိနေပါတယ်။ ကွန်မြူနစ်အုံကြွမှု တွေရှိတယ်။ မူဆလင်ခွဲထွက်ရေး လှုပ်ရှားမှုတွေရှိတယ်။ အခုတိုင် အဲဒီလက်နက်ကိုင် ပဋိပက္ခတွေက ဒေသသတင်း၊ နိုင်ငံတကာသတင်းတွေမှာ နေရာယူထားဆဲ ဖြစ်ပါတယ်။

 ကော့စတာရီကာနိုင်ငံ (Republic of Costa Rica)

ကော့စတာရီကာနိုင်ငံဟာ အလယ်အမေရိကဒေသမှာ တည်ရှိပါတယ်။ မြို့တော်က ဆန်းဂျို့စ် (San Jose) ဖြစ်တယ်။ ကာရေဗီယံပင်လယ် (Caribbean Sea)၊ ပစိဖိတ်သမုဒ္ဒရာ (Pacific Ocean)၊  နီဂါရာဂွားနိုင်ငံ (Nicaragura)၊ ပနားမား နိုင်ငံ (Panama)၊ အီကွေဒေါနိုင်ငံ  (Ecuador) တို့နဲ့ နယ်ချင်း ထိစပ်နေတယ်။  ၅၁,၁၀၀ စတုရန်း ကီလိုမီတာ (၁၉,၇၀၀ စတုရန်းမိုင်) ကျယ်ဝန်းပြီး ၂၀၁၁ သန်းခေါင်စာရင်းအရ တစ်နိုင်ငံလုံး လူဦးရေ ၄,၅၈၆,၃၅၃ ယောက်ရှိတယ်။  နိုင်ငံအတွင်း စပိန်စကား အဓိကပြောဆိုတယ်။ ခရစ်ယာန်ဘာသာ အဓိကကိုးကွယ်တဲ့နိုင်ငံဖြစ်တယ်။ ကော့စတာရီကာဟာ  စပိန်နိုင်ငံကနေ ၁၈၂၁ ခုနစ် စက်တင်ဘာ လ ၁၅ ရက်မှာ လွတ်လပ်ရေးရခဲ့တယ်။ နိုင်ငံအဓိက ထွက်ကုန်တစ်ခုက ကော်ဖီ လုပ်ငန်းဖြစ်တယ်။ ကော့စတာရီကာမှာ ထူးခြားချက်တစ်ခုက သူ့မှာ အမြဲတမ်းတပ်မတော် (စစ်တပ်) ဆိုတာမရှိပါ။ စစ်တပ်ကို ၁၉၄၈ ခုနှစ်ကတည်းက ဖျက်သိမ်းထားပြီးဒေသတွင်း  (ဗဟိုအမေရိကနိုင်ငံများအတွင်း) မှာ စစ်တပ်မရှိတဲ့ တစ်ခုတည်းသော နိုင်ငံအဖြစ် ထင်ရှားပါတယ်။

ဖိလစ်ပိုင်နိုင်ငံ (Republic of Philippines)

ဖိလစ်ပိုင်နိုင်ငံဟာ အရှေ့တောင်အာရှဒေသမှာတည်ရှိပြီး မြို့တော်က မနီလာ (Manila) ဖြစ်ပါတယ်။ ရေပတ်လည်ဝိုင်းနေတဲ့ ကျွန်းနိုင်ငံဖြစ်ပြီး ကျွန်းပေါင်း ၇,၆၄၁ ကျွန်းနဲ့ ပါဝင်ဖွဲ့စည်းထားပါတယ်။ ၃၀၀,၀၀၀ စတုရန်းကီလိုမီတာ (၁၂၀,၀၀၀  စတုရန်းမိုင်) ကျယ်ဝန်းပြီး ၂၀၁၅ သန်းခေါင် စာရင်းအရ တစ်နိုင်ငံလုံးလူဦးရေ ၁၀၀,၉၈၁ç၄၃၇ ယောက်ရှိတယ်။ နိုင်ငံအတွင်း ဖိလစ်ပိုင် (Filipino) နဲ့ အင်္ဂလိပ်စကားတို့ကို အဓိကပြောဆိုပါတယ်။  ခရစ်ယာန်ဘာသာ အဓိကကိုးကွယ်တဲ့ နိုင်ငံဖြစ်တယ်။ ဖိလစ်ပိုင်ဟာ စပိန်နိုင်ငံကနေ ၁၈၉၈ ခုနှစ် ဇွန်လ ၁၂ ရက်မှာ လွတ်လပ်ရေးရခဲ့တယ်။ နိုင်ငံအဓိက ထွက်ကုန်များက ဆန်စပါး၊ ပြောင်း၊ ကွမ်းသီးနဲ့ အုန်းသီးတို့ဖြစ်ပါတယ်။ ကော့စတာရီကာနဲ့ မတူတဲ့  အချက်က ဖိလစ်ပိုင်ဟာ ပြည်တွင်းမငြိမ်သက်မှုများ နဲ့ ရင်ဆိုင်နေရပြီးသူ့မှာ အင်အားကောင်းတဲ့ စစ်တပ်လည်းရှိပါတယ်။ ဖိလစ်ပိုင်နိုင်ငံဟာ လက်ရှိမှာ ကွန်မြူနစ်လက်နက်ကိုင် များရဲ့ ထကြွပုန်ကန်မှုကို ရင်ဆိုင်နေရတဲ့ အပြင် အခုလတ်တလော ISIS မွတ်ဆလင် အကြမ်းဖက်သမားများနဲ့ ဆက်နွှယ်သူ အကြမ်းဖက်သမားများက ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း၊ မင်ဒါနာအိုကျွန်း (Mindanao)၊ မာရဝီမြို့ (Marawi) ကိုတိုက်ခိုက် သိမ်းယူခဲ့လို့  ကြီးမားတဲ့ စစ်ရေး၊ နိုင်ငံရေး အကျပ်အတည်းကို ရင်ဆိုင်ကြုံတွေ့နေရ ကြောင်းပါ။

နိဂုံး

ကဲ … စိတ်ဝင်စားရင် APS ကို  လျှောက်ကြပါ။ ဘွဲ့ရတစ်ယောက်လည်း ဖြစ်တယ်။ အင်္ဂလိပ်စာလည်း အသင့်အတင့် ကောင်းမွန်တယ်။ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးလည်း စိတ်ဝင်စားတယ်။ လုပ်သက်အတွေ့အကြုံလည်း  ၂ နှစ်လောက်ရှိတယ်။ လုပ်သက်အတွေ့ အကြုံမရှိရင်တောင် ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံက ငြိမ်းချမ်းရေးနဲ့ ဆက်နွှယ်ပတ်သက်နေတယ်ဆိုရင် လျှောက်ကြစမ်းပါဗျာ။ မငြိမ်းချမ်းတဲ့ဒေသတွေမှာ နေထိုင်တာ ငြိမ်းချမ်းရေး အတွေ့အကြုံပေါ့ဗျာ။ တိုက်ပွဲတွေကြောင့် မိဘညီအစ်ကို မောင်နှမအတွက် စိတ်ပူပန်ရတာ ငြိမ်ချမ်းရေး အတွေ့အကြုံပေါ့ဗျာ။ ရေးတတ်ရင် တွေးတတ်ရင်အားလုံး ချိတ်ဆက်ဆွဲခေါ် သွားလို့ရတယ်။

လျှောက်တဲ့သူက မြန်မာနိုင်ငံကဆိုတာနဲ့  ကျွန်တော်ထင်တယ်။  တစ်ဝက်လောက်က ကျိန်းသေနေပြီ။ အက်ဆေးတွေမှာ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်း ကိစ္စလေးတွေ နည်းနည်းထည့်ရေးလိုက်ဗျာ။ ချင်းပြည်နယ်က ဆင်းရဲမွဲတေမှု၊ ကရင်ပြည်နယ်က ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည် ပြန်လည်နေရာချထားရေး အစီအစဉ်တွေနဲ့ ချိတ်ဆက်လိုက်ဗျာ။ ရမှာ  အပြည့်အဝပညာသင်ဆုနော်။ ကျောင်းပြီးရင် မာစတာဘွဲ့နှစ်ခု တစ်ခါတည်းရမှာနော်။ အရေးကြီးတာရေးဖို့ မေ့နေတယ်။  APS ပညာသင်ဆု လျောက်လွှာပိတ်ရက် က ၂၀၁၇ ခုနှစ် ဩဂုတ်လ ၁၁ ရက် ဖြစ်ပါ တယ်ခင်ဗျာ။

 

အောင်အောင် (IR)

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *