FDI အမှန်ရင်းနှီးမြှုပ်နှံမှုပမာဏ စက်တင်ဘာတွင် စကောက်မည်

ရန်ကုန်၊ ဇူလိုင် ၁၃

 

နိုင်ငံအတွင်းလုပ်ငန်းလည်ပတ်ရန် အမှန်တကယ်ရင်းနှီးထည့်ဝင်သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏ (Actural Investment Inflow) ကို လာမည့်စက်တင်ဘာလတွင် စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ ညွှန်ကြားရေးမှူးဦးကျော်ဝင်းထွန်းက ပြောကြားသည်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏကို စာရင်းထုတ်ပြန်ရာတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်သည့် လုပ်ငန်းတစ်ခု၏စုစုပေါင်းရင်းနှီးမြှုပ်နှံမှု (Total Investment Inflow) ပေါ်တွင် အခြေခံကာ ထုတ်ပြန်နေခြင်းဖြစ်ပြီး အမှန် တကယ်ထည့်ဝင်ထားသည့် တန်ဖိုးပမာဏကို ထုတ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။

ထို့ကြောင့် အဆိုပါ အမှန်ရင်းနှီးမြှုပ်နှံမှုစာရင်း အချက်အလက်များရရန် ရင်းနှီးမြှုပ်နှံမှုအကြီးမားဆုံးကုမ္ပဏီ ၁၀၀ ကို ရှေ့ပြေး စီမံချက်(Pilot Project) အဖြစ် ကောက်ခံသွားမည်ဖြစ်ပြီး လာမည့် နှစ်တွင် ကုမ္ပဏီများတိုးချဲ့ ကောက်ခံသွားမည်ဖြစ်သည်။

“ဒီ Pilot Project ကို ဒီနှစ်ထဲ စလုပ်သွားမယ်။ လက်ရှိ ဘာတွေပြီးသွားပြီလဲဆိုတော့ ကျွန်တော်တို့ဝန်ကြီးဌာနနဲ့ ဆက်နွှယ်တဲ့ ဌာနက ဝန်ထမ်းတွေကို သင်တန်းတွေပေးနေတယ်။ လာမယ့်စက်တင်ဘာကစတင်ပြီး ကုမ္ပဏီတွေ ရွေးချယ်ကောက်ခံ သွားမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါစီမံချက်ကို အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏နည်းပညာအကူအညီဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

လက်ရှိတွင် အမှန်ရင်းနှီးမြှုပ်နှံမှုပမာဏကို ကုမ္ပဏီများက တင်ပြသည့် အစီရင်ခံစာများပေါ်တွင် မူတည်ကောက်ခံ သော်လည်း စာရင်းထုတ်ပြန်ခြင်းမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဆန်းမြင့်က ဆိုသည်။

အမှန်ရင်းနှီးမြှုပ်နှံမှုပမာဏ ထုတ်ပြန်နိုင်ပါက တိုင်းပြည်အတွင်း အမှန်တကယ်စီးဝင်သည့် နိုင်ငံခြားငွေကြေးပမာဏကို တိတိ ကျကျတွက်ချက်နိုင်ပြီး စီးပွားရေးဆိုင်ရာမူဝါဒနှင့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ဇူလိုင် လလယ်အထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၉၃ ခု၊ ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ သုံးဘီလီယံခန့် (၂၇၆၈ဒသမ ၅၂၅ သန်း) ခွင့်ပြုပေးခဲ့ပြီဖြစ်သည်။ 

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *