အချိန်သိပ်မကျန်

မြန်မာနိုင်ငံသည် ဒီမိုကရေစီအပြောင်းအလဲကို သွေးထွက်သံယို အနည်းဆုံးနှင့် ချီတက်နိုင်သည်မှာ ဘက်မတူသော အလယ်အလတ်သမားတို့  လက်ဆွဲနှုတ်ဆက်နိုင်ခဲ့သောကြောင့်ဖြစ်သည်။ မြန်မာ့ဒီမိုကရေစီ၏ မနက်ဖြန်ကို မြန်မာ့အလယ်အလတ်သမားတို့၏ ယနေ့နေရာက အဆုံးအဖြတ်ပေးမည်။

အဖွဲ့အစည်းလိုက်ကြည့်လျှင် မည်သည့်အဖွဲ့အစည်းသည် သဘောထားတင်းမာသည့် အဖွဲ့အစည်းဟု ပြောမရပါ။ အစိုးရ၊ NLD ၊ ၈၈ မျိုးဆက်၊ တပ်မတော်၊  USDP၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ ပြည်ပရောက် အတိုက်အခံများ စသည့် အဖွဲ့အစည်းတိုင်းလိုလိုတွင် သဘောထားတင်းမာသူနှင့် အလယ်အလတ်သမားတို့ နှစ်မျိုးလုံး ပူးတွဲတည်ရှိနေမြဲ။ သို့သော် သဘောထားတင်းမာသူတို့ အရာရောက်ကြီးစိုးနေပြီး အလယ်အလတ်သမားတို့ ခပ်ကုပ်ကုပ် နေရလျှင်မူ ထိုအဖွဲ့အစည်းသည် သဘောထားတင်းမာသည့် အဖွဲ့အစည်း အသွင်ဆောင်လာနိုင်သည်။

သဘောထားတင်းမာသူတို့သည် နိုင်ငံရေး၊ အယူဝါဒ အစွန်း ရောက်ကြသည်။ ‘with us or against us’ ‘ငါနှင့်မတူ ငါ့ရန်သူ’  သဘောထားရှိသည်။ စကားပြောဆိုခြင်း၊ စေ့စပ်ညှိနှိုင်းခြင်းကို မသုံးလို။  အင်အားကိုသာ သုံးလိုကြသည်။ ထိပ်တိုက်ရင်ဆိုင်လိုကြသည်။  လေထန် သည်၊ ဓားကြိမ်းကြိမ်းကြသည်။ သဘောထား မတိုက်ဆိုင်သူတို့ကို ‘ကျူပင်ခုတ် ကျူငုတ်မကျန်’ အပြတ်ရှင်းလိုကြသည်။ ‘တူဖြစ်လျှင်နှံ၊  ပေဖြစ်လျှင်ခံ’ မည့်သူများဖြစ်သည်။

အလယ်အလတ်သမားတို့သည် အစွန်းမရောက် မျှတသော သဘောထားရှိသည်။ သဘောထားမတိုက်ဆိုင်ခြင်းကို ကြိုက်ချင်မှ ကြိုက်မည်ဖြစ်သော်လည်း လက်ခံသည်။ ရန်သူ၊ ပြိုင်ဘက်၊ သဘောထား မတူသူတို့နှင့် စားပွဲဝိုင်းတွင် တွေ့ဆုံဆွေးနွေးလိုကြသည်။ အင်အားရှိ ကောင်းရှိမည်ဖြစ်သော်လည်း အင်အားကို တတ်နိုင်လျှင် မသုံးလိုကြ။  မနိုင်သောကြောင့် အလျှော့ပေးခြင်းမျိုးမဟုတ်ဘဲ ကိုယ်က အင်အားကြီးလျှင်ပင် အလျှော့ပေးသော သည်းခံခြင်းမျိုးဖြစ်သည်။ ပေဖြစ်သောကြောင့် ခံရသော်လည်း တူဖြစ်လျှင် ပြန်မနှံမည့် သဘောထားရှင်များ ဖြစ်သည်။

အလယ်အလတ်ဝါဒီတို့သည် နည်းလမ်းပိုင်းတွင် ပြုလွယ်ပြင်လွယ် ရှိကြသည်။ အမိမြန်မာပြည် ကောင်းစားရေးသာဆိုလျှင် ရန်သူနှင့်လည်း  လက်ဆွဲနှုတ်ဆက်နိုင်သည်။ တူညီသည်များ အလေးဂရုပြုသလို မတူညီသည်များကို ချပြဆွေးနွေးနိုင်ကြသည်။ သဘောထားတင်းမာသူတို့ကမူ  တရားသေသမားများဖြစ်ရာ နည်းလမ်းတို့သည် တစ်သမတ်တည်းသာ။

အုပ်စုတစ်စုနှင့် ပြိုင်ဘက်အုပ်စုတစ်စုမှ သဘောထားတင်းမာသူတို့သည် ရန်သူများဖြစ်သော်လည်း အကျိုးတူစီးပွားဖက်များ ဖြစ်နေတတ်သည်။ ပြိုင်ဘက်အုပ်စုမှ သဘောထားတင်းမာသူတို့ကို လက်ညှိုးထိုးပြကာ အခြားအုပ်စုမှ သဘောထားတင်းမာသူတို့က သူတို့အုပ်စုတွင်းတွင်  ဗိုလ်ဝင်ခံနိုင်သည်။ တစ်ဖက်အုပ်စုမှ သဘောထားတင်းမာသူတို့၏  အကြမ်းပတမ်းလုပ်ရပ်များကိုပြကာ  ‘ဒီကောင်တွေ ဒါနဲ့ပဲတန်တယ်’  ဟူသော အပြောတို့ဖြင့် ကိုယ့်အုပ်စုကို ကိုယ်ပြန်စည်းရုံးနိုင်သည်။ အုပ်စုတစ်စုတွင်း သဘောထားတင်းမာသူတို့ ကြီးစိုးသွားလျှင် အခြားပြိုင်ဘက် အုပ်စုများတွင်လည်း ဒိုမီနိုသဘောတရား (Domino Effect) ဖြင့်  သဘောထားတင်းမာသူတို့ တက်လာမည်။ နောက်ဆုံးတွင် Institution အားလုံးတွင် သဘောထားတင်းမာသူတို့ ဦးဆောင်ကြလိမ့်မည်။ ထိုအခါ တိုင်းပြည်ပျက်ပြီ။

‘တင်းမာသူနှင့် အလယ်အလတ်သမားတို့ မည်သူအားကောင်းသနည်း’ သည် ရေခံမြေခံနှင့်ဆိုင်သည်၊ တိုင်းပြည်စီးပွားရေး အခြေအနေနှင့်လည်းဆိုင်သည်။ ပထမကမ္ဘာစစ်အပြီး စစ်ရှုံးဂျာမနီနိုင်ငံကို စစ်နိုင်နိုင်ငံများက စစ်လျော်ကြေးမတန်တဆတောင်း၊ နယ်မြေများသိမ်းပြီး ဖိနှိပ်ထားသောကြောင့် စီးပွားရေး တရားလွန်တရားမင်းကျပ်တည်းခဲ့ရာ ပြည်သူတို့ စိတ်ချဉ်ပေါက်ပြီး သဘောထားတင်းမာသူ ဟစ်တလာနှင့်  အပေါင်းအပါနာဇီတို့ကို စုပြုံထောက်ခံကြသည်။ စစ်အပါအဝင် ပဋိပက္ခတို့သည် သဘောထားတင်းမာသူတို့အတွက် ရေခံမြေခံကောင်းဖြစ်သည်။ ပဋိပက္ခဖြစ်လျှင် အုပ်စုတစ်စုအတွင်းမှ ‘သတ်မည်၊ ဖြတ်မည်’ သဘောထားတင်းမာသူတို့ကို ထောက်ခံမှုတိုးပွားကြပြီး အလယ်အလတ်သမားတို့သည် လူပျော့များ၊ ရွှေပြည်အေးသမားများအဖြစ် နောက်ရောက်ကြသည်။ မြန်မာပြည်သည် နိုင်ငံရေးယဉ်ကျေးမှုအရရော၊ ပဋိပက္ခများ များပြားသည့်သဘောအရရော ကြည့်လျှင် သဘောထားတင်းမာသူတို့ အတွက် ရေခံမြေခံကောင်းရှိနေသည်။
အစိုးရတစ်ရပ်ကို ရွေးကောက်ပွဲဖြင့်တင်မြှောက်နိုင်ပြီး အစိုးရတစ်ရပ်ကိုပင် ရွေးကောက်ပွဲဖြင့် ဖြုတ်ချနိုင်ခြင်းသည် ဒီမိုကရေစီနိုင်ငံတို့၏ ကြန်အင်လက္ခဏာဖြစ်ရာ ၂၀၁၅ ရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီလမ်းခရီး၏ အဓိကအချိုးအကွေ့ဖြစ်ခဲ့သည်။ ၂၀၁၅ အကြိုကာလတွင် တိုင်းပြည်အတွက် အဓိကကျသော အဖွဲ့အစည်းကြီးများတွင် အလယ်အလတ်သမားများသည် အထက်စီးရခဲ့သည်။ ယင်းတို့၏ သဘောထားသည် အဖွဲ့အစည်း၏သဘောထားဖြစ်ခဲ့သည်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စတွင် သဘောထားမတူညီသည်များရှိသော်လည်း ၂၀၁၅ ရွေးကောက် ပွဲဖြင့် အာဏာအလွှဲအပြောင်းကို ဆုံးဖြတ်စေလိုကြခြင်းတွင်မူ သဘော ထားတိုက်ဆိုင်သည်။ တိုင်းပြည်တွင် တော်လှန်ရေးထက် တည်ဆောက်ရေး အရေးကြီးသည်ကိုလည်း လက်ခံကြသည်။ ထိပ်တိုက်ရင်ဆိုင်ခြင်းထက်  စေ့စပ်ဆွေးနွေးခြင်းကို သဘောကျကြသည်။ ထိုစဉ်ကဖြစ်ပွားသော  တိုက်ပွဲများတွင်ပင် စားပွဲဝိုင်းကို သက်ဆိုင်ရာ ပါဝင်ပတ်သက်သူတို့က  လက်မလွှတ်လိုကြ။ ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် ထိပ်တန်းရောက်လာသူတို့  ကိုယ်တိုင်ပင် ထိပ်တိုက်ရင်ဆိုင်ခြင်းကို ‘Second-Best Strategy’ ‘ဒုတိယတန်းစားဗျူဟာ’ အဖြစ် သတ်မှတ်လာကြပုံရခဲ့သည်။ ထို့ကြောင့် လည်း ၂၀၁၅ရွေးကောက်ပွဲဖြစ်မြောက်ကာ အနိုင်ရလာသူများက အစိုးရ ဖွဲ့နိုင်ခဲ့ကြခြင်းဖြစ်သည်။

ယခုမူ ထိုအစိုးရသက်တမ်း တစ်နှစ်ကျော်ပြီ။ ‘စောင့်ကြည့်ကာလ’ ကျော်လွန်ပြီဖြစ်ရာ ယခုအချိန်သည် အဖွဲ့အစည်းအသီးသီးက နိုင်ငံ့အခြေအနေ၊ မိမိအဖွဲ့အစည်းအခြေအနေ၊ မိမိအဖွဲ့အစည်းကိုယ်စားပြုသည့် လူအများ၏ အခြေအနေကိုကြည့်ပြီး ကိုယ်ယုံကြည်သော လမ်းကြောင်းကို လျှောက်တော့မည့် ကာလဖြစ်သည်။ ထိုယုံကြည်သော လမ်းကြောင်းများသည် တစ်နေရာတွင် မစုဆုံနိုင်သည့်လမ်းကြောင်းများဖြစ်လျှင် ဖြစ်တည်စနိုင်ငံအတွက် အန္တရာယ်ကြီးပါသည်။  မြန်မာ့အကျိုးစီးပွားကိုလိုလားသည့် အလယ်အလတ်သမားများ၏သဘောထားက ရှေ့ရောက်မှသာ လမ်းကြောင်းများသည် တစ်နေရာတွင်  စုဆုံမည်ဖြစ်သည်။

လောလောဆယ်တွင် ပြုပြင်ပြောင်းလဲရေးအရှိန်ကြောင့် အလယ်အလတ်သမားများ၊ အလယ်အလတ်သဘောထားများသည် အားကောင်းနေဆဲဖြစ်သည်။ သို့သော်လည်း တိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊  လူမှုရေး၊ ငြိမ်းချမ်းရေးတို့တွင် ရှေ့မတိုးသည့်အပြင် နောက်ဆုတ်နေပါက  သဘောထားတင်းမာသူများ ဘေးရောက်နေရာမှ ဗဟိုသို့ရောက်လာဖွယ် (from fringe to mainstream) ရှိသည်။
သဘောထားတင်းမာသူတို့သည် မြန်မာ့သမိုင်းအချိုးအကွေ့ကာလများတွင် အသာရလေ့ရှိသည်။ ယနေ့သည်လည်း မြန်မာနိုင်ငံသည် သဘောထားတင်းမာသူတို့ ရှင်သန်ပွားများသည့် ရေခံမြေခံဖြစ်နေဆဲ။ အချိန် သိပ်မကျန်တော့။ 

ဇေယျသူ

You may also like...

Leave a Reply

Your email address will not be published. Required fields are marked *