မြင့်မြတ်နှင့် တွေ့ဆုံခြင်း

“တချို့အခန်းတွေမှာလည်း ဆင်ဆာဒုက္ခပေးပါတယ်။ ဆင်ဆာဖြတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှ မပြော ချင်တော့ပါဘူး။ ပြောလည်းထူးမှာမှမဟုတ်တာ”

 

မကြာခင်ရုံတင်တော့မယ် အော်ရဂျင်နယ်ဂန်းစတား (Original Gangster) ရုပ်ရှင်အပေါ် ကျေနပ်အားရမှု အပိုင်းနဲ့ ရိုက်ကူးနေစဉ် အခက်အခဲ၊ ရုပ်သံဇာတ်လမ်းတွဲ ပထမဆုံးလက်ခံရိုက်ကူးဖြစ်ပုံ၊ လတ်တလော ပရိသတ်အားပေးမှုရနေတဲ့ ဗိုလ်အောင်ဒင် ဇာတ်ကားအပေါ် ခံစားချက်တွေကို The Voice က သရုပ်ဆောင် မြင့်မြတ်နဲ့ တွေ့ဆုံမေးမြန်းထားတာဖြစ်ပါတယ်။

Voice : အော်ရယ်ဂျင်နယ်ဂန်းစတားရုပ်ရှင် အထူးပွဲကြည့်ပြီးတဲ့အခါ ဇာတ်ကားအပေါ် ကျေနပ်အားရမှုရှိလား။
MM: ကျေနပ်ပါတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေ အကောင်းဆုံးကြိုးစားထားတာပါ။ ပထမကြည့် ကြည့်ခြင်းတော့ အက်ရှင်ကားဖြစ်တာကြောင့် တစ်ကားလုံးဖိုက်နေရင် ပရိသတ်အိုင်သွားမှာကို စိုးရိမ်မိတယ်။ ဒါပေမဲ့ ဇာတ်ကားကြည့်လိုက်ချိန်မှာ ဖိုက်လိုက်၊ Tempo တက်လိုက် နဲ့ ဇာတ်ကားသာပြီးသွားတယ် မအိုင်သွား ဘူး။ အဲဒီအတွက် ကျွန်တော်တော်တော်လေးကို စိတ်အေးသွားတယ်။

Voice : ရန်ကုန်မြစ်ထဲမှာ ရိုက်တဲ့ အခန်းက လူစားမထိုး၊ အသက်ကယ် အင်္ကျီမဝတ်ဘဲ ဂျက်စကီး (Jet Ski) စီးပြီးရိုက်နေချိန်မှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရလဲ။
MM : အဲဒီအချိန်မှာ ကျွန်တော် ဇောကပ်နေတာ။ ဒီဇာတ်ဝင်ခန်းပြီးဖို့ တစ်ခုတည်း ဇောကပ်နေတာ။ ရာသီဥတုကလည်း ပူ၊ ပြီးတော့ ကျဉ်းထဲကျပ်ထဲမှာ လုပ်နေရတာ။ ရိုက်ရတာကလည်း ရေထဲမှာဆိုတော့ ကင်မရာတွေက မငြိမ်ဘူး။ ရိုက်ကူးရေးအဖွဲ့တွေလည်း တော်တော်လေးကို ဒုက္ခရောက်ကြတယ်။ အဲဒီအပေါ် ဇာတ်ကားကောင်းဖို့အတွက်က နံပါတ်တစ်၊ ဇာတ်ဝင်ခန်းပြီးဖို့အတွက် တော်တော်လေးကို ဇောကပ်ရိုက်နေရတာ။ အမှန် အတိုင်းပြောရရင်တော့ အဲဒီဇောကပ်နေတာနဲ့ ကြောက်စိတ်တောင် ပျောက်နေ တယ်။ အဓိက ကောင်းချင်စိတ်များနေတာ။ အဲဒီကြားထဲမှာ ဂျက်စကီးက နှစ်စီးမှာ တစ်စီးက လွယ်လွယ် ကူကူစီးမရဆိုတော့ စိတ်ဓာတ်တွေကျပေါ့။ ဇာတ်ကားတွေရိုက်တိုင်းထုံးစံပါပဲ။ ရိုက်ကူးပြီး ရုံပေါ်တက်လာချိန် ကြည့်လိုက်ရင် ဘာမှမဟုတ်ဘူး။ ရိုက်ကူးတဲ့အချိန်တွေမှာ စိတ်ဓာတ်တွေ ကျခဲ့ရတာ။ အခက်အခဲတွေ အများကြီး။

Voice : တစ်ကားလုံး အက်ရှင်ခန်းတွေများတော့ အဓိကအခက်အခဲ ဘာတွေဖြစ်မလဲ။
MM : ဒီကားရိုက်ကူးချိန်က နွေခေါင်ခေါင်ကြီး ရိုက်ကူးကြတော့ သရုပ်ဆောင်တွေ၊ ပါဝင်တဲ့ ဇာတ်အဖွဲ့တွေ ပင်ပန်းကြပါတယ်။ နေအရမ်းပူတဲ့အခါကျတော့ လူတွေလည်း တော်တော်လေးကို ပင်ပန်း တဲ့ကားပါ။ ပါဝင်တဲ့ သရုပ်ဆောင်တွေနဲ့က ကျွန်တော်တို့က အပြင်မှာလည်း တကယ့်ကို ညီအစ်ကိုတွေလို ခင်မင်ကြတော့ ရိုက်ကူးတဲ့အခါကျတော့ အဆင်ပြေကြပါတယ်။ အားလုံးက တစ်ယောက်ကောင်းဖို့ အတွက် ကိုပဲ ဝိုင်းဝန်းပြီး ပံ့ပိုးပေးကြတာ။ အဓိကတော့ Team Work ပြောရမှာပါ။

Voice : ဒီကားမှာ ဆင်ဆာအဖြတ်ခံရတဲ့အခန်းတွေရှိတော့ အဲဒီအပေါ် ဘာများပြောချင်လဲ။
MM : ဇာတ်ကားအရဆိုရင် ထိတယ်။ ဥပမာပြောရရင် ကိုခင်လှိုင် သူထောင်ကထွက်လာလာချင်း အချိုးမပြေလို့ဆိုပြီး ဆေးလိပ်ညှပ်တဲ့ကပ်ကြေးနဲ့ အဲဒီလူရဲ့လက်ကို ညှပ်လိုက်တာ။ ဒါပေမဲ့ အဲဒီအခန်းကို ဆင်ဆာဖြတ်လိုက်တော့ ဒီမှာကျတော့ ဘာကြောင့်သွေးတွေထွက် လာသလဲဆိုတာ မသိကြဘူး။ တချို့အခန်း တွေမှာလည်း ဆင်ဆာဒုက္ခပေးပါတယ်။ ဆင်ဆာဖြတ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘာမှမပြောချင်တော့ပါဘူး။ ပြောလည်း ထူးမှာမှမဟုတ်တာ။

Voice : ဘုန်းကညာနှစ်ပါးဇာတ်ကား ဖေစ့်ဘွတ်ခ်မှာတင်ကတည်းက ပရိသတ်စိတ်ဝင်စားနေကြ တော့ ဇာတ်လမ်းပုံစံက ဘယ်လိုမျိုးလဲ။
MM : ဟုတ်တယ်ဗျာ။ အဲဒီကားက အခုဖေ့စ်ဘွတ်ခ်မှာတင်ကတည်းက ပရိသတ်တွေက စိတ်ဝင် စားနေကြတယ်။ ကျွန်တော့်ကာရိုက်တာက ထူးတယ်။ ကျွန်တော်က အညာသား၊ ဖွန်ကြောင်တယ်။ အဲဒီမှာ ဖွေးဖွေးနဲ့ Express ကားပေါ်မှာ အတူတူထိုင်ရတော့ တစ်လမ်းလုံး ဖွန်ကြောင်လာတာ။ အဲဒီချိန် ကား အက်ဆီးဒင့် ဖြစ်သွားကြတယ်။ လိပ်ပြာပြန်ဝင်တဲ့အချိန်မှာ တလွဲတွေဖြစ်ကုန်ကြတာတွေကို ရိုက်ကူးထား တာပါ။

Voice : ဗိုလ်အောင်ဒင်ဇာတ်ကား ပရိသတ်အားပေးမှုအပေါ် ဘာများပြောချင်လဲ။
MM : အဲဒီကားရိုက်နေတုန်းက တစ်ချိန်လုံးရယ်နေရတာ။ ကျွန်တော်လုပ် ချင်တဲ့ အိုက်တင် လေးတွေကို ကိုပေါက်ကို ပြောပြပေါ့။ ကိုပေါက်ကလည်း မြင့်မြတ် ချ၊ ကျွန်တော်လုပ်သမျှကို ကိုပေါက်က ထိုင်ရယ်နေတာ။ အမှန်အတိုင်းပြောရရင်တော့ ရိုက်နေချိန်က ဒီအသံလေးနဲ့ပြောမယ်ပေါ့။ ဒီပုံစံလေး လုပ်မယ်ဆိုပြီး လုပ်ကြတာ။ ရိုက်ပြီးသွားတော့ ကျွန်တော်စိတ်ပူနေတာ။ ဘာကိုစိတ်ပူလဲဆိုတော့ အသံ တွေက ပြောထားတာ ပုံမှန်ကားနဲ့ မတူဘူးလေ။ ဒီကားထွက်လာရင် ပရိသတ်တွေ ကြိုက်ပါ့မလား။ ပရိသတ်မကြိုက်မှာ အရမ်းစိုးရိမ်နေတယ်။ ဒီကားထွက်လာရင်တော့ ဒုက္ခပဲ။ ငါတို့က ထင်တာလုပ်ထားတာဆိုတော့ အဲဒီလိုမျိုးတွေ တွေးပူနေတာ။ ဒါပေမဲ့ ထွက်လာတဲ့အချိန်မှာ ပရိသတ်က အရမ်း အရမ်းကြိုက်ကြတယ်ဆိုတော့ ပြောမပြတတ်အောင် ဝမ်းသာပါတယ်။ ပရိသတ်အားပေးမှုတွေ့ရတော့မှ အလုံး ကြီးကျသွားတာ။

Voice : တစ်ကားလုံး အဲဒီအသံနဲ့ ပြောရတော့ အခက်အခဲဘာတွေဖြစ်မလဲ။
MM : အခက်အခဲက အဲဒီအသံနဲ့ ပြောရတော့ စကားပြောတာနဲ့ အသက်အောင့်ပြီးပြောရတာ။ စကားတွေ အရှည်ကြီးပြောရရင် မောတယ်။ အဓိက အဲဒီအသံနဲ့ပြောဖို့အတွက် ကျွန်တော် အိုင်ဒီယာ ပေးလိုက်တာကို ဒါရိုက်တာက လုပ်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

Voice : ပရိသတ်တွေကြားမှာ အခု ဂျင်းကောင်ဆိုပြီး အင်္ကျီတွေထုတ်ကြတဲ့ အထိအောင်မြင်နေတော့ အဲဒီအပေါ် ခံစားချက်က ဘယ်လိုဖြစ်နေလဲ။
MM : အဲဒီပီတိကတော့ ဘာနဲ့မှ မလဲနိုင်ဘူး။ ကျွန်တော့်ရဲ့ အနုပညာ သက်တမ်းတစ်လျှောက်မှာ လည်း တစ်ခါမှလည်း အဲဒီလိုမျိုးအင်္ကျီတွေ ဘာတွေထုတ်ရလောက်အောင်လည်း မဖြစ်ခဲ့ဘူး။ အင်္ကျီတွေ ထွက်လာတာမတွေ့ဘူး။ အခုပထမဆုံးအကြိမ်ဆိုတော့ အရမ်း အရမ်းကို ပျော်ပါတယ်။

Voice : ကာရိုက်တာတွေကို ဘယ်လိုမျိုး ပြင်ဆင်လေ့ရှိလဲ။
MM : အဓိက ကျွန်တော်လုပ်ရမယ့် ကာရိုက်တာတွေနဲ့လိုက်အောင် အဝတ်အစားတွေ အရင်ဆုံး စီစဉ်တယ်။ ပြီးရင် ကာရိုက်တာအတွက်ပီပြင်အောင် ပြင်ဆင်ဖြစ်တယ်။

Voice : ဇာတ်ကားလက်ခံမှုပုံစံမှာ အပြောင်းအလဲလေးတွေရှိလား။
MM: အပြောင်းအလဲတွေ ရှိလာပါတယ်။ အခုနောက်ပိုင်းမှာ ကျွန်တော့်အတွက် တကယ်ကို စိတ်ကြိုက် ဖြစ်မယ့် ဇာတ်ကားတွေကိုပဲ ရိုက်ကူးဖြစ်နေတယ်။

Voice : ပထမဆုံးရုပ်သံဇာတ်လမ်းတွဲ လက်ခံဖြစ်ပုံကိုပြောပြပါဦး။
MM : အဓိက ကျွန်တော် အတွေ့အကြုံ လိုချင်တာပါတယ်။ ရုပ်သံဇာတ်လမ်းတွဲရိုက်ရင် ဘယ်လို ခံစားချက်ဖြစ်မလဲဆိုတာ သိချင်တာလည်းပါတယ်။ နောက်တစ်ခုက ဇာတ်ကိုကြိုက်တာလည်း ပါတယ်။

Voice : အနုပညာသက်တမ်းတစ်လျှောက်မှာ ပထမဆုံးရုပ်သံဇာတ်လမ်းတွဲစရိုက်မှာဆိုတော့ ရင်ခုန်သံ ဘယ်လို ဖြစ်နေလဲ။
MM : ရင်ခုန်ပါတယ်။ ဘာပဲဖြစ်ဖြစ် အတွေ့အကြုံအသစ်ဆိုတော့ ပိုပြီးရိုက်လို့ ကောင်းမယ် ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အချိန်လည်းအများကြီးပေးပြီးရိုက်ရမှာ။ ဇာတ်ကလည်း ဆန်းပါတယ်။

Voice : နောက်ထပ်ရုပ်သံဇာတ်လမ်းတွဲ လက်ခံသွားဖို့ရှိလား။
MM : ဒါကတော့ အခြေအနေအရပဲဗျာ။ အဓိကတော့ ဇာတ်လမ်းပေါ်မှာလည်း မူတည်ပါတယ်။ ကျွန်တော် ဇာတ်ကြိုက်ရင် ရိုက်ဖြစ်မှာပါ။

Voice : အနုပညာရှင်တွေ စီးပွားရေး လုပ်နေကြတော့ ကိုယ်တိုင်စီးပွားရေးလုပ်ဖို့ အစီအစဉ်ရှိလား။
MM : လောလောဆယ်တော့ စီးပွားရေးလုပ်ဖို့က ဘာအစီအစဉ်မှ မရှိသေးဘူး။

Voice : ဒီနှစ်ထဲမှာ ရုံတင်မယ့်ကားတွေရှိတော့ အကယ်ဒမီရင်ခုန်သံပြောပြပါဦး။
MM : အကယ်ဒမီရင်ခုန်သံက ပရိသတ်ပေးတဲ့အကယ်ဒမီနဲ့တင် တော်တော်လေးဝမ်းသာပြီး ကျေနပ် နေပါပြီ။ အစည်းအရုံးကပေးတဲ့ အကယ်ဒမီကတော့ အဓိကကံပါပဲ။ ကျွန်တော်တို့ဘက်က အကောင်းဆုံး ဖြစ်အောင် ကြိုးစားတယ်။ ရခြင်း မရခြင်းကတော့ ကံပါပဲလို့ပြောချင်ပါတယ်။

Voice : ပရိသတ်ကို ဘာများဖြည့်စွက်ပြောချင်လဲ။
MM : ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။ ဒါတကယ်ကို ကျွန်တော့် ရင်ထဲကလာတဲ့ စကားပါ။ နောက်လည်းအားပေးပါလို့ ပြောချင်ပါတယ်။

 

ဆုအိနြေ္ဒဦး

 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *